အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထန်တလန်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သက်ကြီးပိုင်းအပါအဝင် ၆ ဦးသေ 

တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေအများစု စိုးမိုးထားသည့် ချင်းပြည်နယ်တွင် ယနေ့ နေ့လယ်က စာသင် ကျောင်းနှင့် ဘောလုံးကွင်းအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ယနေ့ (ဖေဖော်ဝါရီ ၁၀ ရက်) စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သက်ကြီးပိုင်းတစ်ဦး အပါအဝင် ခြောက်ဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

ထန်တလန်မြို့မှ မိုင် ၃၀ ခန့်အကွာ တလန်ခွာကျေးရွာကို ယနေ့မွန်းတည့်  ၁၂ နာရီကျော်တွင် စစ်ကော်မရှင်လေယာဉ်က ဗုံးတစ်လုံးကြဲခဲ့ရာ အိမ်အသစ်ဆောက်လုပ်နေသည့်လုပ်ငန်းခွင်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်းသိရသည်။ 

ပေါက်ကွဲအားပြင်းထန်သည့် ပေါင် ၅၀၀ ဗုံး ကြဲချခဲ့ခြင်းဖြစ်သည်ဟု  ချင်းဒေသကာကွယ်ရေးတပ်- ထန်တလန် ( CDF – Thantlang) အဖွဲ့ အထွေထွေ အတွင်းရေးမှူးက ပြောသည်။ 

“ ၁၂ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ လေယာဉ်တက်လာပြီးတော့ တစ်ခါတည်းဗုံးကြဲလိုက်တယ်။ တချို့ရွာသားတွေက တောင်ယာသွားတဲ့အချိန်။ တချို့ကတော့ အိမ်မှာနေတယ်။ အခုဗုံးကြဲတဲ့နေရာ ဘောလုံးကွင်းနားလေးမှာ အိမ်အသစ်ဆောက်တယ်။ အဲ့ဒီနားမှာ ပေါင် ၅၀၀ ဗုံးကြဲတော့ အိမ်ဆောက်နေတဲ့သူတွေ အဓိက ထိခိုက်တာပေါ့”ဟု ၎င်းက ဆိုသည်။ 

သေဆုံးသူများတွင် သက်ကြီးပိုင်းတစ်ဦး ပါဝင်သည်သာသိရပြီး အခြေအနေ အသေးစိတ် မသိရသေးပေ။ ဒဏ်ရာရသူများအနက် ကလေးတစ်ဦးအပါအဝင် လေးဦးသည် ဒဏ်ရာပြင်းထန်ပြီး ကျောင်းသား သုံးဦးတွင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်သည်။ 

ထိုရွာတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအခြေစိုက်ခြင်းမရှိသလို စစ်ရေးလှုပ်ရှားမှုနှင့် တိုက်ပွဲတစ်စုံတစ်ရာ လည်းမရှိကြောင်း CDF ထန်တလန် အထွေထွေအတွင်းရေးမှူးက ဆိုသည်။ 

ယနေ့ နံနက် လေကြောင်းတိုက်ခိုက်မှုအပြီး ထိုရွာနှင့်အနီးမှ ဒေသခံ တစ်ထောင်ဝန်းကျင်ခန့်သည် နီးစပ်ရာ တောတောင်များအတွင်း ထွက်ပြေးခိုလှုံနေရကြောင်း CHRO ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

လေကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရသွားသူတစ်ဦး။ (ဓာတ်ပုံ- Voice of Chinland)

လွန်ခဲ့သည့် သီတင်းပတ် နှစ်ပတ်ကလည်း ထန်တလန်မြို့မှငါးမိုင်ခန့်အကွာ ခွာဖိုးရွာ စာသင်ကျောင်းအနီး လေကြောင်းမှ သုံးကြိမ်ဆက် ဗုံးကြဲခဲ့ရာ စာသင်ကျောင်းနှင့်နေအိမ်အဆောက်အုံအချို့ ထိခိုက်ပျက်စီးခဲ့ရသည်။ 

စစ်တပ်မီးရှို့မှုကြောင့် မြို့ထက်ဝက်ကျော် ပြာကျပြီး မြို့ပျက်လုနီးပါးအထိ ဖြစ်ခဲ့ရသည့် ထန်တလန်မြို့တွင် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှ  လက်ရှိအချိန်ထိ မြို့လုံးကျွတ်စစ်ဘေးရှောင်နေရဆဲဖြစ်ပြီး မြို့ပေါ်တွင် စစ်တပ်နှင့် ချင်းတော်လှန်ရေးအင်အားစုများက နေရာယူထားသည်။ 

ချင်းအမျိုးသားတပ်မတော် ဌာနချုပ် ဗစ်တိုရီးယားကမ့်အခြေစိုက်ရာ ထန်တလန်မြို့နယ်တွင် ကျေးလက် ဒေသအများစုကို တော်လှန်ရေးတပ်ဖွဲ့ဘက်ကထိန်းချုပ်ထားသော်လည်း နှစ်ဖက်တပ်ဖွဲ့ အားပြိုင်နေသည့် ထန်တလန်မြို့ကို တော်လှန်ရေးအင်အားစုများဘက်က အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိသေးပေ။ 

ချင်းပြည်နယ် မြို့နယ် ကိုးခုအနက် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း၊ ပလက်ဝ၊ တွန်းဇံတို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တပ်က မြို့တော်ဟားခါးနှင့် တီးတိန်တွင်သာ ခြေကုပ်ယူနိုင်သည်။ 

ပြီးခဲ့သည့်နှစ် နှစ်လယ်က လက်လွှတ်ခဲ့ရသည့် ဖလမ်းမြို့ကို ပြန်ရရန် စစ်တပ်က အောက်တိုဘာလ လကုန်မှစပြီး အင်အားထောင်ချီပါသည့် စစ်ကြောင်း သုံးခုဖြင့် ဖြန့်ခွဲထိုးစစ်ဆင်နေသော်လည်း သုံးလကျော် ကြာမြင့်လာပြီး စစ်တပ်ဘက် အကျဆုံးများကာ လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့နယ်တို့ကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကျောင်းသား တစ်ဦးသေဆုံးခဲ့သည်။ 

” ကျွန်တော့်အမြင်နဲ့ဆိုရင်တော့ အခုက အတုအယောင်ရွေးကောက်ပွဲ လုပ်ခဲ့ပြီ။ ချင်းပြည်နယ်မှာ တီးတိန်နဲ့ ဟားခါးမှာပဲ လုပ်နိုင်တယ်။ အဲ့ဒီအချိန်မှာ ပြည်သူဘက်ကလည်း မဲ မပေးကြဘူး။ ကိုးမြို့နယ်မှာ ထိန်းချုပ်နိုင်တာများတော့ နိုင်ငံရေးအရ သူကလိုချင်တဲ့အတိုင်းမဖြစ်တော့ ပြည်သူတွေကိုခြိမ်းခြောက်တဲ့အနေနဲ့ အကြမ်းနည်းနဲ့ပြည်သူဘက်ကို ဦးတည်ပြီးတော့လုပ်နေတာလို့ ယူဆတယ်”ဟု  CDF ထန်တလန် အထွေထွေအတွင်းရေးမှူးက သုံးသပ်သည်။ 

အရပ်သားများအား ဦးတည်တိုက်ခိုက်နေသည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုသည် လူမဆန်သည့်လုပ်ရပ် ဖြစ်ပြီး ထိုလုပ်ရပ်အပေါ် ရှုတ်ချကြောင်း CDF ထန်တလန်တာဝန်ရှိသူက ပြောသည်။ 

စစ်တပ်အာဏာသိမ်းပြီး ငါးနှစ်အတွင်း ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၀၀ ကျော် ပြုလုပ်ခဲ့ပြီး ထိုလေကြောင်းတိုက်ခိုက်မှုများတွင် အရပ်သား ၂၄၆ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၅၄ ဦး သေဆုံးခဲ့ပြီး  ၁၁၄၀ ဦး  ထိခိုက်ဒဏ်ရာရခဲ့ကြောင်း  အရပ်ဘက်အဖွဲ့ တစ်ခုဖြစ်သော ချင်းရေးရာ အဖွဲ့ချုပ် (ICA)  ယခုနှစ် ဇန်နဝါရီလကုန်တွင် ထုတ်ပြန်ထားသည်။ 

စစ်တပ်က အာဏာသိမ်းထားသည့် ငါးနှစ်တာအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ် ၂၀၀၀ ကျော်၊ ဘုရားကျောင်း ၇၆ ခုနှင့် စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းစသည့် အဆောက်အအုံ ၈၈ လုံးပျက်စီးခဲ့ရသည်ဟု ICA က ထုတ်ပြန်သည်။ 

ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ တလန်ခွာကျေးရွာကို လေကြောင်းတိုက်ခိုက်မှုအပြီး အပျက်အစီးများ တွေ့ရစဉ်။  (ဓာတ်ပုံ – CHRO)

Related Articles

Back to top button