ရွှေသယံဇာတထွက်ရာ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တောင်ပိုင်းတွင် ဒေသခံပြည်သူများနှင့် စစ်ဘေးသင့်ပြည်သူများ တနိုင်တပိုင် (လက်လုပ်လက်စား) ရွှေတူးဖော်ခွင့်ရရှိရေးအတွက် ရာနှင့်ချီသည့် ဒေသခံများသည် ယနေ့ (ဖေဖော်ဝါရီလ ၉ ရက်) နံနက်ပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရကို ဆန္ဒပြတောင်းဆိုခဲ့သည်။
ဗန်းမောက်မြို့နယ်တောင်ပိုင်း၊ ဆည်ဦးရွာအနီးတွင် နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဆန္ဒပြခဲ့ကြပြီး လက်လုပ်လက်စား ပြည်သူများ ရွှေတူးဖော်ခွင့်ရရှိရန်၊ ပိတ်ပင်ထားသည့် လုပ်ကွက်များ ပြန်လည်ဖွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဗန်းမောက်မြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာ အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်ထားသည့် ဗန်းမောက်မြို့နယ်၊ တောင်ပိုင်းဒေသ ရွှေမှော်များတွင် လက်လုပ်လက်စားပြည်သူများ ရွှေတူးဖော်မှုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကစပြီး ပိတ်သိမ်းလိုက်သည့်အပေါ် ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်သည်။
“ကိုးလပိုင်း ကတည်းကစပြီးဖွင့်လိုက် ပိတ်လိုက်လုပ်နေတာ။ ၁၂ လပိုင်း ၃ ရက်နေ့ကျရင် တစ်ခါပြန်ပြီးတော့ ပိတ်လိုက်တာ အခုချိန်ထိမဖွင့်သေးတာ”ဟု ဆန္ဒပြရာတွင် ပါဝင်သည့်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဗန်းမောက်မြို့နယ် တောင်ပိုင်း ရွှေမှော် ငါးခုအနက် သုံးမြေဆုံနှင့် ရုန်းတောမှော်တို့တွင် Tri Star ကုမ္ပဏီနှင့် ရွှေစိုင်းကုမ္ပဏီတို့ကို အမျိုးသားညီညွတ်ရေးအစိုးရက လုပ်ပိုင်ခွင့်ပြုထားကြောင်း ဒေသခံများထံက သိရသည်။ ထိုကုမ္ပဏီများသည် ဒေသခံနှင့်စစ်ဘေးရှောင်ပြည်သူများကို အစုစား အနေဖြင့် လုပ်ကိုင်ခွင့်အချို့ ပြန်လည်ချထားပေးသလို ဒေသခံအချို့ကလည်း တပိုင်တနိုင်တူးဖော်လုပ်ကိုင်ခဲ့ကြသည်။
အစုစပ်လုပ်ကိုင်ရာတွင် ရွှေထွက်ရှိမှုအပေါ်မူတည်ပြီး ကျင်းတစ်ကျင်းလျှင် လစဉ် ရွှေငါးကျပ်သားမှ ၂၃ ကျပ်သားစသည်ဖြင့် ကုမ္ပဏီသို့ ပေးသွင်းလုပ်ကိုင်ရခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
ထိုအခြေအနေမှတဆင့် အစုစားနှင့် တနိုင်တပိုင်တူးဖော်မှုများကို သယံဇာတ စီမံခန့်ခွဲမှုကော်မတီက ဒီဇင်ဘာလဆန်းတွင် ပိတ်သိမ်းလိုက်သည့်အတွက် ပြန်လည်ခွင့်ပြုပေးရန် တောင်းဆိုနေခြင်းဖြစ်သည်။
“ကုမ္ပဏီတစ်ခုအနေနဲ့ ဒီလောက်ဧက အကျယ်ကြီးကို စက်ယန္တရားအပြည့်အစုံ၊ လူအင်အားအပြည့်အစုံနဲ့ လုပ်ဖို့ကြတော့ သူတို့အတွက်လည်းမလွယ်ဘူးပေါ့။ နောက်တစ်ချက်က ကုမ္ပဏီအနေနဲ့က ဒီမှာဒေသခံတွေ လည်းရှိတယ်။ စစ်ဘေးရှောင်တွေလည်း ရှိနေတာဖြစ်တယ်။ အဲ့ဒီအတွက်ကိုလည်း ကြည့်ပေးတဲ့အနေနဲ့ ပြည်သူတွေအနေနဲ့အဆင်ပြေအောင် သူတို့လည်း အခွန်ထမ်းရနည်းနည်းပေါ့အောင် အဲ့ဒီလိုမျိုး အစုစား ပြန်ချပေးတာ။ အဲ့ဒါကိုလက်မခံလို့ပိတ်တာ။ ကုမ္ပဏီကိုတော့မပိတ်ဘူး”ဟု ဆန္ဒပြရာတွင်ပါဝင်သည့် ဒေသခံအမျိုးသားနောက်တစ်ဦးကပြောသည်။
လုပ်ပိုင်ခွင့်ချပေးထားသည့် ကုမ္ပဏီမြေပေါ်တွင် အစုစားပြန်လည်ချထားပေးပိုင်ခွင့်မရှိသည့် အတွက် ပိတ်သိမ်းရခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင် ကပြောသည်။
“တရားဝင် လုပ်နေတဲ့ ကုမ္မဏီမြေတွေမှာ ကုမ္မဏီနဲ့ညှိပြီး အစုစား ဝင်လုပ်နေကြလို့ အစိုးရ မူဝါဒအရ ကုမ္မဏီတွေအနေနဲ့ အဲ့ဒီလို အစုစားချပိုင်ခွင့်မရှိတာကြောင့် ပိတ်လိုက်ရတာဖြစ်ပါတယ်”ဟု ဒေါက်တာတူးခေါင်က Myanmar Now ကိုပြောသည်။
တနိုင်တပိုင်းရွှေတူးဖော်သူအများအပြားရှိနေသည့်အပြင် အပွင့်တူးဖော်ခြင်း (open pit) နည်းလမ်း ဖြင့်လုပ်ကိုင်သည့်အပေါ် ဒေသခံအချို့က ကန့်ကွက်မှုများရှိကြောင်း ဒေါက်တာတူးခေါင်က ဆိုသည်။
“အဓိကတော့ စည်းမဲ့ကမ်းမဲ့မဖြစ်ဖို့ ကျွန်တော်တို့ ထိန်းသိမ်းတဲ့သဘောပါပဲ။ အခုဟာက ကျွန်တော်တို့ တောင်မသိလိုက်ဘဲနဲ့ အများကြီး ရွှေတွေတူးနေကြတယ်။ ကျင်းတွေလည်းတူးနေကြတယ်။ open pit တွေလုပ်နေကြတော့ အဲ့ဒါကိုပိတ်ခိုင်းစေချင်တဲ့အဖွဲ့တွေ ရှိတယ်” ဟု ဒေါက်တာတူးခေါင်ကဆိုသည်။
“သယံဇာတစီမံအုပ်ချုပ်မှုဆိုတာကလေ လူတိုင်း ကျေနပ်အောင်တော့လုပ်ပေးလို့မရဘူး။ အဲ့ဒီနယ်ခံတွေထဲမှာပဲ တချို့က မတူးခိုင်းစေချင်တာတွေရှိသလို တချို့ကလည်း တူးချင်တဲ့သူတွေလည်း ရှိတယ်။ အဲ့ဒီလိုမျိုးနေရာမှာ ကျွန်တော်တို့က စီမံရတာဆိုတော့ လူတိုင်းကျေနပ်လို့တော့မရဘူး”ဟု ၎င်းကဆက်ပြောသည်။
လက်လုပ်လက်စားလုပ်သူများ စုပေါင်းပြီး အများပိုင် အလတ်စားလုပ်ကွက်များ လျှောက်ထားနိုင်သော်လည်း အချို့ကလက်မခံဘဲ နီးစပ်ရာအာဏာပိုင်အချို့နှင့်ညှိနှိုင်းပြီး လုပ်ချင်သလိုလုပ်ဆောင်နေကြသည်ဟု ဒေါက်တာတူးခေါင်က ဆိုသည်။
“ သယံဇာတ စီမံအုပ်ချုပ်မှုမှာ လက်လုပ်လက်စား ခွင့်ပြုဖို့ ဘယ်နိုင်ငံမှာမှ ဥပဒေ၊ နည်းဥပဒေတွေ မရှိပါဘူး။ တခြား စီးပွားရေးအခွင့်အလမ်းနဲ့တော့မတူဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့က အသေးစား ခွင့်ပြုနိုင်ဖို့နည်းလမ်း ခွင့်ပြုပေးထားပြီးသားပါ။ ဒါပေမဲ့ တရားဝင် မလုပ်ချင်ကြတာခက်တယ်”ဟု ၎င်းကဆိုသည်။
ကုမ္ပဏီဧရိယာပြင်ပနှင့်လွတ်ကင်းသည့် နေရာတွင် လုပ်ကွက်လျှောက်ထားနိုင်သည့် မူဝါဒရှိသော်လည်း ထိုနေရာများသည် ရွှေမထွက်သည့်အတွက် လက်တွေ့မကျကြောင်း အထက်ပါ ဒေသခံအမျိုးသား က တုံ့ပြန်သည်။
ရွှေထွက်တဲ့နေရာတွေက ကုမ္ပဏီဧရိယာတွေထဲမှာပဲ ရှိနေတာပါဗျ။ တောင်တိုင်းမှာရွှေမရှိဘူးလေဗျာ။ လွတ်နေတဲ့နေရာတွေမှန်သမျှက ရွှေမှမထွက်တာ ကျနော်တို့ပြည်သူတွေက ဘယ်လိုရပ်တည်မလဲပေါ့။ ဥပမာမြင်သာအောင်ပြောရရင် သဲကန္တာရမှာ ရေတွင်းတူးခိုင်းသလိုဖြစ်နေတယ်”ဟု ထိုအမျိုးသားက ပြောသည်။
ဗန်းမောက်မြို့နယ် ရွှေတူးဖော်ရေးတွင် ဒေသခံများနှင့်စစ်ဘေးရှောင်များအတွက် ထည့်သွင်းစဉ်းစား ကိုင်တွယ် နေမှု အခြေအနေနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း ညနေပိုင်းအထိ တုံ့ပြန် ဖြေကြားခြင်း မရှိသေးပါ။
ထိုရွှေမှော်များတွင် ဗန်းမောက်မြို့နယ် ဒေသခံများသာမက အနီးဝန်းကျင်မြို့များရှိ ပင်လည်ဘူး၊ ဝန်းသို၊ အင်းတော် စသည့်မြို့နယ်များမှ စစ်ဘေးသင့်ပြည်သူများလည်း စားဝတ်နေရေး မှီခိုလုပ်ကိုင် နေရသည့်အတွက် သင့်တင့်မျှတသည့်အခွန်နှုန်းထားဖြင့် လုပ်ခွင့်ပေးရန် လိုလားကြောင်း ဒေသခံများကဆိုသည်။
ပြီးခဲ့သည့်နှစ် ဇွန်လက ဗန်းမောက်မြို့နယ်တွင် ရုံးထိုင်သည့် အထူးသယံဇာတအဖွဲ့ ခေါင်းဆောင် ဦးအာကာနှင့်အဖွဲ့အား တိုင်ကြားချက်များကြောင့် အမျိုးသားညီညွတ်ရေးအစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ လက်ရှိတွင် အထူးသယံဇာတအဖွဲ့ကို ဒေါ်အမာနှင့် နော်ထီးခူတို့က ဦးဆောင်နေသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်ဝင်ပေါက်ဖြစ်သည့် ဗန်းမောက်မြို့နယ်တွင် မြို့တောင်ပိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရက ယမန်နှစ်များကတည်းက ထိန်းချုပ်ထားပြီး မြို့အနောက်ဘက်တွင် စစ်တပ်နှင့်နီးကပ်သောဆက်ဆံရေးရှိသည့် ရှမ်းနီအမျိုးသားများတပ် (SNA)က နယ်မြေစိုးမိုးထားသည်။
စစ်တပ်ခြေကုပ်ယူထားသည့် ဗန်းမောက်မြို့ကို ယမန်နှစ် နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ပြီး လေးလကျော် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်တပ်နှင့် SNA ပူးပေါင်းတပ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲံ့ရာ ပြီးခဲ့သည့်ရက်ပိုင်းကပင် မြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။



