(ဆောင်းပါးရှင် သစ်လွင်သည် နိုင်ငံရေးသိပ္ပံ၊ လူမှုရေးသိပ္ပံ နှင့် ဥပဒေ ဘာသာရပ်တို့ကို အထူးပြု လေ့လာနေသော တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည်။)
လက်ရှိကာလ နိုင်ငံရေးအခင်းအကျင်းအရ တော်လှန်ရေးဘက်နှင့် အာဏာသိမ်းစစ်တပ်တို့အကြား ရှေ့ဆက်ဖြစ်ပေါ်လာမည့် တရားဝင်မှုပိုင်း ပြိုင်ဆိုင်မှု ပို၍ ပြင်းထန်လာသည်။
စစ်တပ်ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲရလဒ်တွင် ကြိုတင်ဇာတ်တိုက်ထားသည့်အတိုင်း စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အနိုင်ယူကာ အစိုးရဖွဲ့တော့မည် ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့်လည်း လွှတ်တော်အစည်းအဝေးများကို မတ်လ တတိယအပတ်တွင် စတင်ခေါ်ယူသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၃ ရက်နေ့ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူးနှင့် တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားထားသည်။
တော်လှန်ရေးဘက်တွင်လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ဥပဒေအရ တရားဝင်ကိုယ်စားပြုမှုသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် စစ်တပ်၏ ရွေးကောက်ပွဲမှ ပေါ်ပေါက်လာမည့် လွှတ်တော်အသစ်နှင့် CRPH တို့၏ တရားဝင်မှုပိုင်းဆိုင်ရာ အားပြိုင်မှုသည် နိုင်ငံရေးအရရော ဥပဒေပိုင်းအရပါ ပွတ်တိုက်မှု ဖြစ်လာလျက်ရှိနေသည်။
စစ်တပ်ကလည်း ကြံ့ခိုင်ရေးပါတီ အကြီးအကျယ် ရှုံးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်နှင့် အဆိုပါရွေးကောက်ပွဲရလဒ်၏ တရားဝင်မှုကို ယင်းတို့အစိုးရအသစ် မဖွဲ့စည်းမီ အပြီးအတိုင်ပယ်ဖျက်ရန် စီစဉ်လျက်ရှိသည်။
အဘယ်ကြောင့်ဆိုသော် ဇန်နဝါရီလ ၂၉ ရက်နေ့က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးတွင် စစ်တပ်ဝန်ကြီးချုပ် ညိုစောက တတိယအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးများကို အခြေခံဥပဒေနှင့်အညီ ကျင်းပရေးအတွက် ပြင်ဆင်ထားကြရန် ပြောကြားခဲ့ကြောင်း စစ်တပ်၏ အွန်လိုင်းသတင်းစာမျက်နှာများတွင် ဖော်ပြထားသည်။
အမှန်စစ်စစ် တတိယအကြိမ်အစည်းအဝေး ကျင်းပရမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိခဲ့သော ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲရလဒ်ကို စစ်တပ်က ပယ်ဖျက်သည့် သဘောဖြစ်သည်။
ထို့အပြင် မဲစာရင်းမှားသောကြောင့် အာဏာသိမ်းရပါသည်ဟူသော စစ်တပ်သည် ၂၀၂၀ ရွေးကောက်ပွဲရလဒ် အချက်အလက်များကို ၎င်းတို့ခေါ်မည့် လွှတ်တော်မတိုင်ခင် မည်သည့်အချက်အလက်မျှ မကျန်ရှိရေးအတွက် မီးရှို့ဖျက်ဆီးလျက်ရှိသည်။
စစ်တပ်သည် NLDအစိုးရ၏လုပ်ဆောင်မှုများနှင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်၏ သမိုင်းသက်သေ အထောက်အထားများကို ဖျောက်ဖျက်ခြင်းသာမက အဆိုပါ ရွေးကောက်ပွဲတရားဝင်မှုရလဒ် ကိုင်ဆောင်ထားသော CRPH ၏ သမိုင်းကိုပါ ဖျောက်ပစ်ရန် ကြိုးပမ်းမှုဟု မှတ်ယူနိုင်သည်။
စစ်အစိုးရ၏ အတိုင်ပင်ခံကောင်စီ
အာဏာသိမ်း စစ်တပ်သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ တွင် အတိုင်ပင်ခံကောင်စီဥပဒေကို ပြဋ္ဌာန်းကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဥပဒေပြဋ္ဌာန်းရခြင်းရည်ရွယ်ချက်တွင် အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို မထိခိုက်စေဘဲ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်များတွင် ညှိနှိုင်း အကြံပေးမည်ဟု ပါရှိသည်။
မည်သို့ပင်ဖြစ်စေ ထိုကောင်စီ၏ ရည်ရွယ်ချက်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြွင်းမဲ့အာဏာကို ပိုမိုခိုင်မာစေရန်ပြုလုပ်ခြင်းဖြစ်ပြီး မင်းအောင်လှိုင်သည် ရွေးကောက်ပွဲအနိုင်ရရှိထားသော ကြံခိုင်ရေးပါတီအားလည်း အပြည့်အဝမယုံကြည်သည့် အသွင်ဆောင်လျက်ရှိသည်။ အတိတ်သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် စစ်ခေါင်းဆောင်တို့သည် ပါဝါအာဏာခွဲဝေမှု အရေးတွင် အချင်းချင်း ယုံကြည်မှုမရှိကြပေ။
၂၀၁၀ အသွင်အကူးပြောင်းကာလ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့၏ အာဏာလွန်ဆွဲပွဲကို ပြန်ကြည့်လျှင် ထိုအခြေအနေကို သိနိုင်သည်။
ရွေးကောက်ပွဲမတိုင်ခင် စစ်တပ်၏အင်္ဂါစဉ်အရ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် စစ်တပ်တွင် နံပါတ် ၃ အဆင့်ရှိသော ညှိုနှိုင်းကွပ်ကဲရေးမှူး ရာထူးယူထားသူဖြစ်သည်။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲအပြီး အာဏာခွဲဝေမှုတွင် သမ္မတဖြစ်ချင်သော ဦးရွှေမန်းသည် လွှတ်တော်ဥက္ကဋ္ဌ ရာထူးဖြင့်သာ အဆုံးသတ်ခဲ့ရပြီ ဦးသိန်းစိန်သည် သမ္မတဖြစ်ခဲ့သည်။
ထိုအချိန်မှစ၍ ထိုစစ်ခေါင်းဆောင်နှစ်ဦးဆက်ဆံရေး တဖြည်းဖြည်းဆိုးရွားလာခဲ့ပြီး သူရဦးရွှေမန်းသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်လာသည်။
ထိုဖြစ်စဉ်များသည် ၂၀၁၀ အနိုင်ရပါတီဖြစ်သော USDP ပါတီအတွင်း သက်ရောက်ခဲ့သည်။ ပါတီဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ အာဏာလွန်ဆွဲပွဲမှ သန်းခေါင်ယံအာဏာသိမ်းမှုဟု ခေါ်ဆိုသော ပါတီတွင်း အာဏာသိမ်းပွဲတွင် စစ်တပ်သည် သမ္မတ ဦးသိန်းစိန်ဘက်တွင် ရပ်တည်သည်။ သူရဦးရွှေမန်းကို ပါတီခေါင်းဆောင်နေရာမှ ဖယ်ရှားလိုက်သည်။
မင်းအောင်လှိုင်သည် ယခုကာလ စစ်ဗိုလ်ချုပ်ဟောင်းများဦးဆောင်နေသော USDP အပေါ်တွင်လည်း သံသယ များစွာရှိနေကြောင်းတွေ့မြင်နိုင်သည်။ ထို့ကြောင့် စစ်ခေါင်းဆောင်၏ လူယုံတစ်ဦးဖြစ်သော စစ်ရေးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းကို ၂၀၂၂ ခုနှစ်တွင် USDP ပါတီတွင်း အပြောင်းအလဲနှင့်အတူ စစ်တပ်မှ အနားပေးကာ ပါတီသို့ ပို့လိုက်သည်။ ပါတီသို့ ရောက်သည့်နှစ်တွင်ပင် ဒုတိယဥက္ကဋ္ဌ ရာထူးရသွားသည့် ဗိုလ်ချုပ်ဟောင်းသည် ပါတီအတွင်းစည်း လှုပ်ရှားမှုများကို မင်းအောင်လှိုင်အလိုကျ အနီးကပ် သွားရောက် စောင့်ကြည့်ခြင်းလည်း ဖြစ်နိုင်သည်။ မင်းအောင်လှိုင်၏ ဝန်ကြီးတစ်ဦးဖြစ်သော ဦးခင်ရီသည် ထိုနှစ်တွင်ပင် ပါတီဥက္ကဋ္ဌ ဖြစ်လာသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် စစ်ခေါင်းဆောင်သည် အတိုင်ပင်ခံကောင်စီ ဆိုသည်ကို မိတ်ဆက်လာသည်။ အတိုင်ပင်ခံကောင်စီကို ၂၀၀၈ အခြေခံဥပဒေပါ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဟုခေါ်သော ကာလုံနှင့်အပြိုင် တည်ဆောက်ခြင်းမျိုးလည်း ဖြစ်နိုင်သည်။
ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတသည် အပတ်စဉ် ကြာသပတေးနေ့ ညနေတိုင်း ကာလုံ အစည်းအဝေး ခေါ်ယူကာ တိုင်းပြည်အခြေအနေအရပ်ရပ်ကို ဆွေးနွေးမှုရှိသည်ဟု ဆိုသည်။
တစ်ဖက်တွင်လည်း ကာလုံသည် သမ္မတမှတဆင့် တိုင်းပြည်၏ အရေးပေါ်ကာလဆိုင်ရာကိစ္စများ ဆုံးဖြတ်ခြင်း၊ ကာကွယ်ရေးဦးစီးချုပ်သက်တမ်းကို အတည်ပြုပေးရခြင်း စသည်တို့ကြောင့် စစ်တပ်အတွက် အရေးကြီးသော နိုင်ငံရေး ပလက်ဖောင်းတစ်ခုဖြစ်သည်။ မင်းအောင်လှိုင်သည် သမာသမတ်ကျကျ နိုင်ငံ့ဝန်ထမ်းဥပဒေအတိုင်း သွားမည်ဆိုလျှင် ၂၀၁၆ တွင် အသက် ၆၀ ပြည့်ပြီး မဖြစ်မနေ ပင်စင်ယူရမည်ဖြစ်သည်။
သို့သော် အသက်(၆၀)ပြည့်ရန် နီးကပ်လာချိန်တွင် ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နည်းလမ်းအတိုင်း ၂၀၁၄ ခုနှစ်၌ ကကနကောင်စီညွှန်ကြားလွှာ ၄/၂၀၁၄အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့၏ တာဝန်ထမ်းဆောင်နိုင်သော အသက်ကို ၆၅နှစ်အထိ တိုးမြှင့်လိုက်ပြီး ဦးသိန်းစိန်အစိုးရက ကာလုံတွင် ထပ်မံအတည်ပြုပေးခဲ့သည်။
ကာလုံသည် ၂၀၁၆ ခုနှစ် NLD အစိုးရလက်ထက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် အိမ်မက်ဆိုးတစ်ခုဖြစ်စေခဲ့သည်။ NLD က အစိုးရအသစ်ဖွဲ့စည်းရာတွင် ကာကွယ်ရေးဦးစီးချုပ်ကို တရားဝင်မှုပေးခြင်းကိစ္စဖြစ်စေမည့် ကာလုံအစည်းအဝေး ခေါ်ယူခြင်းကို အစိုးရသက်တမ်း တစ်လျှောက်လုံး ရပ်နားထားခဲ့သည်။
NLD အစိုးရလက်ထက် စစ်တပ်နှင့်အစိုးရကြား ပွတ်တိုက်မှုများ၊ နိုင်ငံရေးအရ မကျေလည်မှုများထဲတွင် ထိုဖြစ်ရပ်လည်း ပါဝင်သည်။
ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ထပ်မံ၍ တောင်ပြိုကမ်းပြိုအနိုင်ရပြီး အစိုးရထပ်ဖွဲ့မည့်အခြေအနေ ဖြစ်လာသည်။ ထို့အပြင် ၂၀၂၁ ခုနှစ်တွင် အသက် ၆၅ နှစ် ပြည့်မည့် မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ရာထူး သက်တမ်း ထပ်မံတိုးခြင်းအတွက် အတည်ပြုပေးရမည့် ကာလုံအစည်းအဝေး ခေါ်ယူရမည်မှာလည်း NLD အစိုးရပင်ဖြစ်ရာ မင်းအောင်လှိုင်အဖို့ ဆုပ်လည်းစူး စားလည်းရူး အခြေအနေ ဖြစ်ခဲ့သည်။ အခြား ပုဂ္ဂိုလ်ရေးမကျေနပ်ချက်များလည်း ရှိနေရာ မင်းအောင်လှိုင်သည် ပြည်သူလူထု၏ ဆန္ဒမဲများကို မျက်ကွယ်ပြု၍ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းလိုက်သည်။
အထက်တွင် ဖော်ပြခဲ့သော အခြေအနေများကြောင့် ကာလုံသည် စစ်တပ်ခေါင်းဆောင်များအတွက် အရေးပါသော နိုင်ငံရေး ပလက်ဖောင်းဖြစ်ကြောင်းတွေ့နိုင်သည်။
ယနေ့ခေတ် ၂၀၂၆ လွှတ်တော်မှ ပေါ်ပေါက်လာမည့်အစိုးရအသစ်တွင်လည်း ဦးသိန်းစိန်ခေတ်ကဲ့သို့ စစ်ခေါင်းဆောင်ဟောင်းများ၊ စစ်တပ် နှင့် USDP ကြား ပါဝါအားပြိုင်မှုများ၊ NLD အစိုးရလက်ထက်ကဲ့သို့ အစိုးရအနေဖြင့် ကာလုံအစည်းအဝေး ခေါ်မပေးခြင်း စသည့်ကိစ္စများ ထပ်မံပေါ်ပေါက်လာမည်ကိုလည်း မင်းအောင်လှိုင် စိုးရိမ်ကောင်း စိုးရိမ်နေဖွယ် ရှိသည်။
နိုင်ငံရေးအခင်းအကျင်းအသစ်တွင် တော်လှန်ရေးအင်အားစုကပေးမည့် ဖိအားများနှင့်အပြိုင် နောက်ထပ်ဖိအားတစ်ခု ထပ်မံ၍ ပေါ်ပေါက်လာမည်ကို မင်းအောင်လှိုင် အဖြစ်ခံမည်မဟုတ်ပေ။
ထို့ကြောင့် အသစ်ပြဋ္ဌာန်းလိုက်သော ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေတွင် မည်မျှပင် အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာကို မထိခိုက်စေဟု ဖော်ပြထားသော်လည်း ထိုဥပဒေတွင် ပါရှိသည့် အဆိုပါကောင်စီ ညှိုနှိုင်းအကြံပေးမည့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးကိစ္စများသည် အစိုးရတရပ်ပြုလုပ်ရမည့် လုပ်ငန်းဆောင်တာများဖြစ်ပြီး၊ ဥပဒေပြဋ္ဌာန်းရေးကိစ္စများသည်လည်း ပြည်ထောင်စုလွှတ်တော်ကသာ ပြုလုပ်ရမည့်ကိစ္စရပ်များဖြစ်နေသည်။
ထို့ကြောင့် ဥပဒေသစ်ကို သုံးသပ်ရမည်ဆိုလျှင် သမ္မတက ခန့်အပ်ပေးမည့် အဆိုပါကောင်စီသည် ကြံခိုင်ရေးပါတီအတွင်း နိုင်ငံရေးအကွဲအပြုများ၊ စစ်တပ်ခေါင်းဆောင်ပိုင်းအတွက် အရေးကြီးသည့် ကာလုံ အစည်းအဝေးခေါ်ရန် လျစ်လျူရှုခံရခြင်း၊ စစ်ခေါင်းဆောင်ဟောင်းများကြား အာဏာသိမ်းမှုစသည့် ဖြစ်စဉ်များ ပေါ်ပေါက်လာလျှင် ဖြေရှင်းကျော်လွှားရန်အတွက် ကြိုတင်အကာအကွယ်ရယူထားသော ဥပဒေမျိုး ဖြစ်သည်။
ထို့ကြောင့် မင်းအောင်လှိုင်သည် သမ္မတလုပ်သည်ဖြစ်စေ၊ ကာကွယ်ရေးဦးစီးချုပ်နေရာတွင်ပင် နေထိုင်ပြီး ရာထူး ဆက်လက်သက်တမ်းတိုးသည်ဖြစ်စေ အဆိုပါ ကောင်စီအဖွဲ့အားကိုးဖြင့် အာဏာ ဆက်လက်ထိန်းချုပ်ကာ တိုင်းပြည်၏ကိစ္စအဝဝကို တာဝန်ယူ ခြယ်လှယ်မည့် သဘောသာဖြစ်သည်။
တော်လှန်ရေးဘက်မှ ဖက်ဒရယ်ကောင်စီ
အာဏာသိမ်းစစ်အစိုးရနည်းတူ တော်လှန်ရေးအဖွဲ့အစည်းများကြားတွင်လည်း မည်မျှပင်တရားမဝင်စေကာမူ ၂၀၂၆ ခုနှစ်၏ လက်တွေ့နိုင်ငံရေးအခင်းအကျင်း အမြင်အရကြည့်မည်ဆိုလျှင် စစ်တပ်၏ လွှတ်တော်၊ အစိုးရယန္တရား၏ တရားဝင်မှုကိစ္စဆိုင်ရာများကို ခုခံရမည့် အခြေအနေများ ဖြစ်လာသည်။
စစ်တပ်စီစဉ်သည့် ရွေးကောက်ပွဲကို တရုတ်နိုင်ငံမှတပါး အာဆီယံအပါအဝင် အခြားသောနိုင်ငံများက တရားဝင်မှုပေးခြင်း မရှိသေးပေ။ ထိုသို့သော အခြေအနေများကို အခွင့်ကောင်းယူကာ တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း အထက်တွင်ဖော်ပြခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် ဖွဲ့စည်းထားသော CRPH လွှတ်တော် နှင့် NUG အစိုးရ၏ တရားဝင်မှုဆိုင်ရာ ကိစ္စများကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလာရန်လိုအပ်လာသည်။
ထို့ကြောင့် လက်ရှိနိုင်ငံရေးအခြေအနေတွင် ပိုမိုကျစ်လျစ်သိပ်သည်းပြီး နိုင်ငံရေး အစုအဖွဲ့များစွာပါဝင်မည့် ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းရန် ကြိုးပမ်းနေကြောင်း ကြားသိရသည်။ အဆိုပါကောင်စီသည် စစ်အစိုးရ၏ တရားဝင်မှု၊ အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် လွှတ်တော်တို့ကို နိုင်ငံရေးအရ ဆက်လက်ယှဉ်ပြိုင်မည့် နိုင်ငံရေးကောင်စီ သဘောမျိုးဖြစ်နိုင်သည်။
အဆိုပါကောင်စီ မဖွဲ့စည်းနိုင်ခင် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သော KNU, KNPP, KPICT, CRPH, NLD စသည် တို့သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ နုတ်ထွက်ထားသည်။ ထို့ကြောင့် ဖွဲ့စည်းမည့်ကောင်စီသည် NUCC ကို ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် အသစ်ထပ်မံဖွဲ့စည်းခြင်းမျိုး ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ တော်လှန်ရေး၏ ညီညွတ်မှုကို ဦးတည်သော၊ အားလုံးပါဝင်နိုင်သော အစုအဖွဲ့ကောင်စီမျိုး ဖြစ်ဖို့လိုအပ်သည်။ သို့မှသာ အဆိုပါကောင်စီဖွဲ့စည်းပြီး ကြားကာလအသွင်ကူးပြောင်းရေး ပဋိညာဉ် တရပ်ပေါ်ပေါက်ကာ ဖက်ဒရယ် အသွင်ကူးပြောင်းရေးအစိုးရတရပ် ဖွဲ့စည်း၍ နိုင်ငံရေးအရ သာမက ဥပဒေအပိုင်း တရားဝင်မှုတွင်ပါ ဆက်လက်တိုက်ပွဲဝင်နိုင်မည်ဖြစ်သည်။
ထိုသို့သော အခင်းအကျင်းမျိုး ဖြစ်ပေါ်လာပါက နိုင်ငံတကာအသိုင်းအဝိုင်း နှင့် အာဆီယံသည်လည်း စစ်တပ်ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့်အစိုးရကို တရားဝင်မှုပေးခြင်းဆိုင်ရာကိစ္စတွင် ဆက်လက် စောင့်ကြည့်မည့် အခြေအနေမျိုးဖြစ်နိုင်သည်။
ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်လည်း ငါးနှစ်ကျော်ကြာ တော်လှန်ရေးအရှိန်အဟုန်အား ဆက်လက် သယ်ဆောင်သွားနိုင်ရေးတွင် စစ်တပ်၏ အတုအယောင်အရပ်သားအစိုးရ မပေါ်ထွက်ခင် နိုင်ငံရေးအရ၊ ဥပဒေအရ လက်ဦးမှု ရယူထားရန် လိုအပ်သည်။ သို့မှသာ နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင် တော်လှန်ရေးအစိုးရ နှင့် စစ်တပ်၏ အတုအယောင်အစိုးရတို့ကြား တရားဝင်မှုတိုက်ပွဲသည် ဆက်လက် အားပြိုင်မှု သဘောဆောင်မည်ဖြစ်သည်။
နိဂုံးချုပ်အားဖြင့် သုံးသပ်ရလျှင် လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစု နှစ်ဖက်လုံးသည် အစိုးရနှင့် လွှတ်တော်ယန္တရားများအထက်၌ “ကောင်စီ” ပုံစံ ဆုံးဖြတ်ချက်ချသည့် အဖွဲ့အစည်းသစ်များကိုယ်စီဖြင့် တရားဝင်မှုပိုင်းဆိုင်ရာ အားပြိုင်ရန် ပြင်ဆင်လာကြသည်။ အာဏာသိမ်း စစ်တပ်က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ” ကို ပြဋ္ဌာန်း၍ ရွေးကောက်ပွဲအပြီးပေါ်ပေါက်လာမည့် အစိုးရနှင့် လွှတ်တော်ကို နောက်ကွယ်မှ ထိန်းကျောင်းရန် ကြိုးပမ်းနေသည်။ မင်းအောင်လှိုင်သည် ၎င်း၏အာဏာကို နောက်ကွယ်မှ ရေရှည်ဆွဲဆန့်နိုင်ရန်၊ ယခင်စစ်ခေါင်းဆောင်များအကြား ဖြစ်ပွားခဲ့ဖူးသော အာဏာလွန်ဆွဲပွဲမျိုးကို ကြိုတင်ကာကွယ်ရန် ဗျူဟာမြောက် ပြင်ဆင်လာခြင်းဖြစ်သည်။
တော်လှန်ရေးဘက်တွင်လည်း CRPH ၏ ဥပဒေအရ တရားဝင်သက်တမ်းကုန်ဆုံးချိန်တွင် နိုင်ငံရေးအရ လက်ဦးမှုရယူနိုင်ရန်နှင့် အင်အားစုံပါဝင်သော စုပေါင်းခေါင်းဆောင်မှုပုံစံဖြင့် “ဖက်ဒရယ်ကောင်စီ”ကို ဖွဲ့စည်းရန် ဆွေးနွေးလျက်ရှိသည်။ ဤအားပြိုင်မှုသည် ၂၀၂၆ ခုနှစ်အတွင်း စစ်ရေးသက်ရောက်မှုများသာမက နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရှိရေးအတွက်ပါ အဆုံးအဖြတ်ပေးမည့် အရေးပါသော အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်သည်။



