စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ဗိုလ်နဂါး ဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) စခန်း သုံးခုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များက ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) နံနက်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်နေကြောင်း သိရသည်။
NUG လက်အောက်ခံ ခရိုင် PDF တပ်ရင်းများသည် ယမန်နေ့ညတွင် ၎င်းတို့၏ စခန်းခွဲတစ်ခုကို စီးနင်းခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ဂိတ်စခန်း နှစ်ခုကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပစ်ခတ်စီးနင်းနေသည်ဟု BNRA ဦးဆောင်သူ ဗိုလ်နဂါးက ပြောသည်။
“ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ခရိုင်ရင်းတွေပါပဲ။ စစ်ဒေသ (၁) အောက်ကပေါ့။ အကုန်လုံးတော့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့နဲ့နီးစပ်တဲ့ ခရိုင်က တပ်ရင်းတွေ ပိုများလိမ့်မယ်လို့ ယူဆပါတယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါ စီးနင်းမှုများအတွင်း ၎င်းတို့၏တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိသလို ဖမ်းဆီးခံရသူများရှိကြောင်း၊ BNRA တပ်ဖွဲ့ဝင်များအား ဆုတ်ခွာရန် ညွှန်ကြားထားကြောင်း ၎င်းက ဆက်ပြောသည်။
“ ကျွန်တော်တို့ဘက်က ရဲဘော်တွေကိုတော့ ကျွန်တော်တို့ ပြန်ဆုတ်ခိုင်းထားတာရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒီ ရဲဘော်တွေပြန်ဆုတ်ဆိုပြီးတော့ ဂိတ်စခန်းတွေကနေ နောက်ကို ပြန်ဆုတ်ခိုင်းထားတာရှိတယ်”
“ တကယ်လို့ အတင်းလိုက်ပစ်တယ် မလွှဲမရှောင်သာ အသက်အန္တရာယ်ကိုထိခိုက်မယ့် အနေအထားကလွဲလို့ ခုခံပစ်ခတ်မှုမလုပ်နဲ့။ အဲ့ဒါလည်း သေချာမှာပြီးတော့ ပြန်ဆုတ်ခိုင်းထားပါတယ်။ ဒါပေမဲ့ ဒရုန်းဗုံးသီးနဲ့ လက်နက်ကြီးကျည်ဆန် ထိခိုက်တာတော့ ရဲဘော်တချို့ရှိတယ်လို့ပြောတယ်။ ဒဏ်ရာရတာတို့၊ သေဆုံးတာတို့ရှိတယ်လို့ ကြားသိရတယ်”ဟု ဗိုလ်နဂါးက ပြောသည်။
စီးနင်းခံရသည့်စခန်းနေရာများကို အတိအကျထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ယခင်တစ်ကြိမ်က စီးနင်းခံရသည့် စခန်းများလည်းပါဝင်သည်ဟု ၎င်းက ဆက်ပြောသည်။
မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) မှ အမည်ပြောင်းလဲ ဖွဲ့စည်းထားသည့် ဗိုလ်နဂါးဦးဆောင်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်အောက်ခံ မဟုတ်ဘဲ သီးခြားရပ်တည်နေသည့် တော်လှန်ရေးအဖွဲ့ဖြစ်ပြီး ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း လှုပ်ရှားသည်။
ပုလဲနယ်အတွင်း BNRA က ကျူးလွန်ခဲ့သည့်အမှုများနှင့်ပတ်သက်ပြီး ဖမ်းဆီးနိုင်ရန် ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန်ရှိကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
“BNRA က သူတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ၊ အမှုအခင်းတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်ဖို့ ရှိတယ်လို့တော့ သိထားပါတယ်”ဟု ၎င်းကဆိုသည်။
သို့သော်လည်း မည်သည့် အမှုနှင့်ပတ်သက်ပြီး ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
“သိပ်မကြာခင်က ဖြစ်သွားတာတွေအပြင် အရင်က ကျူးလွန်ခဲ့တာတွေလဲ ပါပါတယ် (ဖမ်းဆီးရမိသူ အရေအတွက်) ဒါတော့ လောလောဆယ် မသိရသေးပါဘူး။ ဘယ်အမှုကြောင့် ဆိုတာကို ပြောဖို့ မရှိသေးပါဘူး။ လိုအပ်ရင်ထုတ်ပြန်ပါလိမ့်မယ်”ဟု ၎င်းက ဆက်ပြောသည်။
BNRA နှင့် NUG လက်အောက်ခံ တပ်ရင်းများအကြား ပွတ်တိုက်မှုများ
ပုလဲမြို့နယ်ရှိ BNRA ၏ စစ်ဆေးရေးဂိတ်စခန်းနှစ်ခုကို ယခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက ဝင်ရောက် စီးနင်းခဲ့သည်။ ထို့နောက် သီတင်းတစ်ပတ်အကြာ (ဇန်နဝါရီလ ၁၇ ရက်)တွင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဖွင့်ထားသည့် ဂိတ်တစ်ခုကို BNRA က ပြန်လည်စီးနင်းခဲ့သည်။
ထိုသို့ ဂိတ်များအပြန်အလှန်စီးနင်းမှုအပြီး နှစ်ဖက်တပ်များအကြား ဆက်ဆံရေးတင်းမာမှုများ ရှိနေသည်။
မကြာသေးခင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညနေတွင် ယင်းမာပင်ခရိုင်၊ အမှတ် (၄) တပ်ရင်းမှ တပ်ဖွဲ့ဝင် ကိုကတုံးကို BNRA တပ်ဖွဲ့ဝင် နှစ်ဦးက ပစ်သတ်ခဲ့သည်။
ယခင်က ကျေးရွာလုံခြုံရေးအတွက် အငှားတပ်ဆင်ပေးထားသည့်သေနတ်ကို ယူဆောင်ထားသဖြင့် ပြန်တောင်းယူစဉ် ကိုကတုံးက ပစ်ခတ်သည့်အတွက် BNRA တပ်ဖွဲ့ဝင် နှစ်ဦးက ပြန်လည်ပစ်ခတ်ရာ ကိုကတုံး၏ ပေါင်နှင့် နံကြားတို့ကိုထိမှန်ကာ သွေးထွက်လွန်ပြီးသေဆုံးခဲ့ကြောင်း BNRA ဘက်က ဆိုသည်။
ထိုအမှုနှင့်ပတ်သက်၍ တော်လှန်ရေးကာလအလွန် ရွေးကောက်ခံအစိုးရရှေ့တွင် စစ်ဆေးမှုခံယူမည်ဖြစ်ပြီး လက်ရှိတွင် BNRA တပ်ဖွဲ့ဝင်အား တပ်တွင်းတရားစီရင်ရေးဖြင့် အရေးယူသွားမည်ဟု BNRA က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အရပ်ဘက်အဖွဲ့များ၊ ဥပဒေပညာရှင်များ ပါဝင်သည့် အဖွဲ့ အစည်းတစ်ခုမှ ကြားဝင် ကြားနာစစ်ဆေးပါက လက်ခံဆွေးနွေးရန်ရှိကြောင်း BNRA ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ကိုကတုံး သတ်ဖြတ်ခံရသည့်အမှုနှင့်ပတ်သက်ပြီး မည်သို့ကိုင်တွယ်ဆောင်ရွက်သွားရန်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အား မေးမြန်းရာ ရာဇဝတ်မှုများကို ကိုင်တွယ်သည့် လုပ်ထုံးလုပ်နည်းအတိုင်း ဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဟု ဦးနေဘုန်းလတ်က တုံ့ပြန်သည်။
အသတ်ခံခဲ့ရသော ကိုကတုံးသည် အသက် ၄၀ ဝန်းကျင်အရွယ်ဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေး အစောပိုင်းကတည်းက ပါဝင်ခဲ့သူဖြစ်ကြောင်းဒေသခံများထံကသိရသည်။
ကနဦးကာလ ပုလဲ PDF ဖွဲ့စည်းချိန်ကစပြီး ဗိုလ်နဂါး ဦးဆောင်သည့် မြန်မာတော်ဝင်နဂါးတပ်တော် (MRDA) တွင်လည်း ဗိုလ်နဂါးနှင့်အတူ လက်တွဲကာတိုက်ပွဲဝင်ခဲ့သူဖြစ်ကြောင်း ၎င်း၏မိတ်ဆွေက ပြောသည်။
ထို့နောက် BNRA အဖြစ် သီးခြားရပ်တည်ချိန် ဆက်လက်ပါဝင်ခြင်း မရှိတော့ဘဲ ယင်းမာပင်ခရိုင် အမှတ် (၄) တပ်ရင်းတွင် သတင်းနှင့်ထောက်လှမ်းရေး တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ ကိုကတုံးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းပေးရန် လိုလားကြောင်း အဆိုပါ မိတ်ဆွေ အမျိုးသားက ဆိုသည်။
အဆိုပါ နှစ်ဖက်တပ် ဆက်ဆံရေးတင်းမာမှုအပေါ် ပုလဲဒေသတွင်း လှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က အချင်းချင်းကြား ပဋိပက္ခများကြောင့် လူထု အားလျော့စေသည့်အတွက် နှစ်ဘက်ညှိနှိုင်းဆောင်ရွက်ကြရန် တိုက်တွန်းသည်။
“ ဘယ်ဘက်ကပဲ ကျကျ ဘယ်ဘက်ကပဲ ထိခိုက်အနာတရပဲဖြစ်ဖြစ် ရန်သူပဲဝမ်းသာမှာ။ ဘယ်သူ့ အတွက်မှ အကျိုးမရှိဘူး။ နောက်တစ်ခုက ပြည်သူက ကျီးလန့်စာစားနဲ့ နေနေရတယ်။ ရန်သူက ဘယ်တော့ဗုံးကြဲမလဲ ဘယ်တော့ပျူရွာတွေကို စစ်အင်အားတိုးချဲ့ပြီး ရန်သူက စစ်ကြောင်းထိုးဖို့တွေ လုပ်နေလဲ မျက်မြင်လည်းတွေ့ရတယ်။ ကြားနေရတယ်။ အဲ့လိုတွေကြားထဲကနေ ကိုယ့်အချင်းချင်း မစည်းလုံး မညီညွတ်ဘဲ ဒီလိုမျိုးတိုက်ခိုက်နေတာတွေက မဖြစ်သင့်ဘူး။ လူထုလည်း စိတ်ပျက် အားလျော့မှုတွေ ဖြစ်စေတယ်”ဟု PLA ပြောရေးဆိုခွင့်ရှိသူ ဒေါ်နီနီကျော်က ဆိုသည်။
“ အားလုံးကို ညီညွတ်စေချင်တယ်။ ရန်သူဝမ်းသာအလုပ်တွေကို ရပ်တန်းကနေ အမြန်ဆုံးရပ်ပြီးတော့ အချိန်မနှောင်းခင် အမြန်ဆုံးညှိနှိုင်းတိုင်ပင်ပြီးတော့ ရှေ့ဆက်ပြီးတော့ ရန်သူကိုအလဲထိုးမယ့် ထိုးစစ်ကြီးတွေမှာ ဝိုင်းဝန်းပြီးဆောင်ရွက်ဖို့ နှစ်ဘက်လုံးကိုမေတ္တာရပ်ခံပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
မကွေးတိုင်း၊ ပုံတောင်ပုံညာနှင့်ထိစပ်နေပြီး ဆက်သွယ်ရေးအရ အချက်အချာကျသည့် ပုလဲမြို့နယ်တွင် တော်လှန်ရေးအင်အားစုများက ကျေးလက်ဒေသအများစုတွင် နယ်မြေစိုးမိုးထားပြီး စစ်တပ်က မြို့ပေါ် ရပ်ကွက်များနှင့် ကန့်ဒေါင့်၊ အင်မထီး၊ မင်းတိုင်ပင်စသည့် ကျေးရွာများတွင်သာ ခြေကုပ်ယူထားသည်။
ပုလဲမြို့နယ်တွင် NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ ဗိုလ်နဂါး ဦးဆောင်သည့် BNRA နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အပါအဝင် တော်လှန်ရေးအင်အားစုများလှုပ်ရှားသည်။
ပုလဲနယ်အတွင်း စစ်တပ်ခြေကုပ်ယူထားသည့်နေရာများကို BNRAနှင့်မဟာမိတ်အဖွဲ့က ၂၀၂၄ ခုနှစ် နိုဝင်ဘာလဆန်းက လေးရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်း တိုက်ပွဲများငြိမ်သွားသည်။
ယမန်နှစ် ဇွန်လတွင် ကန့်ဒေါင့်ရွာ ရဲစခန်းကို PLA က ဦးဆောင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်။ ထိုတိုက်ပွဲတွင် PLA နှင့်အတူ ကျောင်းသားတပ် (ABSDF)၊ PDF ခရိုင်တပ်ရင်း တပ်ဖွဲ့များက ပါဝင်တိုက်ခိုက်ခဲ့ကြပြီး BNRA က ထိုတိုက်ပွဲတွင် မပါဝင်ခဲ့ပေ။
ပုလဲမြို့နယ်တွင် စစ်တပ်က မြေပြင်စစ်ကြောင်းလှုပ်ရှားမှုမရှိသော်လည်း လေကြောင်းတိုက်ခိုက်မှုများ မကြာခဏရှိနေသည်။



