NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်များ လေးလကျော် သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ဗန်းမောက်မြို့ကို စစ်ကော်မရှင်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်(SNA) ပူးပေါင်းတပ်များက ယမန်နေ့ (ဖေဖော်ဝါရီလ ၈ ရက်နေ့) တွင် ပြန်လည်သိမ်းပိုက်သွားသည်။
အင်အားရာချီပါသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းနီတပ်များသည် ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းကို ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းမှစတင်ကာ ထိုးစစ်ဆင်ခဲ့သည်။ ထို့နောက် ဇန်နဝါရီလ ၁၈ ရက်တွင် မြို့ပေါ်ရပ်ကွက်နှစ်ခုဖြစ်သည့် မြနန္ဒာရပ်ကွက်နှင့် လွှစင်ကုန်းရပ်ကွက်တို့ကို ထိန်းချုပ်နိုင်ခဲ့သည်။
ဗန်းမောက်မြို့ပေါ်တွင် ရပ်ကွက် လေးခုရှိရာ ကျန်ရှိနေသေးသည့် အောင်သာကုန်းနှင့် မြို့မရပ်ကွက်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဆက်လက်ထိန်းချုပ်ထားသည့်အတွက် တစ်လခန့်ကြာအောင် မြို့ပေါ်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
စစ်ကော်မရှင် ပူးပေါင်းတပ်များသည် မြို့တစ်ခုလုံးထိန်းချုပ်နိုင်ရန် ဂျက်တိုက်လေယာဉ်သုံးစီးဖြင့် အပြင်းအထန်ဗုံးကြဲပြီး ဆက်လက် ထိုးစစ်ဆင်ခဲ့ရာ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မြို့တစ်ခုလုံးကို ထိန်းချုပ်သွားနိုင်ခဲ့သည်ဟုမြေပြင်ရှိ တော်လှန်ရေးတပ်များနှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မနေ့တုန်းက ၁၀ နာရီလောက်ကို ဆုတ်ပေးလိုက်ရတာ။ လေယာဉ်တွေနဲ့ ဗုံးတွေလာကြဲတာ တိုက်ပွဲကတော့ တစ်နေ့လုံးဖြစ်နေတာ။ လေယာဉ်နဲ့ဗုံးကြဲတဲ့အခါမှာ မရတော့လို့ ဆုတ်ပေးလိုက်ရတာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သည် အဆင့်မြင့် ဒရုန်းအမျိုးအစားအစုံကို အသုံးပြုပြီး လေကြောင်းနှင့် လက်နက်ကြီးများကိုလည်း အများအပြား အသုံးပြုခဲ့သည်ဟုလည်း သူက ဆိုသည်။
“စစ်တပ်က လေယာဉ်တွေနဲ့ဗုံးကြဲတယ်။ အဆင့်မြင့် ကင်းထောက်ဒရုန်းတွေနဲ့ ထောက်လှမ်းပြီးတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်။ အသေခံဒရုန်းတွေနဲ့လည်း တိုက်ခိုက်တယ်။ အဲဒီလိုနဲ့ ပါသွားတာပဲ” ဟု ပြောသည်။
ဇန်နဝါရီလ ၁၈ ရက် မြို့ပေါ်ရပ်ကွက်နှစ်ခု လက်လွှတ်ခဲ့ရပြီးနောက်ပိုင်း မြို့မကျရေး ပြည်သူ့ကာကွယ်ရေးတပ်များက အပြင်းအထန်ခုခံခဲ့သော်လည်း စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်သည့်အပြင် ခဲယမ်းနှင့်လက်နက် မလုံလောက်မှုကြောင့် မဖြစ်မနေ နောက်ဆုတ်ပေးခဲ့ရခြင်း ဖြစ်သည်ဟုလည်း အထက်ပါ အမျိုးသားက ပြောသည်။
“အဓိကက ကျည်ဆန်မလောက်လို့ ဆုတ်ပေးလိုက်ရတာ ဗန်းမောက်ကြတော့ စစ်ဒေသ(၁)- (NUG လက်အောက်ခံ)က ကိုင်ထားတာ။ စစ်ဒေသကလည်း ကျည်ဆန်မချပေးဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။
တိုက်ပွဲအတွင်း နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုများခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ ဗန်းမောက်မြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗန်းမောက် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၁၁ ဦးအထိ ကျဆုံးခဲ့ရသည်ဟု သိရသည်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိသည်ဟု စစ်တပ်က ထုတ်ပြန်ထားသော်လည်း အရေအတွက် ဖော်ပြထားခြင်း မရှိပေ။
ဗန်းမောက်မြို့ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၀ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ စစ်ဒေသ( ၁) လက်အောက်ခံ တပ်များနှင့် မဟမိတ်ပူးပေါင်းတပ်များ၊ ကချင်လွတ်လပ်ရေးတပ်(KIA) တို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က ဗန်းမောက်မြို့တွင် တပ်စွဲထားသည့် စစ်တပ်နှင့် SNA ပူးပေါင်းတပ်များသည် မြို့မှ ဆုတ်ခွာသွားခဲ့ပြီး မြို့အနောက်ဘက်တွင် အခိုင်အမာ တပ်စွဲပြီး ဗန်းမောက်မြို့သို့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗန်းမောက်မြို့တိုက်ပွဲတွင် စစ်တပ်၏ တပ်မ(၇၇) ရှေ့တန်းတပ်ရင်းမှ အင်အားအချို့ပါဝင်သော်လည်း အင်အားအများစုသည် SNA တပ်များဖြစ်သည်။
စစ်ကော်မရှင်ထိန်းချုပ်ထားသည့် သတင်းစာများတွင် ဗန်းမောက်မြို့တွင် တိုက်ပွဲကြီးငယ် ၆၉ ကြိမ်ဖြစ်ပွားပြီး တိုက်ပွဲများအတွင်း လက်နက်မျိုးစုံ ၂၇ လက်နှင့် ခဲယမ်း၊ ဗုံးသီးများ သိမ်းယူရရှိသည်ဟု ဖော်ပြသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် SNA သည် စစ်တပ်နှင့် ပိုမိုနီးစပ်လာပြီး အချို့တိုက်ပွဲများတွင် KIA နှင့် တော်လှန်ရေးတပ်များကို ပြန်လည် တိုက်ခိုက်ခဲ့သည်။
စစ်ကိုင်းတိုင်း အထက်ပိုင်း ဒေသများဖြစ်သည့် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ဗန်းမောက်၊ ဝန်းသို၊ အင်းတော်နှင့် ကချင်ပြည်နယ် မိုးညှင်း၊ အင်းတော်ကြီးနှင့် ဖားကန့်ဆယ်ဇင်း ဒေသတို့တွင် SNA က စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းကာ စစ်ဆင်ရေး ပြုလုပ်နေသည်။
ဗန်းမောက်မြို့၏ အနောက်တောင်ဘက် မိုင် ၆၀ ခန့်အကွာရှိ ပင်လည်ဘူးမြို့ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် NUG လက်အောက်ခံ ကာကွယ်ရေးတပ်များက သိမ်းပိုက်ထားသည်။ ဗန်းမောက်မြို့ အရှေ့ဘက် ၂၈ မိုင် အကွာတွင်ရှိသည့် အင်းတော်မြို့ကိုလည်း ပြီးခဲ့သည့်နှစ် ဧပြီလတွင် NUG လက်အောက်ခံ ကာကွယ်ရေးတပ်များက သိမ်းပိုက်ထားသည်။
အာဏာသိမ်းစစ်တပ်ကို NUG လက်အောက်ခံတပ်များနှင့် ပူးပေါင်းတပ်များက မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယနေ့အထိ စစ်ကိုင်းတိုင်းအတွင်းရှိ အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊ မြို့သစ်နှင့် ရွှေပြည်အေးမြို့များကို သိမ်းပိုက်ထားသည်။



