အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်မဲ မပါဘဲ ကြံ့ခိုင်ရေးပါတီ အစိုးရဖွဲ့နိုင်သည်အထိ အပြတ်အသတ် အနိုင်ရ

အာဏာသ်ိမ်းစစ်တပ်က ဦးဆောင် ကျင်းပသော ရွေးကောက်ပွဲ သုံးပိုင်းလုံး၏ ရလဒ်များ စုပေါင်းချက်အရ ၎င်းတို့ ကျောထောက်နောက်ခံပေးထားသော ကြံ့ခိုင်ရေးပါတီကပင် အစိုးရဖွဲ့နိုင်သည့် မဲအခြေအနေဖြင့် အနိုင်ရခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က (UEC) က ဖေဖော်ဝါရီလ ၄ ရက်တွင် ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၏ အပြီးသတ်ရလဒ်ကို ထုတ်ပြန်ကြေညာခဲ့ရာ စစ်တပ်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က လွှတ်တော်ကိုယ်စားလှယ် ၃၉၉ နေရာဖြင့် စစ်တပ်ကိုယ်စားလှယ်များ၏ မဲမပါဘဲ အစိုးရ ဖွဲ့စည်းနိုင်သည့် မဲ အရေအတွက် ရရှိနေပြီဖြစ်သည်။ 

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်အထိ မြန်မာတစ်နိုင်ငံလုံးရှိ ၂၆၃ မြို့နယ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးတွင် အရပ်သား လွှတ်တော်ကိုယ်စားလှယ် ၄၂၀ ဦး ရှိသည့်အနက် ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ၃၃၉ ဦး အထိ အနိုင်ရရှိခဲ့သည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီလ ၄  ရက်နေ့က ထုတ်ပြန်ထားသည်။ 

ထိုအရေအတွက်သည် အရပ်သား လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၈၁ ရာခိုင်နှုန်းထိရှိနေပြီး စစ်တပ် လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး ၏ ဆန္ဒမဲ မပါဘဲ ကြံ့ခိုင်ရေးပါတီက အစိုးရဖွဲ့နိုင်သည့် အရေအတွက် ဖြစ်သည်။

ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်တွင် ၂၃၄ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၅၇ နေရာ ရရှိထားပြီး ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးတွင် ၃၃၉ နေရာအထိ အနိုင်ရရှိ ထားသည်ဟု ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကြံခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် မင်းကင်းမောင်မြင့်က ၎င်း၏ ဖေ့ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာမှ ထုတ်ဖော်ပြောဆိုထားသည်။ 

“အားလုံး သိကြတဲ့ အတိုင်းပဲ ၃၉၉ နေရာရတယ်ဆိုတာက ၂၀၁၀ ခုနှစ်တုန်းကရတဲ့ ပမာဏထက်တောင် များတယ်လို့ ဒီလိုပဲ တွေ့ရပါတယ်။ အဲ့ဒီတော့ ဘာပဲပြောပြော ပါတီပေါ်မှာ  ပြည်သူတွေရဲ့ အားကိုးမှုကတော့ အလုပ်နဲ့ ပြန်ပြီးတော့ ကျေးဇူးဆပ်ဖို့ လိုတယ်ဆိုတာကို သိပါတယ်။ အဲဒါအတွက်လည်း ကြိုးစားပါ့မယ်” ဟု ၎င်းက ရေးသားထားသည်။ 

ကြံ့ခိုင်ရေးပါတီ၏ အစိုးရဖွဲ့စည်းမည့် အခြေအနေများနှင့် ပတ်သက်ပြီး Myanmar Now က ကြံ့ခိုင်ရေး ပါတီ ပြောရေးဆိုခွင့်ရှိသူများကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။ 

စစ်တပ်၏ ဦးဆောင်မှုဖြင့် ကျင်းပခဲ့သည့် အဆိုပါ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် နိုင်ငံရေးပါတီ ခြောက်ခု ရှိသည့်အနက် တောင်သူလယ်သမားဖွံ့ဖြိုးရေးပါတီ မှလွဲ၍ ကျန်သည့် နိုင်ငံရေးပါတီ ငါးခုသည် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်နေရာများ ရရှိခဲ့ကြသည်။ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က ၃၃၉ နေရာ ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တဆည) က ၂၀ နေရာ ၊ ကျားဖြူပါတီဟု လူသိများသည့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က ၈ နေရာ၊ ပြည်သူ့ပါတီ(PP)က ၅ နေရာ၊  ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၁ နေရာ  အသီးသီးရရှိခဲ့သည်ဟု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ထိုကဲ့သို့ အပြတ်အသတ် အနိုင်ရစေရန်လည်း စစ်တပ်နှင့် စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေး ပါတီတို့က ကြိုတင်မဲများ၊ ပြိုင်ဘက်ပါတီများကို ကန့်သတ်ဖိနှိပ်ခြင်းများအပါအဝင် နည်းလမ်းပေါင်းစုံဖြင့်  ကြိုးပမ်းခဲ့ကြသည်။

စစ်တပ်ရွေးကောက်ပွဲတွင် မျှော်လင့်ချက်များဖြင့် ယှဉ်ပြိုင်ခဲ့သည့် နာမည်ကြီး နိုင်ငံရေးသမားများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ( NLD) အမတ်ဟောင်း ဒေါ်စန္ဒာမင်း၊  ရခိုင်နိုင်ငံရေး သမား ဒေါက်တာအေးမောင်၊ ပြည်သူ့ပါတီမှ ဦးကိုကိုကြီးတို့လည်း ရှုံးနိမ့်ခဲ့သည်။

အာဏာသိမ်း စစ်တပ်နှင့် ရင်းနှီးမှုရှိသည့် တိုင်းရင်းသား ပါတီများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာတွင် မွန်ပြည်နယ်တွင် မွန်ညီညွတ်ရေးပါတီ (MUP) က ၁၀ နေရာ ၊ ရှမ်းပြည်နယ်တွင် ကျားဖြူပါတီက ၈ နေရာ ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) က ၇ နေရာ၊ နာဂအမျိုးသားပါတီ (NNP) က ၅ နေရာ ဖြင့် အများဆုံး အနိုင်ရရှိခဲ့ကြခြင်းဖြစ်သည်။  

ရွေးကောက်ပွဲမတိုင်မီ အကြိုမဲဆွယ်ပွဲတွင် တွေ့ရသော ပြည်သူ့ပါတီခေါင်းဆောင်နှင့်အဖွဲ့ဝင်အချို့။ (ဓာတ်ပုံ- Myanmar Now) 

ပြည်ထောင်စုလွှတ်တော် နေရာ ၈ နေရာအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၃၉ နေရာ ရရှိခဲ့ပြီး ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်သည့် ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် ပညာရေး တို့ကို အဓိကထား ဆောင်ရွက်သွားမည်ဟု ကျားဖြူပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းဘိုးအောင်က Myanmar Now ကိုပြောသည်။ 

“ကျွန်တော်တို့ ပြည်ထောင်စု လွှတ်တော်မှာ ရာခိုင်နှုန်းနဲ့ ထွက်ရင်တော့ အင်မတန်နည်းပါတယ်။ သိပ်လည်း အရာရောက်မဲ့ အနေအထားမျိုး မရှိပါဘူး။ ဟိုအဖွဲ့နဲ့ ဒီအဖွဲ့နဲ့ ပူးပေါင်းဖို့ဆိုတာကလည်း ပူးပေါင်းတယ်ဆိုတဲ့ အနေအထားထက် မိတ်ဖက်အနေနဲ့ နိုင်ငံအတွက် ကောင်းကျိုးကို ဆောင်ရွက်ဖို့ပဲ ရှိပါတယ်” ဟု ၎င်းက ပြောသည်။ 

လွှတ်တော်ခေါ်ယူမည့် ရက်ကို အကြောင်းကြားလာခြင်း မရှိသေးဘဲ လွှတ်​တော်အခင်းအကျင်း အသစ် ပေါ်ပေါက်လာမှသာ အစိုးရဖွဲ့စည်းရမည့် အခြေအနေကို သိရှိနိုင်မည်ဖြစ်ပြီး ရှေ့ရေးကို ကြိုတင်မှန်းစ၍ မရနိုင်သေးဟု ၎င်းက ဆိုသည်။ 

“၂၀၁၀ ထက်တော့ အများကြီးနည်းတာပေါ့ ၂၀၁၀ တုန်းက ကျွန်တော်တို့ ၂၂ ဦး ရှိတယ်။ အခြေအနေ ကွာခြားမှုတော့ရှိတာပေါ။ ဟိုတုန်းက မြို့နယ်ပေါင်း ၃၀၀ ကျော်တယ်။ အခုဟာက မြို့နယ်ပေါင်း ၂၀၀ ကျော် မြို့နယ်ပေါင်း နည်းသွားတာလည်းရှိတယ်။ မဲဆန္ဒရှင်တွေရဲ့ အနေအထားလည်း အပြောင်းအလဲ ရှိတယ်လို့ မြင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ပါတီက ပြည်ထောင်စုလွှတ်တော် ၁၀ နေရာ အပါအဝင် ၁၇ နေရာ အနိုင်ရရှိထားပြီး လွှတ်တော် ခေါ်ယူမည့်ရက်ကို စောင့်ဆိုင်းနေသည်ဟု မွန်ညီညွတ်ရေးပါတီ အတွင်းရေးမှူး ဦးစံတင်က ပြောသည်။ 

“အခုလောလောဆယ် ပါတီက လွှတ်တော် ကိုယ်စားလှယ် အစည်းအဝေးလည်း မခေါ်ရသေးဘူး။ ပါတီက ဘာမှ မချမှတ်ရသေးဘူး။ လွှတ်တော်မတိုင်ခင်လေးတော့ ခေါ်မှာပါ။ လွှတ်တော်ခေါ်ဖို့ကလည်း အကြောင်း မကြားသေးဘူး” ဟု ၎င်းက ပြောသည်။ 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြို့နယ် ၃၃၀ တွင် ရွေးကောက်ပွဲ ကျင်းပနိုင်လျှင် ပြည်သူ့လွှတ်တော်တွင် ၃၃၀ ၊ အမျိုးသားလွှတ်တော်တွင် ၁၆၈ ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်  ၁၆၆ နှင့် ပေါင်းပါက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်  ၆၆၄ ဦးရှိသည်။

သို့သော်လည်း စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မြို့နယ် ၂၆၃  မြို့နယ်တွင် ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော်တွင် ၂၆၃  ဦး ၊ အမျိုးသား လွှတ်တော်တွင် ၁၅၇ ဦး ၊ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦး နှင့် တင်မြောက်နိုင်မည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၅၈၆  ဦးရှိမည် ဖြစ်သည်။ 

ကြံ့ခိုင်ရေးပါတီက ဖွဲ့စည်းမည့် အစိုးရအဖွဲ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အလိုကျ အစိုးရမျိုးသာ  ဖွဲ့စည်းသွားရမည် ဖြစ်ပြီး ၎င်း၏ အမိန့်ဆန္ဒအတိုင်း မလိုက်နာပါက ကြံ့ခိုင်ရေး ပါတီခေါင်းဆောင် များကိုလည်း ဖယ်ရှားသွားနိုင်သည်ဟု မြန်မာ့ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတစ်ဦးဖြစ်သည့် ကိုထင်ကျော်အေးက သုံးသပ်သည်။  

“ အခု လက်ရှိ ကြံ့ခိုင်ရေးမှာ ဦးဆောင်တဲ့ သူတွေက လက်မခံဘူးဆိုရင်တော့ ဒီလူတွေကို တနည်းနည်းနဲ့ ဖယ်ရှားတာမျိုး ဖိအားပေးတာမျိုး လုပ်သွားလိမ့်မယ်လို့ မြင်ပါတယ်။ အဓိကတော့ အဆုံးအဖြတ် ပေးသွားမှာကတော့ ကြံ့ခိုင်ရေးဆိုတာထက် စစ်ခေါင်းဆောင်ပဲ အဆုံးအဖြတ်ပေးသွားမဲ့ အခြေအနေပါပဲ” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်တပ်က အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပသည့် ရွေးကောက်ပွဲ ပြီးဆုံးသည့် ဇန်နဝါရီလ ၂၅ ရက်နေ့ ရွေးကောက်ပွဲ မဲရလဒ်မထွက်မီကပင် စစ်တပ်နောက်ခံ ကြံ့ခိုင်ရေးပါတီက မဲ အရေအတွက် ၂၀၀ ကျော် ရရှိထားရာ စစ်တပ်မဲနှင့်ပေါင်းပါက အစိုးရ ဖွဲ့နိုင်သည့် အခြေအနေ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ရွေးကောက်ပွဲကော်မရှင်က အပြီးသတ် ရလဒ်များ ကြေညာခဲ့ရာတွင် စစ်တပ်ကိုယ်စားလှယ်မဲ ၁၆၆ မဲ မပါလျှင်လည်း  ကြံ့ခိုင်ရေးပါတီက ၎င်းတို့မဲဖြင့်သာ အစိုးရဖွဲ့နိုင်မည့်အခြေအနေအထိ အပြတ်အသတ် အနိုင်ရခဲ့သည်။ 

Related Articles

Back to top button