အာဏာသိမ်းစစ်တပ်က အပိုင်းသုံးပိုင်ခွဲ၍ ကျင်းပသည့် ရွေးကောက်ပွဲကို ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် တတိယပိုင်းအဖြစ် မြို့နယ်ပေါင်း ၆၁ မြို့နယ်တွင် အပြီးသတ်ကျင်းပခဲ့ပြီး ရွေးကောက်ပွဲ မဲရလဒ်မထွက်မီကပင် အချိန်ကတည်းကပင် စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီက အစိုးရဖွဲ့နိုင်နေသည်ကို တွေ့ရသည်။
စစ်တပ်က စိတ်ကြိုက်ခြယ်လှယ်ကျင်းပသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီ၊ ကချင်၊ ကရင်၊ ရှမ်း စသည့် တိုင်းနှင့်ပြည်နယ် ကိုးခုမှ မြို့နယ်ပေါင်း ၆၁ မြို့နယ်တွင် အပြီးသတ် ကျင်းပနေခြင်းဖြစ်သည်။
မူလက ၆၃ မြို့နယ်တွင် ကျင်းပရန် စစ်တပ်က လျာထားသော်လည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်တွင် ကချင်ပြည်နယ် မံစီနှင့် မိုးမောက်တို့တွင် မကျင်းပဟု စစ်ကော်မရှင် ရွေး/ကော်က ထုတ်ပြန်ခဲ့သည်။
ရွေးကောက်ပွဲ တတိယပိုင်းမကျင်းပမီ ပထမပိုင်းနှင့် ဒုတိယပိုင်းအား မြို့နယ်ပေါင်း ၂၀၂ မြို့နယ်တွင် မဲပေးသူနည်းပါးစွာဖြင့် ကျင်းပပြီးစီးခဲ့သည်။ ထိုရွေးကောက်ပွဲများတွင် လွှတ်တော်နှစ်ရပ်အတွက် အမတ်ဦးရေ ၂၃၄ ဦး ရရှိထားရာ ထိုပမာဏသည် အာဏာသိမ်းတပ်ကစေလွှတ်မည့် တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပူးပေါင်းပြီး အစိုးရဖွဲ့နိုင်နေပြီဖြစ်သည်။
ကြံ့ခိုင်ရေးပါတီက ဒီဇင်ဘာလ လကုန်ပိုင်း ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပြည်သူ့ လွှတ်တော် ၁၀၂ နေရာ၊ အမျိုးသား လွှတ်တော် ၂၁ နေရာ ရရှိသည်။ ဇန်နဝါရီလဆန်း ရွေးကောက်ပွဲ အပိုင်း (၂) တွင် ပြည်သူ့လွှတ်တော် နေရာ ၈၀၊ အမျိုးသားလွှတ်တော် ၃၁ နေရာ အနိုင်ရရှိထားသည်ကို စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များတွင် တွေ့ရသည်။
ရွေးကောက်ပွဲကို မြို့နယ် ၂၆၃ မြို့နယ်တွင် ကျင်းပရာ ပြည်သူ့လွှတ်တော်အမတ်၂၆၃ ဦးအထိ၊ အမျိုးသား လွှတ်တော်အမတ် ၁၆၈ ဦးအထိ ရှိလာနိုင်မည်ဖြစ်သည်။ စစ်တပ်သည်လည်း ရွေးကောက်ပွဲ မဝင်ဘဲ ကိုယ်စားလှယ် ၁၆၆ ဦး စေလွှတ်နိုင်မည် ဖြစ်ရာ ပြည်ထောင်စုလွှတ်တော်တွင် စုစုပေါင်း ကိုယ်စားလှယ် အရေအတွက် ၅၉၇ ဦးအထိ ရှိနိုင်မည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်တွင် စုစုပေါင်း ကိုယ်စားလှယ် အရေအတွက် ၅၉၇ ဦး၏ ထက်ဝက်ကျော် ကိုယ်စားလှယ် အရေအတွက် ၂၉၉ ရရှိပါက ကြံ့ခိုင်ရေးပါတီ အစိုးရဖွဲ့နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲအပိုင်း (၃) ရလဒ်မထွက်မီ အမတ်ဦးရေ ၂၃၄ ဦး ရရှိထားသည့် ကြံ့ခိုင်ရေးပါတီသည် အစိုးရဖွဲ့နိုင်ရန် နောက်ထပ် အမတ်ဦးရေ ၆၅ ဦးသာ လိုတော့သည်။
ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယသမ္မတ သုံးဦး အဆိုပြုကြမည် ဖြစ်ပြီး ထိုအထဲမှ တစ်ဦးသည် ကိုယ်စားလှယ်ထက်ဝက်ကျော်၏ ဆန္ဒမဲပေးရွေးချယ်မှုဖြင့် သမ္မတဖြစ်လာမည်။ ထိုသမ္မတက ဦးဆောင်ပြီး အစိုးရဖွဲ့နိုင်မည်ဖြစ်သည်။
ယခုရွေးကောက်ပွဲ တတိယပိုင်းတွင် စီးပွားရေးမြို့တော် ရန်ကုန်ရှိ ဒဂုံ၊ လမ်းမတော်၊ တာမွေ၊ ရန်ကင်း၊ မင်္ဂလာတောင်ညွှန်၊ စမ်းချောင်း၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ ဆိပ်ကြီးခနောင်တို၊ ဒလ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ ကျောက်တန်း၊ ခရမ်းသုံးခွမြို့နယ်နှင့် မန္တလေးတွင် မြစ်သား၊ ချမ်းမြသာစည်၊ မလှိုင်၊ တောင်သာ၊ မြင်းခြံ၊ ငါန်းဇွန်၊ သပိတ်ကျင်း၊ ပုသိမ်ကြီးတို့ပါဝင်သည်။
ရန်ကုန်တိုင်းရှိ မြို့နယ်များမှလွဲ၍ အခြားမြို့နယ်တို့တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များဖြစ်ပွား၍ စစ်ရေးပဋိပက္ခပြင်းထန်နေသည့် မြို့နယ်များဖြစ်သည်။
ရန်ကုန်မြို့ပေါ်ရှိ ရန်ကင်း၊ တာမွေ၊ ဒဂုံ၊ လမ်းမတော်နှင့် အခြားမြို့နယ်များသို့ Myanmar Now က သွာရောက်လေ့လာခဲ့ရာ မဲရုံရှိရာလမ်းများကို ပိတ်၍ လုံခြုံရေးများချကာ မဲရုံဖွင့်လှစ်ထားသော်လည်း ယခင်ရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂ )တို့နည်းတူ မဲလာပေးသူနည်းပါးကြောင်းတွေ့ရသည်။
နံနက် ၁၀ နာရီဝန်းကျင်တွင် ရန်ကင်းမြို့နယ် အမှတ် (၂) ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့က Hijet ကားအဖြူရောင်ဖြင့် ရပ်ကွက်အတွင်း လှည့်လည်ကာ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် မဲပေးကြရန် လိုက်လံနိုးဆော်သော်လည်း မဲလာပေးသူနည်းပါးခဲ့သည်။ မဲရုံရှိသောလမ်းများတွင် ဆိုင်များပိတ်ထားပြီး မဲရုံမရှိသောလမ်းများတွင်မူ ပုံမှန်အတိုင်း လည်ပတ်နေကြောင်း တွေ့ရသည်။
ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး ဝင်ရောက်ယှဉ်ပြိုင်သည့် လမ်းမတော်မြို့နယ် မဲရုံအမှတ်-၂ တွင်လည်း နေ့လယ် ၁၁ နာရီခန့်အထိ မဲပေးရန်နှိုးဆော်သည့် သီချင်းများဖွင့်ထားသော်လည်း လူသူကင်းရှင်းနေသည်။
တာမွေမြို့နယ် ၁၆၆ လမ်း ရာပြည့်ဈေးအနီး မဲရုံ၊ ၁၆၆ လမ်း အောက်ခြမ်းရှိ မဲရုံများတွင် မဲပေးသူနည်းသလို ဒဂုံမြို့နယ် ဒဂုံ (၁) အထက်တန်းကျောင်းအတွင်းရှိ မဲရုံများတွင် မဲစာရင်းကြည့်နေသူ ငါးဦးဝန်းကျင်နှင့် နိုင်ငံခြားသား သတင်းထောက်တစ်ဦးသာတွေ့ရသည်။ ဒဂုံ (၁) ကျောင်းထဲရှိ မဲရုံတွင် လုံခြုံရေးပိုချထားသည်။
သာကေတမြို့နယ်တွင်လည်း မဲပေးသူနည်းပါးပြီး မဲရုံအနီးလမ်းများကို ကားအဝင်အထွက် ပိတ်ထားသောကြောင့် သွားလာရေးအခက်တွေ့ရသည်ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
သို့ရာတွင် ယခင်ရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) ကဲ့သို့ မဲမပေးပါက ခရီးသွားထောက်ခံချက်မပေးခြင်း၊၊ စစ်မှုထမ်းခေါ်ယူခြင်း၊ ပြည်ပထွက်ခွင့်ကန့်သတ်ခြင်းစသည့် ကောလာဟလများ၊ အကြောက်တရားနှင့် ဖိအားများကြောင့် မဲပေးသူများ ဆက်ရှိနေကြောင်း ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် အမှတ်(၅) ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“အခုက ခရီးသွားထောက်ခံချက်မပါရင် ခရီးသွားဖို့ အဆင်မပြေတော့ လူငယ်တွေ မဲပေးကြတာတော့ တွေ့ရတယ်” ဟု ထိုအမျိုးသားက ဆက်ပြောသည်။
ရွေးကောက်ပွဲ မတိုင်ခင် တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ပဲခူးတိုင်း အရှေ့တိုင်း ကျောက်တံခါး၊ အုတ်တွင်း၊ ကျောက်ကြီး မြို့နယ်များရှိ စစ်ဘေးရှောင်များသည်လည်း ဆွေမျိုးအိမ်များနှင့် လယ်တောထဲတွင် ရှောင်နေရသူများ မဲပေးနိုင်သည့် အခြေနေတွင် ရှိမနေကြောင်း ယင်းနယ်မြေများတွင် လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့များနှင့် စစ်ရှောင်များကို ကူညီနေသူများက ဆိုသည်။
နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းတွင် ရွေးကောက်ပွဲတတိယပိုင်းတွင် မြို့နယ် ရှစ်ခုပါဝင်ပြီး မြို့နယ် နှစ်ခုမှလွဲ၍ ကျန်မြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားနေသလို ကာလရှည်ကြာတိုက်ပွဲများကြောင့် ဒေသခံ ထောင်သောင်းချီ စစ်ဘေးရှောင်နေကြရသည်။
မန္တလေးတိုင်းအတွင်း မဲရုံစုစုပေါင်း ၅၀၀ ကျော်ရှိပြီး နံနက် ၆ နာရီမှ ညနေ ၄ နာရီထိ မဲပေးနိုင်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက ဆိုသည်။
မဲလာပေးသူ အရေအတွက်ကို အတိကျမပြောနိုင်သော်လည်း မျှော်မှန်းထားသည်ထက်ပိုကြောင်း တိုက်ပွဲဖြစ်ပွားသော မြို့နယ်များ၏ မဲရုံလုံခြုံရေးအခြေအနေကိုမူ ပြောဆို၍မရကြောင်း ၎င်းက ဆိုသည်။
မန္တလေးမြို့သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်းရောက်ရှိနေပြီး မဲရုံအချို့ကို သွားရောက်ကြည့်ရှုကာ ရွေးကောက်ပွဲရလဒ်ကို ပြည်ပနိုင်ငံများက အသိအမှတ်ပြုခြင်းမပြုခြင်းကို နားမလည်ဟု မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
“နိုင်ငံခြားက အသိအမှတ်ပြုတာ မပြုတာ ကျွန်တော်တို့ နားမလည်ဘူး ပြည်သူက မဲပေးတာ ကျွန်တော်တို့ အသိအမှတ်ပြုမယ်” ဟု စစ်ခေါင်းဆောင်က ပြောဆိုသွားသည်။

လုံခြုံရေးတင်းကျပ်ထားသည့် မန္တလေး
စစ်ခေါင်းဆောင် မန္တလေးမြို့သို့ရောက်ရှိနေစဉ် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် လုံခြုံရေး အထူးတင်းကျပ်ထားသည်ဟုလည်း မြို့ခံများက ပြောသည်။
“စစ်ခေါင်းဆောင်ရောက်နေတော့ တစ်မြို့လုံးအစစ်အဆေးကြမ်းတယ်။ မနေ့ကစပြီး စစ်နေတာ အခု ရွေးကောက်ပွဲ နှစ်မြို့နယ်လုံးကိုလည်း လုံခြုံရေး ချထားတယ်”ဟု အသက်(၂၅)အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယနေ့(ဇန်နဝါရီလ ၂၅ ရက်) နံနက်အစောပိုင်းတွင် မန္တလေး မြို့သို့ရောက်နေပြီး ချမ်းမြသာစည်မြို့နယ်ရှိ မဲရုံများကို လှည့်လည်ကြည့်ရှုနေသည့် ရုပ်သံများကို စစ်တပ်ဝါဒဖြန့် စာမျက်နှာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
မန္တလေး တစ်မြို့လုံးကို လုံခြုံရေးပိုမိုတင်းကျပ်၍ မဲရုံများအနီးတွင်လည်း ရဲကားများ လုံခြုံရေးယူထားကြောင်း မဲရုံများကို စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့တွင် ပြင်ဆင်ထားပြီး မဲပေးသူနည်းပါးကြောင်း အထက်ပါ ဒေသခံကဆိုသည်။
“ကျွန်တော်ပတ်ကြည့်တာ ၁၂ နာရီဝန်းကျင်ပေါ့ နှစ်မြို့နယ်လုံးက မဲရုံတွေအတော်များများ လူမရှိသလောက်ပဲ “ဟု ဆိုသည်။
ပုသိမ်ကြီးမြို့နယ် အုန်းချော၊ကျောက်ချော၊ထုံးဘို၊ငွေတောင်၊သန့်စင်ကုန်းစသည့် ပြင်ဦးလွင်- မန္တလေး ကားလမ်းပေါ်ရှိ ကျေးရွာတို့တွင်လည်း မဲရုံများကို စာသင်ကျောင်းအများစုတွင် ပြုလုပ်နေပြီး၊ မဲရုံလုံခြုံရေးကို ပျူစောထီးနှင့် မီးသတ်များက လုံခြုံရေးယူထားသည်။ မဲရုံပရဝဏ်အတွင်းတွင်မူ မဲပေးသည့် လူမရှိဟု Myanmar Now က စုံစမ်းသိရှိရသည်။
ထိုမြို့နယ်တွင် ရဲကားများ ကင်းပတ်နေပြီး ၊မန္တလေးမြို့ထိပ် သိပ္ပံလမ်း အဝိုင်းပတ်တွင် လက်နက်အသင့်ဖြင့် ရဲများက လမ်းသွားလမ်းလာများကို နိုင်ငံသားစိစစ်ရေးကတ် စစ်ဆေးနေသည်ဟု မြေပြင်အခြေအနေကို Myanmar Now က စုံစမ်းသိရှိသည်။
ပုသိမ်ကြီးမြို့နယ်အနောက်မြောက်ပိုင်း မတ္တရာမြို့နယ်နှင့်ကပ်သည့် ဧရာဝတီမြစ်အနီးက ကျေးရွာများတွင်မူ စစ်ကော်မရှင်က ဒေသခံများကို ရွေးကောက်ပွဲနေ့တွင် အပြင်သွားလာခွင့် ကန့်သတ်ထားသည်ဟု သိရသည်။
ပြည်သူအများမဲမပေးခြင်းသည် လုံခြုံရေးကြောင့် မဲမထည့်ခြင်းသာဖြစ်သည်ဟု မန္တလေးမြို့သို့ ရောက်ရှိစဉ် စစ်ခေါင်းဆောင်က ပြောသည်။
“လာပေးတဲ့သူတွေက သူတို့ထောက်ခံချင်တဲ့သူပါလို့ မဲပေးတာပေါ့ သူတို့ ထောက်ခံချင်တဲ့သူမပါဘူးဆိုရင် မဲလာပေးမှာမဟုတ်ဘူး မဲလာမပေးခြင်းမှာ နှစ်ပိုင်းရှိတယ် သူတို့ ထောက်ခံချင်တဲ့သူတွေမပါလို့ မဲလာမပေးတာ။ တစ်ပိုင်းကတော လုံခြုံမှုအရ သူတို့မဲလာမပေးတာ။ လုံခြုံမှုဆိုတာ လာဖို့ပြုဖို့ အခက်အခဲရှိလို့။ မဲလာပေးတဲ့သူတွေက သူတို့ထောက်ခံတဲ့သူ ပါလို့ပေါ့” ဟု ပြောသည်။

ပါတီစုံဟု ကြွေးကြော်သော်လည်း အပြိုင်အဆိုင် မရှိသည့် ရွေးကောက်ပွဲ
ယခုရွေးကောက်ပွဲကို ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဟု စစ်ကော်မရှင်က ကြွေးကြော်နေသော်လည်း ၂၀၁၅ ခုနှစ် နှင့် ၂၀၂၀ ပြည်နှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဖျက်သိမ်းပြီး ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချထားသည်။
ထို့အပြင် စစ်တပ်၏ ရွေးကောက်ပွဲတွင် အစဉ်အလာရှိသည့် ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်( SNLD) ပါတီကလည်း ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပေ။
သို့ရာတွင် စစ်တပ်ရွေးကောက်ပွဲတွင် စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ပြည်သူ့ပါတီ (PP)၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရှမ်းနှင့်တိုင်းရင်းသား များဒီမိုကရက်တစ်ပါတီတို့သာ တစ်နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးထားပြီးကျန် ၅၁ ပါတီသည် ပြည်နယ်နှင့်တိုင်း လွှတ်တော်တို့အတွက်သာ ဝင်ပြိုင်ခွင့်ရသည်။
စစ်တပ်၏ အချိုးကျကိုယ်စားပြုစနစ်တွင် အကျုံးဝင်သည့် မဲဆန္ဒနယ်များတွင် အမတ်နေရာအချို့ကို အခြားပါတီများက ရရှိသော်လည်း နေရာအများစုကို စစ်တပ်၏ ကြံခိုင်ရေးပါတီကသာ အနိုင်ရနေကြာင်း လေ့လာသူများက ဆိုသည်။
စစ်အာဏာသိမ်းဝန်ကြီးဟောင်း ဒေါ်သက်သက်ခိုင်ဦးဆောင်သော ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ပါတီနှင့် စစ်တပ်ရွေးကောက်ပွဲမှ နိုင်ငံရေးအပြောင်းအလဲလုပ်ရန်မျှော်လင့်နေ့သော ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီတို့သည်လည်း အနိုင်ရခြင်းမရှိပေ။
ရခိုင်ပြည်နယ် စစ်တွေမှ အမျိုးသားလွှတ်တော်နေရာ ဝင်ရောက်ပြိုင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ၊ ရခိုင်နိုင်ငံရေးသမားဒေါက်တာအေးမောင် ရှုံးနိမ့်ခဲ့သည်။ ရန်ကုန်တိုင်း လသာမြို့နယ်မှ တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်သည့် NLD ပါတီဝင်ဟောင်း ဒေါ်စန္ဒာမင်းလည်း ကြံခိုင်ရေးကို ရှုံးနိမ့်ခဲ့သည်။
အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အပြီးသတ်ပြီး လာမည့်မတ်လတွင် လွှတ်တော်ခေါ်၍ ဧပြီလတွင် အစိုးရတရပ် ဖွဲ့စည်းနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း စစ်ကော်မရှင်က ထုတ်ဖော်ပြောဆိုထားသည်။
ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရနှင့်ပတ်သက်၍ စစ်ခေါင်းဆောင်က “ သူတို့က တိုင်းပြည်ကောင်းအောင် လုပ်ရမှာပေါ့ဗျာ။ ဘယ်အစိုးရတက်တက် တိုင်းပြည်ကောင်းဖို့ပဲ ပြည်သူလူထုရဲ့ အကျိုးစီးပွားဖော်ဆောင်ဖို့ တိုင်းပြည်တိုးတက်အောင် လုပ်ဖို့ တိုင်းပြည်အေးချမ်းအောင် ဆောင်ရွက်ပေးဖို့ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်အောင် လုပ်ပေးဖို့ အစိုးရတရပ်ကတော့ တာဝန်ရှိတာပေါ့” ဟု မန္တလေးမြို့သို့ ရောက်ရှိစဉ် ပြောဆိုခဲ့သည်။
ဆန့်ကျင်တော်လှန်သူများကို အရက်စက်ဆုံးစစ်ပွဲဆင်နွှဲနေသည့် စစ်တပ်သည် ရွေးကောက်ပွဲအပြီးတွင် လူထုအပေါ် ပစ်မှတ်ထားဖိနှိပ်မှုများ ရပ်တန့်သွားမည်မဟုတ်သလို ထိုးစစ်ဆင်တိုက်ခိုက်မှုများလည်း ဆက်လက်အရှိန်မြှင့်လာနိုင်ကြောင်း တော်လှန်ရေးသမားများနှင့်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် စစ်တပ်အရာရှိများက ဆိုသည်။



