ဆောင်းပါး

ရေအားလျှပ်စစ်စီမံကိန်းနဲ့ ကျယ်လောင်လာတဲ့ ဆန့်ကျင်သံများ

ရေကာတာနဲ့ ရေအားလျှပ်စစ်စီမံကိန်း ဆန့်ကျင်တဲ့တက်ကြွလှုပ်ရှားသူတွေဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ အစည်းအဝေးကြီးတစ်ခုမှာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်သူတွေ၊ အစိုးရ အရာရှိတွေ၊ စီးပွားရေးကုမ္ပဏီကိုယ်စားလှယ်တွေနဲ့ မျက်နှာချင်းဆိုင်ပြီး သူတို့ရဲ့ရင်ထဲမှာရှိနေတဲ့ မယုံကြည်မှု၊ မကျေနပ်မှု ခံစားချက်အသီးသီးကို ချပြပြီး ဆွေးနွေးငြင်းခုံနေကြပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့ ဆွေးနွေးပွဲရောက် တက်ကြွလှုပ်ရှားသူတွေဟာ ရှမ်း၊ ကယားပြည်နယ်က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို ကိုယ်စားပြုသူတွေပါ။

ဘီလူးချောင်းအမှတ်(၁) စက်ရုံဝန်းကျင်မှာရှိတဲ့ ရှမ်းရွာရဲ့ အုပ်ချုပ်ရေးမှူးဦးသိန်းဇံက မီးခွက်နဲ့ နေထိုင်ခဲ့ရတဲ့ ဒေသခံတွေထဲက အများအပြား လျှပ်စစ်ဓာတ်အား ရလာတဲ့အတွက် လူနေမှု အဆင့်အတန်း မြင့်မားလာတယ်၊ ရေအားလျှပ်စစ်စီမံကိန်းတွေဟာ အဲဒီလို ကောင်းကျိုး ရှိသလို ပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာမျိုးလို ဆိုးကျိုးတွေလည်း ရှိကြောင်း ပြောပါတယ်။

“ရှမ်းပြည်သံလွင်မြစ်မှာ ရေကာတာတည်ဆောက်မယ်ဆိုရင် ရှမ်းပြည်၊ ကယားပြည်မှာရှိတဲ့ ရပ်ရွာတွေ အားလုံး ရေလွှမ်းမိုးသွားမယ်လို့ ပြောကြတယ်၊ ကန့်ကွက်ချင်ကြတယ်လို့ ကြားတယ်၊ ကျွန်တော်တို့အနေနဲ့ ဆိုလည်း ထပ်မဆောက်စေချင်ဘူး” လို့ ဦးသိန်းဇံက ပြောပါတယ်။

ဦးသိန်းဇံလိုပဲ အနာဂတ်ရေအားလျှပ်စစ်စီမံကိန်းတွေ ရေရှည်တည်တံ့နိုင်စေရေး အစီအစဉ်ရေးဆွဲတဲ့အခါ ဆုံးဖြတ်ချက်ချသူတို့ကို ကူညီနိုင်မယ့် ဒီဆွေးနွေးပွဲမှာ တက်ရောက်လာသူတွေက စီမံကိန်းရဲ့အားသာချက်၊ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ကြတာတွေ့ရပါတယ်။ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးစီမံကိန်းတွေကို ဆန့်ကျင်သူတွေရဲ့ အသံကတော့ ပိုပြီးကျယ်လောင်လာနေပါပြီ။

လတ်တလော လည်ပတ်နေတဲ့ ရေအားသုံး ဓာတ်အားပေးစက်ရုံတွေကလည်း နိုင်ငံအတွက် မရှိမဖြစ် အရေးပါတဲ့ အနေအထားမှာ ရှိပါတယ်။ ဓာတ်အား ပိုမိုလိုအပ်လာချိန်မှာ မျက်စိကျလာကြတာကလည်း ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရေးပဲ ဖြစ်နေပါတယ်။

လျှပ်စစ်လိုအပ်ချက်နဲ့ စွမ်းအင်ရင်းမြစ်

တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီး မရတဲ့ အိမ်ထောင်စုပေါင်း ၆၃ ရာခိုင်နှုန်းရှိတယ်လို့ ဖေဖော်ဝါရီ ၉ ရက်နေ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံးရဲ့ လျှပ်စစ်သုံးစွဲမှုက ၂ဝ၁၅ မှာ ယူနစ်သန်းပေါင်း ၁၃,ဝဝဝ နီးပါး ရှိပြီး ၂ဝ၁၆ မှာတော့ သန်း ၁၅,ဝဝဝ နီးပါး ရှိလာပါတယ်။

လိုအပ်နေတဲ့ဓာတ်အားကို ရေအား၊ သဘာဝဓာတ်ငွေ့၊ ဇီဝပစ္စည်းလောင်စာ၊ နေရောင်ခြည်၊ ဒီဇယ်၊ ကျောက်မီးသွေ စွမ်းအင်တွေက ထုတ်လုပ်နေတာပါ။

မြန်မာ့လျှပ်စစ်ကဏ္ဍ စုစုပေါင်းထုတ်လုပ်မှုရဲ့ လေးပုံသုံးပုံကို ရေအားကနေ ရရှိကြောင်း ကမ္ဘာ့ဘဏ်ရဲ့စာရင်းများမှာ ဖော်ပြထားပါတယ်။

အကောင်အထည်ဖော်မယ့် ရေအားလျှပ်စစ် စီမံကိန်းများနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ကမ္ဘာ့ဘဏ်ရဲ့ အဖွဲ့ခွဲ နိုင်ငံတကာငွေကြေးစီမံခန့်ခွဲခြင်းဆိုင်ရာအဖွဲ့အစည်း (International Finance Corporation – IFC) တို့ ပူးပေါင်း ပြုလုပ်ခဲ့ကြပါတယ်။ လဆန်းပိုင်း လွိုင်ကော်မှာ တွေ့ခဲ့ရတဲ့ ဆွေးနွေးပွဲကတော့ အဲဒီထဲက တစ်ခုပါပဲ။

IFC ရဲ့ဆက်သွယ်ရေးအရာရှိ တစ်ဖနီဟက်ကာနော့စကီက ဆွေးနွေးပွဲဟာ ရေအားလျှပ်စစ်ကဏ္ဍအတွက် မဟာဗျူဟာမြောက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်မှု (Strategic Environmental Assessment – SEA) ကို ရေးဆွဲနိုင်ဖို့ ရည်ရွယ်ကြောင်း ပြောပါတယ်။ သို့သော်လည်း IFC ဟာ နာမည်ကျော် မြစ်ဆုံစီမံကိန်း၊ ဧရာဝတီနဲ့ သံလွင်မြစ်ပေါ်က ရေအားလျှပ်စစ်စီမံကိန်းတွေမှာ တခြား ဘယ်အခန်းကဏ္ဍကနေမှ ပါဝင်မှာ မဟုတ်သလို၊ ညှိနှိုင်းဆောင်ရွက်ပေးတာတွေလည်း ပြုလုပ်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

SEA အကြံပြုဖော်ပြချက် နောက်ဆုံးအစီရင်ခံစာကို လာမယ့်အောက်တိုဘာမှာ ထုတ်ပြန်သွားမယ်လို့ IFC အကြီးတန်းအရာရှိတစ်ဦးဖြစ်တဲ့ ကိတ်လာဇရုစ်ကပြောပါတယ်။

ဒေသခံတို့ရဲ့ ပူပန်ချက်

လောပိတ ရွာပေါင်း ၁၇ ရွာထဲက ရှမ်းရွာဟာဘီလူးချောင်းအမှတ်(၁)စက်ရုံအနီး တည်ရှိပါတယ်။ ရွာနောက်ဘက်မှာတော့ တောင်ကတုံး ဖြစ်လုနီးပါးအခြေအနေကို မြင်နေရပါတယ်။

ရှမ်းရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဇံက ဒေသ စိုက်ပျိုးရေးဟာ ဘီလူးချောင်းရေကို အားထားခဲ့ရပေမယ့် ရေအားလျှပ်စစ်စီမံကိန်း ဖောင်ဆောင်ပြီးတဲ့ နောက်ပိုင်းမှာ ရေမလုံလောက်တော့တဲ့အတွက် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရာကနေ တောပြုန်းလာရတယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲရောက် ကယားပြည်နယ်ဒေသခံ ဦးသက်တင်ကလည်း ဓာတ်အား စီမံကိန်းကိန်းအတွက် ရေကာတာ တည်ဆောက်ရေးကို လုံးဝ ကန့်ကွက်သူတစ်ဦး ဖြစ်ပါတယ်။

“သံလွင်မြစ်မှာ ရေကာတာ ၇ စင်း ဆောက်မှာလေ၊ ရေမြုပ်ဧရိယာက ဘယ်လောက်လဲ၊ အဲ့ဒီမှာတောတွေ၊ သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်၊ နောက်ပြီးတော့ ဒေသဆိုင်ရာ ယဉ်ကျေးမှုရိုးရာတွေ ဘယ်လောက် ပျက်စီးသွားမလဲ ဆိုတဲ့ အချက်အလက်ကို ကျွန်တော်တို့ပြည်သူတွေကို ချမပြဘူး၊ အခုဆောက်မယ်ပြောတဲ့ စီမံကိန်းတွေအတွက် ကျေးရွာတွေဆင်းပြီး ရွာသူရွာသားတွေရဲ့ ထောက်ခံချက်ကို သူတို့မယူထားဘူး” လို့ ဦးသက်တင်က ပြောပါတယ်။

“လူအနည်းစုဆီကပဲ သဘောထားတွေ၊ မှတ်ချက်တွေယူလို့ အဆင်မပြေဘူး”

လွိုင်ကော်ဆွေးနွေးပွဲရောက် ကရင်နီပြည်နယ်လူငယ်များသမဂ္ဂ ဗဟိုကော်မတီဝင် ကိုဥတ္တရာအောင်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးမှု ခရီးမရောက်ခင် စီမံကိန်းကြီးတွေ အကောင်အထည် မဖော်သင့်ဘူး၊ စီမံကိန်းကြောင့် ဆိုးကျိုးတွေ ပေါ်ပေါက်လာရင် လက်နက်ကိုင်အဖွဲ့တွေက လက်နက်နဲ့ဖြေရှင်းကြမယ့် အလားအလာ ရှိတယ်လို့ ယူဆပါတယ်။

“ငြိမ်းချမ်းရေးအပြီးသတ်ဆွေးနွေးပွဲတွေ လက်မှတ်မထိုးရသေးဘဲနဲ့ ကြီးမားတဲ့ ဆိုးကျိုး ဖြစ်လာနိုင်တဲ့ စီမံကိန်းတွေ မလုပ်စေချင်သေးဘူး၊ ဆိုးကျိုးတွေ ဖြစ်လာရင် ဒေသခံတွေပဲ ခံစားကြရမှာပါ” လို့ ကိုဥတ္တရာအောင်က လွိုင်ကော်ရောက် သတင်းထောက်တွေကို ပြောပါတယ်။

ရှမ်းပြည်နယ်မြို့ တောင်ကြီး အခြေစိုက် တရားဥပဒေစိုးမိုးရေးကွန်ရက်က တာဝန်ရှိသူ ကိုဝင်းနိုင်စိုးကတော့ ရေအားလျှပ်စစ်စီမံကိန်းတွေကို ဘယ်နှခုနှစ်မှာ အပြီးတည်ဆောက်မယ် ဆိုတာတွေကို ချမှတ်ပြီးမှ ဒီဘက်မှာ SEA အတွက် ပြန်လုပ်နေတာ သဘာဝ မကျဘူးလို့ ပြောပါတယ်။

“သဘာဝပတ်ဝန်းကျင်၊ ဒေသခံပြည်သူတွေရဲ့ ပြန်လည်ထူထောင်ရေးတွေ၊ စားဝတ်နေရေးတွေကို မစီမံနိုင်သေးဘဲနဲ့ ဒီလိုအကြီးကြီးတွေ ဆောက်မယ်ဆိုရင် လက်မခံနိုင်ဘူး၊ ဆိုးကျိုး ဘယ်လောက်ရှိမလဲ ဆိုတာ မခန့်မှန်းနိုင်ဘူး၊ စင်ကာပူလောက်ကြီးတဲ့ ရေဝပ်ဧရိယာဖြစ်မယ်လို့ ခန့်မှန်းကြတယ်၊ သံလွင်မှာ နောက်ထပ်ဆောက်မယ့် ရေကာတာတွေနဲ့ဆိုရင် ရှမ်းပြည်နယ်ဟာ ရေထဲမှာ တော်တော်များများ မြှုပ်သွားမယ်” လို့ ကိုဝင်းနိုင်စိုးက ပြောပါတယ်။

စီမံကိန်းနဲ့ ပတ်သက်ပြီး မဟာဗျူဟာရေးဆွဲခြင်း၊ မူဝါဒရေးဆွဲခြင်း၊ ဥပဒေပြဋ္ဌာန်းခြင်းအဆင့်တွေပြီးမှ ဥပဒေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကိုသာ လက်ခံလိုကြောင်း သူက ဆက်ပြောပါတယ်။

စီမံကိန်းဖြစ်မြောက်ရေး အလားအလာ

ရေလွှမ်းဧရိယာဟာ ဒေသခံတွေ ယူဆသလောက် ကြီးမားမယ် မဟုတ်ဘူးလို့ ဘီလူးချောင်း(၃) စက်ရုံက ပညာရှင်တစ်ဦးက ယူဆပါတယ်။

“လွိုင်ကော်မြို့ရဲ့ ပင်လယ်ရေမျက်နှာပြင်အမြင့်က ပေ ၃,ဝဝဝ နီးပါးပေါ့၊ ပေ ၅ဝဝ တမံတည်ရင် တမံထိပ်က ပေ ၈၅ဝ ပဲ ရှိမယ်။ တကယ် ဆောက်မယ်ဆိုရင် သံလွင်က အမြင့်ကြီး ဆောက်လို့ရတယ်။ စက်မောင်းကောင်းအောင်လောက်ပဲ ဆောက်တာကြောင့် အများထင်နေသလို စင်ကာပူလောက်ရှိတဲ့ ရေလွှမ်းလွင်ပြင် မဖြစ်နိုင်ပါဘူး” လို့ ပြောပါတယ်။

လောပိတရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ ဘီလူးချောင်းအမှတ်(၃)စက်ရုံက ပညာရှင်တစ်ဦးဖြစ်သူကလည်း ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တို့က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဟာ ကုန်ကြမ်း အမြဲတမ်း လုံလုံလောက်လောက် ရမယ်လို့ အာမ မခံနိုင်ကြောင်း၊ ကိုယ့်လက်ထဲမှာ အသင့်ရှိနေတဲ့ ရေအားကို ပိုမို အသုံးချပြီး လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်သင့်ကြောင်း သုံးသပ်ပါတယ်။

လတ်တလော SEA အစီရင်ခံစာ ရေးဆွဲနိုင်ဖို့ ပြင်ဆင်နေဆဲကာလမှာ အကြီးစားရေအားလျှပ်စစ် စီမံကိန်းတွေကို ရပ်နားထားရပါပြီ။

SEA ထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့ ကာလအခြေအနေအရ တောင်းဆိုလာတဲ့အပေါ်မူတည်ပြီး ချုပ်ထားပြီးသား စာချုပ်ထဲက အချက်အလက်တွေကို ပြောင်းလဲပြင်ဆင်သွားနိုင်ပါတယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်

ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုညွှန်မှူး တစ်ဦးဖြစ်တဲ့ ဦးရဲဆွေက ပြောပါတယ်။

လျော်ကြေး မပေးရအောင်လို့ သဘောတူပြီးသား အကြီးစားစီမံကိန်းတွေကို အသေးစားစီမံကိန်းတွေ အဖြစ် ပြောင်းလဲနိုင်သလို၊ အစိုးရကိုယ်တိုင်စီမံအုပ်ချုပ်တဲ့ စီမံကိန်းများအဖြစ် ပြောင်းလဲတာလည်း ဖြစ်လာနိုင်တယ်လို့ ဒုညွှန်မှူးက ရှင်းပြပါတယ်။

ဖွံ့ဖြိုးရေးအတွက် သဘာဝတရားကိုဖျက်တယ်ဆိုတာထက် ပြုပြင်၊ ပြောင်းလဲပြင်ဆင်ရမှာဖြစ်တယ်၊ ဒေသခံတွေရဲ့နားလည်မှုကိုရဖို့အတွက် သူတို့ပြစ်တင်ငြိုငြင်တာတွေကို ရဲရဲရင့်ရင့် ရင်ဆိုင်သွားမယ်လို့ ဒုညွှန်မှူး ဦးရဲဆွေက ဆိုပါတယ်။

“ဖုန်ထတာကို ကြောက်နေရင် လမ်းကောင်းရနိုင်မှာ မဟုတ်ဘူး” လို့ ဦးရဲဆွေက ပြောလိုက်ပါတယ်။ ။

(ဆောင်းပါးရှင် ခင်စန္ဒာမြင့်သည် ဖေဖော်ဝါရီလဆန်းပိုင်း ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြုလုပ်ခဲ့သည့် “မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်ကဏ္ဍနှင့် စပ်လျဉ်းသည့် ပတ်ဝန်းကျင်နှင့်လူမှုစံနှုန်းများဆိုင်ရာ မီဒီယာပို့ချမှုသင်တန်း၊ မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတို့ကို တက်ရောက်ခဲ့သည့် ရန်ကုန် အခြေစိုက် သတင်းထောက် တစ်ဦး ဖြစ်သည်။)

Show More

Related Articles

Back to top button