အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘိန်းစိုက်သူ ၂၀၀ ကျော်ဖမ်းဆီး၊ အချို့ကို တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းမည်ဟု PDF Zoland ဆို

ဘိန်းစိုက်ပျိုးမှုလျော့ကျရေးအတွက် နေ့စားအလုပ်သမား ၂၀၀ ကျော်ကို ဖမ်းဆီးထားပြီး ခြွင်းချက်ရှိသူ အချို့မှ အပ ကျန်သူများကို စစ်သားအဖြစ် စုဆောင်းမည်ဟု PDF Zoland က ဆိုသည်။

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်အတွင်း ယခုလဆန်း၌ ဘိန်းစိုက်လုပ်သား ၂၀၀ ကျော်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့ PDF Zoland က ဖမ်းဆီးထိန်းသိမ်းထားရာ အချို့ကို တပ်ဖွဲ့ဝင်အဖြစ် လေ့ကျင့်ပျိုးထောင်သွားမည်ဟု ထုတ်ပြန်လိုက်သည်။

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ် လေသာတောင် (ကနေဒီတောင်) ပတ်ဝန်းကျင်ရှိ ဘိန်းခင်းများတွင် စိုက်ပျိုးထားသော ဘိန်းခင်းများတွင် လုပ်ကိုင်နေသည့် နေ့စားအလုပ်သမား ၂၀၀ ကျော်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် PDF Zoland က ဘိန်းစိုက်ပျိုးမှုလျော့ကျရေးအတွက် ဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

ကိုယ်ဝန်ဆောင်အမျိုးသမီး နှစ်ဦး အပါအဝင် နှစ်ဒါဇင်နီးပါးကို ယခုရက်ပိုင်း ပြန်လွှတ်ပေးခဲ့ပြီး ပြန်လွတ်လာ သူများကို တစ်ဦးလျှင် လေးချက်စီ ရိုက်နှက်အပြစ်ပေးခဲ့ကြောင်း တီးတိန်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ 

အမျိုးသား ၁၉၀ ကျော်အား ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ပြီး ဖမ်းဆီးခံရသူများတွင် ချင်းပြည်နယ် တီးတိန် မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်း၊ ကလေးလွင်ပြင် ချင်းတောင်ခြေရှိ စစ်ဘေးဒဏ်သင့်နေသည့် ကျေးရွာများမှ လာရောက်လုပ်ကိုင်နေသူများပါဝင်ကြောင်း ဒေသခံများထံက သိရသည်။ 

ဖမ်းဆီးရမိသူများအနက်မှ အသက် ၁၈ နှစ်အောက်နှင့် ၃၅ နှစ်ကျော်လွန်သူများ၊ မိသားစုကို တာဝန်ယူ နေရသည့် အိမ်ထောင်ဦးစီးများ၊ တစ်ဦးတည်းသောသား၊ မိသားစုထဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်ရှိနှင့် ပြီးသားသူနှင့်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးမကောင်းသူများမှအပ ကျန်သူများကို စစ်သားအဖြစ် လေ့ကျင့်ပျိုးထောင်သွားမည်ဟု PDF Zoland ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော ဇိုမီးဖက်ဒရယ် အစည်းအရုံး (ZFU)က ဖေဖော်ဝါရီလ ၈ ရက်နေ့ တွင် ဇိုမီးဘာသာဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် ဘိန်းခင်းနေ့စားအလုပ်သမားများကို ဖမ်းဆီးခဲ့သော်လည်း ဘိန်းခင်းများအား ဖျက်ဆီးခဲ့ခြင်းမရှိကြောင်း PDF Zoland ပြောရေးဆိုခွင့်ရှိသူထံကသိရသည်။ 

ဇိုမီးဖက်ဒရယ်အစည်းအရုံးသည် နွေဦးတော်လှန်ရေးကာလတွင် ပေါ်ပေါက်လာသော ချင်းတော်လှန်ရေး အင်အားစုများစုဖွဲ့ထားသည့် ချင်းညီနောင်အဖွဲ့ဝင် (CB) ဖြစ်ပြီး အာရက္ခတပ်တော် (AA)နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသည်။ 

ဘိန်းစိုက်ပျိုးမှုနှင့်ပတ်သက်ပြီး နှစ်စဉ် သတိပေးမှုများ၊ ဖျက်ဆီးမှုများရှိနေသည့်ကြားမှ ဆက်လုပ်ကိုင် နေသည့်အတွက် ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ၏ မေးမြန်းမှုကို တုံ့ပြန်ဖြေကြားသည်။ 

“ PDF Zoland အနေဖြင့် ဘိန်းခင်းကိစ္စကို ဖြည်းဖြည်းချင်းကိုင်တွယ်ဖို့၊ ဖျက်သိမ်းဖို့ ဖြစ်ပါမယ်”ဟု PDF Zoland ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

PDF Zoland အနေဖြင့်လည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း တီးတိန်မြို့နယ်ရှိ၊ ဘိန်းစိုက်ဧက ၂၀ ကျော်ကို  ဖျက်ဆီးခဲ့ကြောင်း ပြောသည်။ 

လက်ရှိ ဖမ်းဆီးထားသည့် ဘိန်းခင်းလုပ်သား အရေအတွက် မည်မျှရှိသည်၊ အရေအတွက်မည်မျှကို စစ်သားအဖြစ် စုဆောင်းမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသလို ပြန်လွှတ်ပေးသည့်သူများအား ရိုက်နှက်သည် ဆိုသော အချက်ကို PDF Zoland ပြောရေးဆိုခွင့်ရှိသူက ငြင်းဆန်ထားသည်။ 


ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဘိန်းစိုက်ခင်းနေ့စားအလုပ်သမားများအနက် ပြန်လွှတ်ပေးလိုက်သူ အချို့တွင်  ရိုက်နှက်ခံထားရမှုကြောင့် အညိုအမည်းများ တွေ့ရစဉ်။ (ဓာတ်ပုံ- ပေးပို့)

ထို့အပြင် PDF Zoland ပြောရေးဆိုခွင့်ရှိသူကို တပ်ဖွဲ့ဝင်သစ်စုဆောင်းမှု၊ ခေါ်ယူမှု မူဝါဒနှင့်ပတ်သက်ပြီး မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။

တော်လှန်ရေးကာလ ငါးနှစ်နီးပါးကြာမြင့်လာချိန် ပြုန်းတီးသွားသည့် စစ်အင်အားကို ဖြည့်တင်းနိုင်ရန် တပ်သားသစ်ရရှိရေး အကျပ်အတည်းသည် အဖွဲ့များလက်ရှိရင်ဆိုင်နေရသည့် ပြဿနာတရပ် ဖြစ်လာနေသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များသည် လူသစ်များ အပြိုင်အဆိုင် ခေါ်ယူနေကြသလို တပ်မှ နုတ်ထွက်သူ၊ ထွက်ပြေးသူအချို့လည်း ရှိလာသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုသည် ယမန်နှစ်နှင့်နှိုင်းယှဉ်လျှင် ၁၇ ရာခိုင်နှုန်းနီးပါး တိုးလာပြီး ဆယ်နှစ်အတွင်း အမြင့်ဆုံးအထိရောက်လာကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။

ထိုအစီရင်ခံစာအရ ချင်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးဧက ၂၅၀၀ ကျော် (၁၀၄၀ ဟက်တာ)ရှိပြီး  ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်းအထိ တိုးမြင့်လာသည်။ 

ထိုကဲ့သို့ ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် ဘိန်းစိုက်လုပ်သား နှစ်ရာနီးပါး စစ်သားအဖြစ် စုဆောင်းမည်ဆိုသော အချက်အပေါ် လက်တွေ့ကျသည့် လုပ်ဆောင်ချက်မဟုတ်ကြောင်း ဒေသခံများ၏ ဝေဖန်မှုများရှိနေသည်။ 

“ စစ်သားစုဆောင်းချင်တာလား။ ဘိန်းစိုက်ခင်းဖျက်ချင်တာလားဆိုတဲ့မေးခွန်းက ရှင်းရှင်းလင်းလင်း ရှိမနေဘူး။ ရှင်းလင်းပြတ်သားမှုမရှိတဲ့မူဝါဒတစ်ခုနဲ့ သူတို့အကျိုးအတွက် ချုံခိုလှုပ်ရှားတဲ့လှုပ်ရှားမှု တစ်ခုလို့ပဲ သုံးသပ်ရတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ဝေဖန်သည်။ 

စားဝတ်နေရေးအခက်ခဲကြောင့် လုပ်ကိုင်နေရသည့် ဘိန်းခင်းနေ့စားအလုပ်သမားများကို ဖမ်းဆီးခြင်းသည်  ပြဿနာကို အကိုင်းအခက် ဖြတ်တောက်ရုံမျှသာဖြစ်သည့်အတွက် ရေရှည်တွင် စိုက်ပျိုးမှု လျော့ကျစေနိုင်မည် မဟုတ်ဟု ဒေသခံအချို့ကသုံးသပ်သည်။ 

“လူတွေ ဖမ်းတာနဲ့ ဘိန်းလျှော့ချရေးက လက်တွေ့ကျကျရော၊ သဘောတရားအရရော နည်းစနစ်မကျဘူး။ …. ဒါကလက်တွေ့ကျတဲ့ချဉ်းကပ်မှုမဟုတ်ဘူး။ လက်ရှိချင်းပြည်နယ်ရဲ့ လူမှုရေး၊ စီးပွားရေး၊ အသက်မွေးဝမ်းကျောင်း ပကတိ အခြေအနေက အခုလိုချဉ်းကပ်တဲ့ပုံစံက မမှန်ဘူး”ဟု ဒေသခံနောက်တစ်ဦးက သုံးသပ်သည်။ 


ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် ရေတိုဖြေရှင်းရန်မလွယ်ကူဘဲ နှစ်နှင့်ချီ ဖြေရှင်းရမည့် ပြဿနာ ဖြစ်ကြောင်း ဒေသခံ အမျိုးသား အခြားတစ်ဦးက သုံးသပ်သည်။

“ပပျောက်ဖို့က မလွယ်ဘူး။ အဲ့ဒါကိုဖျက်မယ်ဆိုရင်တောင်မှ ဆယ်စုနှစ်လောက်ကြာမှာ။ စုဆောင်းတယ် ဆိုရင်တော့ မကောင်းဘူးပေါ့။ ဒါက သဘောကတော့ ပေါ်တာဆွဲတာပဲလေ”ဟု  ထိုသူက ဆိုသည်။

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံတွင် ယခင်ကတည်းက ဘိန်းစိုက်ပျိုးမှုအချို့ ရှိသော်လည်း ကိုဗစ် ကာလအလွန် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဘိန်းစိုက်ခင်းများပိုမိုတိုးချဲ့လာပြီး တီးတိန်မြို့နယ် လေသာတောင်ကြောအထိပါ ကျယ်ပြန့်လာကြောင်း ဒေသခံများကဆိုသည်။ 

စစ်ဘေးသင့်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကြောင့် ငွေရလွယ်သည့်အတွက် ဘိန်းစိုက်ပျိုးမှု တိုးလာပြီး ယခင် တောတောင်များကြား ပုန်းလျိုးကွယ်လျိုးစိုက်ပျိုးခဲ့သည့်အခြေအနေမှ ၂၀၂၃ ခုနှစ် နောက်ပိုင်းတွင် တဟုန်ထိုးတက်သွားကြောင်း ဒေသခံတို့ကဆိုသည်။ 

ကျယ်ပြန့်လာသည့် ဘိန်းစိုက်ပျိုးမှုများ ကိုင်တွယ်ရန် ဒေသတွင်းလက်နက်ကိုင်တော်လှန်ရေး အင်အားစုများက  ယခင်နှစ်များတွင် ဘိန်းခင်းဖျက်ဆီးမှုအချို့ရှိခဲ့သော်လည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိပေ။ 

“ တိုက်ပွဲတွေကြားထဲမှာ ကျွန်တော်တို့ရဲ့လုပ်ဆောင်မှုက စီစဉ်ဆောင်ရွက်ရတာက တဆက်တည်း လုပ်နိုင် ဖို့တော့ခက်တယ်။ ဘိန်းဖျက်ပြီးတော့ အစားထိုးသီးနှံစိုက်ပျိုးဖို့ကတော့ ကျွန်တော်တို့လည်း မလုပ်နိုင်သေးဘူး။ ဘိန်းခင်းကနေ အခွန်လုံးဝမကောက်ဘူး။ စိုက်ဖို့အားပေးတာလည်းမရှိဘူး”ဟု တီးတိန်မြို့နယ်တွင် လှုပ်ရှားသည့် ချင်းကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် CDF CDM (Civic Defense Militia) စီးယင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူကပြောသည်။ 

ဘိန်းစိုက်ပျိုးမှု လျှော့ချရန် ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေးပညာပေးမှုများလုပ်ပြီး တဖြည်းဖြည်းချင်း လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။ 

ပြီးခဲ့သည့်လကလည်း မကွေးတိုင်း၊ ငဖဲမြို့နယ်တောင်ပိုင်း တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေရှိ ဘိန်းခင်းဧက ၃၀ ခန့်ကို ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုတစ်ခုဖြစ်သည့် လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA Magway) အဖွဲ့က နှစ်ရက်ဆက်တိုက် ဖျက်ဆီးခဲ့သည်။ 

ထို့အပြင် ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ဘိန်းစိုက်ခင်းများကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဖျက်ဆီးခဲ့သည်။ 

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ  ဘိန်းစိုက်ခင်း ဧက ၂၀ ကျော်ကို PDF Zoland က ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ဖျက်ဆီးနေစဉ် ။

Related Articles

Back to top button