အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်ရွေးကောက်ပွဲအလွန် ပြင်းထန်လာဦးမည့် စစ်ပွဲ၏ ဒုတိယလှိုင်း

ဆန့်ကျင်တော်လှန်သူများကို အရက်စက်ဆုံး စစ်ပွဲဆင်နွှဲနေသည့် စစ်တပ်သည် ရွေးကောက်ပွဲအပြီးတွင် လူထုအပေါ် ပစ်မှတ်ထားဖိနှိပ်မှုများ ရပ်တန့်သွားမည်မဟုတ်သလို ထိုးစစ်ဆင်တိုက်ခိုက်မှုများလည်း ဆက်လက်အရှိန်မြှင့်လာနိုင်ကြောင်း တော်လှန်ရေးသမားများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် စစ်တပ်အရာရှိများက ဆိုသည်။

စစ်တပ်၏ မဟာမိတ်နိုင်ငံအချို့နှင့် တပ်ထောက်ခံသူတို့မှလွဲ၍ ပြည်တွင်းပြည်ပက အတုအယောင်ဟု သတ်မှတ်သည့် ရွေးကောက်ပွဲအတွက် စစ်ကော်မရှင်က စိုးမိုးနယ်မြေများတွင် မဲပုံးများထောင်ထားပြီး အခြားတစ်ဖက်တွင် လက်နက်ကိုင်ခုခံမှုအားကောင်းသော တော်လှန်ရေးနယ်မြေများကို လေကြောင်းမှ ဗုံးမိုးရွာနေသည်။

အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပမည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် ယခုလ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အပြီးသတ်မည်ဖြစ်ရာ လာမည့်မတ်လတွင် လွှတ်တော်ခေါ်ပြီး ဧပြီလတွင် စစ်တပ်လိုလားသော အစိုးရတရပ် ဖွဲ့စည်းနိုင်ရန် ပြင်ဆင်လျှက်ရှိသည်။ 

ဆန့်ကျင်တော်လှန်သူများကို အရက်စက်ဆုံးစစ်ပွဲဆင်နွှဲနေသည့် စစ်တပ်သည် ရွေးကောက်ပွဲအပြီးတွင် လူထုအပေါ် ပစ်မှတ်ထားဖိနှိပ်မှုများ ရပ်တန့်သွားမည်မဟုတ်သလို ထိုးစစ်ဆင်တိုက်ခိုက်မှုများလည်း ဆက်လက်အရှိန်မြှင့်    လာနိုင်ကြောင်း တော်လှန်ရေးသမားများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် စစ်တပ်အရာရှိများက ဆိုသည်။ 

ရွေးကောက်ပွဲနေ့များတွင်ပင် နယ်မြေအနှံ့ ဗုံးကြဲတိုက်ခိုက်မှုများကို အရှိန်မပြတ်ကျူးလွန်နေသော စစ်ကော်မရှင်က ရွေးကောက်ပွဲအပြီးတွင် ၎င်းတို့ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို ပြောင်းလဲမည့် အခြေအနေမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။

“လေကြောင်းက တိုက်ခိုက်မှုတွေရော၊ မြေပြင်ကနေ စစ်ကြောင်းထိုးပြီး မီးရှို့တာတွေရော အမျိုးသမီး မုဒိမ်းကျင့်တာတွေ ဒါတွေက တောက်လျှောက်လုပ်နေတာပေါ့။ အတုအယောင်ရွေးကောက်ပွဲပြီးသွားလည်း ဒီစစ်တပ်ပဲ၊ စစ်တပ် လက်အောက်ခံပါတီပဲ နိုင်မှာဖြစ်တဲ့အတွက်ကြောင့်ကို သူတို့ရဲ့ ပြည်သူလူထုအပေါ် ပစ်မှာထားပြီးတော့ ရက်စက်မှုတွေ နှိပ်စက်သတ်ဖြတ်မှုတွေကတော့ ဘာမှရပ်တန့်သွားမှာမဟုတ်ဘူး။ ပြောင်းလဲသွားမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။ 

ထို့ကြောင့် စစ်တပ်၏ ရွေးကောက်ပွဲကို အသိမှတ်မပြုသလို NUG အနေဖြင့် ပုံမှန်တပ်တည်ဆောက်ရေး၊ မဟာမိတ်တော်လှန်ရေးအင်အားစုများစုပေါင်း၍ အာဏာရှင်စစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်သွားနိုင်ရန် ဆက်တိုက်ကြိုးစားနေကြောင်း ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို ဖျက်သိမ်းခဲ့ပြီး သမိုင်းအစဉ်အလာရှိသည့် ပါတီများ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် စစ်တပ်၏ ရွေးကောက်ပွဲသည် ကမ္ဘာသိ လုပ်ဇာတ်သက်သက်ဖြစ်ပြီး ရွေးကောက်ပွဲအပြီးတွင် စစ်တပ်က အာဏာကို ဆက်လက်ချုပ်ကိုင်ထားမည်ဟု စစ်တပ်ကို ဆန့်ကျင်နေသူတို့က ယုံကြည်ကြသည်။ 

အဓမ္မအာဏာသိမ်းပြီး ငါးနှစ်ခန့်အကြာတွင် စစ်ကော်မရှင်က ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ၍ ပြုလုပ်နေရာ ပထမပိုင်းနှင့် ဒုတိယပိုင်းကို မြို့နယ်ပေါင်း ၂၀၀ ကျော်တွင် ကျင်းပခဲ့ပြီး ယခုလ ဇန်နဝါရီ ၂၅ ရက်တွင် တတိယပိုင်းကို  မြို့နယ် ၆၄ မြို့နယ်တွင် ကျင်းပမည်ဖြစ်သည်။ လက်ရှိတွင် စစ်တပ်လက်အောက်ခံ ကြံ့ခိုင်ရေးပါတီက အများအပြားအနိုင်ရထားသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တိုင်းရင်းသားလက်နက်ကိုင်များမရှိမှသာ စစ်တပ်က နိုင်ငံရေးမှ ထွက်ခွာမည်ဖြစ်ကြောင်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက တပ်မြို့ ပြင်ဦးလွင်တွင် ပြောဆိုခဲ့သည်။ 

၂၀၂၁ အဓမ္မအာဏာသိမ်းယူမှု ငါးနှစ်တာကာလအတွင်း စစ်တပ်က ဆန့်ကျင်တော်လှန်သူများနှင့် ပြည်သူလူထုအပေါ် အစွမ်းကုန်ယုတ်မာခဲ့ပြီးဖြစ်၍ ရွေးကောက်ပွဲအပြီးတွင် ယခုနည်းလမ်းများအတိုင်း ဆက်သွားလိမ့်မည်ဖြစ်ကြောင်း တပ်မ ၆၆ မှ ပြည်သူ့ဘက်ရပ်တည်ခဲ့သော စစ်တက္ကသိုလ် အပတ်စဉ် ၅၂ ဆင်း CDM ဗိုလ်ကြီး အောင်မျိုးထက်က ပြောသည်။

“အစွမ်းကုန်ယုတ်မာပြီးသွားပြီဖြစ်တဲ့အတွက် ဒီထက် ယုတ်မာနိုင်စရာလည်းမရှိတော့ဘူး။ နျူကလီးယားတို့ဘာတို့နဲ့ ကြဲချလိုက်မှပဲ ဒီထက်ယုတ်မာနိုင်စရာရှိတယ်လို့ ပြောလို့ရမှာပါ” ဟု ၎င်းကဆိုသည်။

“သူတို့ ရနိုင်တဲ့ နယ်မြေတွေကို သူတို့ရအောင်တိုက်မယ်။ မရနိုင်တဲ့ နယ်မြေတွေဆိုရင် တခြား တရုတ်ဆီက အကူအညီ ရနိုင်မယ်ဆိုရင် တရုတ်ဆီကနေ တောင်းမယ်။ တစ်နယ်မြေကို ရပြီးသွားပြီ ဆိုလို့ရှိရင် နောက်တစ်နယ်မြေကို သူတို့စုဖွဲ့ပြီးတော့ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်မယ်” 

တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခြင်းမရှိသည့် ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တြိဂံဒေသတိုင်းစစ်ဌာနမှ စစ်အင်အားများကို ထုတ်နုတ်စုဖွဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ စစ်မျက်နှာများသို့ အင်းအားဖြည့်တင်းရန်စီစဉ်နေကြောင်း ၎င်းက ဆိုသည်။

တရုတ်အကူအညီဖြင့် စစ်တပ်က ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပြီး စစ်ရေးနာလန်ထလာသော်လည်း နိုင်ငံအနောက်ဘက် ရခိုင်စစ်မျက်နာပြင်တွင် ပြည်နယ်တစ်ခုလုံးနီးပါးကို လက်လွှတ်ထားရသည်။ အလားတူ ကရင်နီ၊ ရှမ်းမြောက်၊ ကချင်၊ ချင်း၊ စစ်ကိုင်းအထက်ပိုင်းတွင် စစ်တပ်က နယ်မြေများဆုံးရှုံးထားရဆဲဖြစ်သည်။ 

ထိုနယ်မြေများတွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများဖြစ်ပွားနေသည်။

အတိတ်ကာလတွင်လည်း စစ်တပ်က စစ်ရေးအသာစီးယူပြီးမှသာ နိုင်ငံရေးစကားပြောလေ့ရှိကြောင်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ ၂၀၂၀ ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က သုံးသပ်သည်။ 

“(စစ်တပ်က) စစ်ရေးအရ အရှိန်မြှင့်ပြီးတော့မှ သူတို့ အသာစီးရပြီဆိုမှ တချို့ဟာတွေ နိုင်ငံရေးအရ လိုသလိုပုံဖော်တာတွေ၊ လိုသလို ကစားကွက်ထွင်တာတွေ ဒါတွေလုပ်မယ်လို့ ကျွန်တော်ထင်တယ်”ဟု သူက ပြောသည်။

“ရွေးကောက်ပွဲပြီးလည်းပဲ စစ်ရေးကတော့ သူတို့လုပ်နိုင်တဲ့အပိုင်းရှိရင် ဆက်လုပ်နေမှာပဲ။ သူတို့ဖျက်ဆီးနိုင်တဲ့အပိုင်းတွေ၊ သူတို့အရှိန်မြှင့်နိုင်တဲ့အပိုင်းတွေ ဆက်မြှင့်နေမယ်လို့ထင်တယ်” 

၎င်းတို့လက်လွှတ်ဆုံးရှုံးထားသော နယ်မြေများတွင် လေကြောင်းနှင့် အဆင့်မြင့်ဒရုန်းများအသုံးပြု၍ တိုက်ခိုက်နေသလို စစ်မှုထမ်းဥပဒေအရ စစ်သားသစ်များစုဆောင်းကာ မြေပြင်စစ်ကြောင်းများထိုး၍ နယ်မြေများပြန်ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။ 

တစ်ချိန်တည်းတွင် ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုင်းစစ်ဌာနချုပ်များနှင့် တပ်စခန်းပေါင်းများစွာဆုံးရှုံးပြီး စိုးမိုနယ်မြေများလက်လွှတ်ခဲ့ရသည့် စစ်ကော်မရှင်သည် တရုတ်အကူအညီဖြင့် ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA) တို့နှင့် အပစ်ရပ်ပြီးနောက် ရှမ်းမြောက်ဒေသရှိ မြို့အချို့ကို ပြန်လည်ရယူခဲ့သည်။

ထို့နောက် အခြားသော တော်လှန်ရေးနယ်မြေများကို စစ်တပ်က ဆက်လက်ထိုးစစ်ဆင်လျှက်ရှိသည်။ နိုင်ငံအရှေ့တောင်ဘက် အိမ်နီးချင်း ထိုင်းနှင့် နယ်နိမိတ်စပ်နေပြီး မြို့နယ် ခုနစ်ခုဖြင့်ဖွဲစည်းထားသော ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနှင့် ဖယ်ခုံတို့တွင် စစ်တပ်က စစ်မျက်နှာ ငါးခုဖွင့်လှစ်ထားပြီး နေ့စဉ်ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပြောခွင့်ရ တာအယ်စိုးက ပြောသည်။

“စစ်ကောင်စီက ဒီအတုအယောင် ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ရက်စက်တဲ့ နည်းလမ်းတွေနဲ့ ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ်ခဲ့တာပါ။ အဲ့တော့ ရွေးကောက်ပွဲပြီးရင်လည်း ဒီထက်ပိုပြီး ဖိနှိပ်မှုတွေ၊ ရက်စက်သတ်ဖြတ်မှုတွေ လျော့ပါးသွားမှာ မဟုတ်ဘူးလို့ ယူဆရပါတယ်” ဟု ၎င်းက ပြောသည်။ 

စစ်မှုထမ်းဥပဒေအရ စုဆောင်းထားသော စစ်သားသစ်များ၊ စစ်တပ်ဩဇာခံ ပအိုဝ်းပြည်သူ့စစ်(PNO) များဖြင့်ပူးပေါင်းကာ ပြည်နယ်အတွင်း စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ရွေးကောက်ပွဲအပြီး ၂၀၂၆ ခုနှစ်ထဲတွင် စစ်ရေးအရှိန်ပိုမြင့်လာနိုင်ကြောင်း ၎င်းက ဆိုသည်။ 

“(ရွေးကောက်ပွဲက) နိုင်ငံတကာနဲ့ ပြည်သူလူထုကို လိမ်လည်လှည့်ဖြားဖို့ သုံးတဲ့ နည်းပရိယာယ်တွေပဲ ဖြစ်ပါတယ်။ အဲ့ဒီ လှည့်ကွက်တွေအောက်မှာ တော်လှန်ရေး တပ်ဖွဲ့တွေကတော့ လိုက်ပါစီးမျောမှာ မဟုတ်ပါဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း တော်လှန်ရေးရည်မှန်းချက် တော်လှန်ရေးနည်းဗျူဟာတွေအတိုင်း ဆက်သွားမှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

လွိုင်ကော်မြို့ကို ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ တစ်လေးလုံးစစ်ဆင်ရေးအပြီး စစ်တပ်က တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ကရင်နီပြည်နယ်အတွင်းရှိ စစ်ရေးအရအရေးပါသော လွိုင်ကော်၊  ဒီးမော့ဆိုမြို့တို့ကို ပြန်သိမ်းပိုက်နိုင်ခဲ့သည်။ ရှမ်းနှင့် ကရင်နီနယ်စပ် မိုးဗြဲနှင့် ဖယ်ခုံမြို့တို့ကိုလည်း စစ်တပ်က ပြန်လည်သိမ်းပိုက်ထားသည်။

ရွေးကောက်ပွဲအပြီးတွင် တရုတ်နယ်စပ်ရှိ အခြားသောတိုင်းရင်းသားလက်နက်ကိုင်များကို တရုတ်၏ အကူအညီဖြင့် အပစ်ရပ်နိုင်ရန်ကြိုးပမ်းဖွယ်ရှိပြီး နိုင်ငံအလယ်ပိုင်း မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းနှင့် အနောက်ဘက်ရှိ ရခိုင်စစ်မျက်နှာကို ထိုးစစ်အရှိန်မြှင့်နိုင်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပူးပေါင်းပါဝင်ခဲ့သည့် ဗိုလ်မှူးစွယ်တော်က ပြောသည်။ 

အာရက္ခတပ်တော်(AA)က အဓိကထိန်းချုပ်ထားသော ရခိုင်ပြည်နယ်နှင့်ထိစပ်လျှက်ရှိသည့် ဧရာဝတီ၊ မကွေးနှင့် ပဲခူးအစပ်တွင် တိုက်ပွဲများဖြစ်နေပြီး အဆိုပါစစ်မျက်နှာများသည် စစ်ပွဲ၏ အဆုံးအဖြတ်သဖွယ် အရေးကြီးကြောင်း ၎င်းက ဆိုသည်။

“အင်အားတွေ အများကြီးသုံးပြီးတော့ စစ်ကောင်စီက ခုခံနေရတာ ရှိပါတယ်။ AA ဘယ်လောက်ထိ ထိုးစစ်ကို အရှိန်မြှင့်လာမလဲ။ စစ်ကောင်စီက ခံစစ်ကနေ တိုက်စစ်ပုံစံ ပြောင်းသွားမလားပေါ့။ ဒါတွေအများကြီး ဒီရွေးကောက်ပွဲအလွန် အစိုးရလက်ထက်မှာတော့ အဆုံးအဖြတ် ဖြစ်လာမယ်လို့ ယူဆပါတယ်” ဟု သူက ပြောသည်။ 

ယခုရွေးကောက်ပွဲသည် ပြီးခဲ့သည့် ၂၀၁၀ စစ်တပ်ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက နိုင်ငံရေးနှင့် စစ်ရေးအရကွဲပြားခြားနားကြောင်း ၎င်းက ဆိုသည်။ ၂၀၁၀ မတိုင်ခင်က နိုင်ငံအရှေ့တောင်ဘက် ကရင်ပြည်နယ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) တစ်ခုတည်းနှင့်သာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ထိုစဉ်က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်များလည်းမရှိခဲ့ပေ။ 

၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် စစ်ယူနီဖောင်းချွတ်အစိုးရဟု သတ်မှတ်ခံရသည့် ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် အပစ်အခတ်ရပ်ခြင်း၊ ငြိမ်းချမ်းရေးကမ်းလှမ်းခြင်းများရှိခဲ့ပြီး တိုက်ပွဲများလည်း နည်းပါးသွားခဲ့သည်။ ယခုရွေးကောက်ပွဲတွင်မူ တိုက်ပွဲများပိုပြင်းထန်လာရုံသာရှိကြောင်း CDM ဗိုလ်မှူး စွယ်တော်က သုံးသပ်သည်။ 

“စစ်တပ်ကတော့ သွေးခွဲစည်းရုံးတာတွေ သပ်လျှိုသွေးခွဲပြီးတော့ အပစ်ရပ်တာတွေ ငြိမ်းချမ်းရေး ဆွေးနွေးတာတွေ ဖြစ်လာမယ့် သဘောတော့ ရှိပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေ လျော့ကျသွားတာ၊ ငြိမ်းချမ်းရေးရလာတာမျိုးတော့ ဖြစ်ဖို့နည်းမယ် ထင်ပါတယ်” ဟု သူက ဆိုသည်။ 

စစ်တပ်ရွေးကောက်ပွဲအပြီး တကျော့ပြန်တက်လာမည့် စစ်ယူနီဖောင်းချွတ်အစိုးရလက်ထက်တွင် စစ်ဘက်နှင့် အရပ်ဘက်တွင် လူအပြောင်းအလဲလုပ်လာနိုင်သည်။ သို့ရာတွင် နိုင်ငံနှင့် စစ်တပ်အတွက် ပြုပြင်ပြောင်းလဲနိုင် မည့် ခေါင်းဆောင်များပေါ်ထွက်လာမည်မဟုတ်ဘဲ ကျေးဇူးခံ၊ ကျေးဇူးစားကြသော ဆရာတပည့်ဆက်ဆံရေး ရှိသူများကိုသာ နေရာပေးဖွယ်ရှိသည်။

အထူးသဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သမ္မတရာထူး ရယူလိုသော်လည်း လက်ရှိနိုင်ငံရေးနှင့် စစ်ရေးအခြေအနေကြောင့် ၎င်း၏အနာဂတ်သည် အာဏာရှင်ဟောင်း ဦးသန်းရွှေကဲ့သို့ အေးအေးလူလူ အနားယူနိုင်မည့် အနေအထားမဟုတ်ကြောင်း  CDM အရာရှိတစ်ဦးဖြစ်သည့် ဗိုလ်ကြီးကောင်းသူဝင်းက သုံးသပ်သည်။

ထို့ကြောင့် စစ်ရေးအသာစီးရရန်ကြိုးစားမည်ဖြစ်သည်။ မြို့ရွာများကို စိစိညက်ညက်ကြေသည်အထိ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့်တိုက်ခိုက်သည့် စစ်တပ်၏ သုံးစွဲနေသော စစ်နည်းဗျူဟာကို ဆက်လုပ်အသုံးပြုမည်ဖြစ်သည်ဟု သူကဆိုသည်။ 

သို့သော် ၎င်းတို့ဆုံးရှုံးသော နယ်မြေအားလုံး ပြန်သိမ်းပိုက်နိုင်ရန် ခက်ခဲသွားပြီဖြစ်ကြောင်း သူက ဆိုသည်။ ၂၀၁၀ ရွေးကောက်ပွဲကာလတွင် KNU အပါဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့သည် စစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတို့ကို တိုက်ခိုက်ရန် အင်အားအလုံးအရင်းသုံးနိုင်ခဲ့သော်လည်း ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးအားကောင်းနေဆဲဖြစ်၍ ကွက်ပြည့်နင်းရန် ခက်ခဲနေသည်။ 

“ကရင်ပြည်နယ်တစ်ခုလုံးကို ထိုးစစ်ဆင်ဖို့တောင် တပ်မ ၁၀ မထက်မနည်း သုံးခဲ့ရတာ။ အခုလို တစ်နိုင်ငံလုံးမှာ တော်လှန်ရေးအဖွဲ့တွေ ပျံ့နှံ့နေတဲ့အခါ စစ်တပ်အနေနဲ့ အင်အားဘယ်လိုမှ မလောက်ငနိုင်တော့ဘူး။ သူတို့ပြောတဲ့ အမြစ်ပြတ်ချေမှုန်းရေးဆိုတာ လုံးဝမဖြစ်နိုင်ဘူး” ဟု ဗိုလ်ကြီးကောင်းသူဝင်းက ဆိုသည်။

ထိုအခြေအနေတွင် တော်လှန်ရေးတပ်များဘက်က စစ်ရေးအသာစီးရရန် စုစည်းညီညွတ်မှုသည် အခရာအကျဆုံးဖြစ်လာကြောင်း CDM တပ်အရာရှိများက ပြောသည်။ 

NUG အစိုးရက အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းခဲ့ပြီး မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ ဒေသကာကွယ်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) တို့နှင့်ပူးပေါင်းကာ စစ်ဆင်ရေးပူးပေါင်းကွပ်ကဲမှု တရပ်ထူထောင်နိုင်ရန် ကြိုးပမ်းနေကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဆိုသည်။

အစဉ်အဆက် စစ်တပ်၏ သပ်လျှိုသွေးခွဲမှုကို တော်လှန်ရေးတပ်များက အတွေ့အကြုံရှိထားပြီဖြစ်ပြီး စစ်ရေးနိုင်ငံရေးအရ ဟန်ချက်ညီညီဖိအားပေးသွားမည်ဟု သူက ဆိုသည်။ 

“စစ်ရေးအရရော နိုင်ငံရေးအရရော တော်လှန်ရေးအင်အားစုတွေ ပိုင်ပိုင်နိုင်နိုင် စုစည်းညီညွတ်မှုရှိနေဖို့ တစ်ခုက အင်မတန်မှ အရေးကြီးတယ်ထင်ပါတယ်” ဟု သူက ပြောသည်။

“တော်လှန်ရေးဘက်က မညီညွတ်ရင်တော့ သေချာတယ်။ သူက တစ်ချောင်းချင်း ဆွဲထုတ်ပြီးတော့ ချိုးသွားမှာပဲ” 

စစ်တပ်ရွေးကောက်ပွဲအပြီး စစ်ကော်မရှင်လက်အောက်ခံ ယူနီဖောင်းချွတ်အစိုးရတရပ်ပေါ်လာပြီး ရက်ပေါင်း ၁၀၀ အတွင်း ၎င်းတို့၏ မူဝါဒများကို ချမှတ်လာဖွယ်ရှိသည်။ 

ထိုအချိန်တွင် ပိုမိုကြမ်းတမ်းသည့် စစ်ရေး၊ နိုင်ငံရေး ကွဲလွဲမှုများကို တော်လှန်ရေးအင်အားစုများဘက်က သတိထားရမည်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး(၂) ကိုဗညား Myanmar Now ကို ပြောသည်။

ထို့ပြင် အာဏာသိမ်းလိုက်ချိန်မှစ၍ ဆယ်စုနှစ်တစ်ဝက်ကြာ ဒုက္ခသုက္ခခံ၍ တော်လှန်ရေးအပေါ် ထောက်ခံအားပေးလာသော လူထုကို စစ်ကော်မရှင် ဖြေလျှော့မှုအချို့ပေး၍ ဆွဲဆောင်စည်းရုံးကာ တော်လှန်ရေးကို အာရုံစိုက်မှုလျှော့ကျရန် ကြိုးပမ်းလာနိုင်ကြောင်း ၎င်းက ဆိုသည်။

“စစ်ဘေးရှောင်တွေက တောထဲတောင်ထဲမှာ နှစ်ပေါင်းများစွာနေရတဲ့အခါမှာ လွတ်လပ်မှုတစ်စုံတစ်ရာ ပြန်ရတဲ့အချိန်မှာ မြို့ပေါ်တွေမှာ ပြန်ပြီးတော့မှ အသက်မွေးဝမ်းကြောင်းပြုတာတွေ နောက်ပြီးတော့မှ လူထုတော်လှန်ရေးအပေါ်မှာ အားစိုက်မှုတွေ လျော့ကျသွားနိုင်တယ်” ဟု သူက သုံးသပ်သည်။ 

သို့သော်လည်း စစ်ကောင်စီ ဦးတည်သည့် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးရည်မှန်းချက်အားလုံးသည် အတုအယောင်သာဖြစ်ပြီး လူထုလိုလားသော ဖက်ဒရယ်ဒီမိုကရေစီကို ပေးနိုင်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် တော်လှန်ရေးတပ်များကို စစ်တပ်က စစ်ရေးအရ တန်ပြန်ဖိအားပေးနိုင်သော်လည်း တော်လှန်ရေးတပ်များစုစည်းညီညွတ်ရန် ကြိုးပမ်းမှုများကြောင့် တော်လှန်ရေးအဖွဲ့များကြားတွင် စစ်ရေးနိုင်ငံရေးအလှည့်အပြောင်းရှိနိုင်ကြောင်း ၎င်းက ဆိုသည်။ ထို့ကြောင့် ယခုနှစ် ၂၀၂၆ တွင် နှစ်ဖက်စလုံးတွင် ဖိအားများပိုများလာဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။ 

ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ် အစိုးရဖွဲ့ရန် တာဆူနေသည့် စစ်ကော်မရှင်ဘက်က ၎င်းတို့၏ စစ်ဆင်ရေးအခြေအနေများနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။ 

သို့သော် သေချာသည်မှာ စစ်တပ်က နိုင်ငံရေးမှ စွန့်ခွာလိမ့်မည်မဟုတ်ပေ။ လွတ်လပ်ရေးကို တိုက်ယူခဲ့သည် တပ်မတော်၊ သမိုင်းအစဉ်လာရှိသည့် တပ်မတော်ဟုဆိုကာ ကျေးဇူးရှင်ဝါဒကို လက်ကိုင်ထားကြဦးမည် ဖြစ်သည်ဟု CDM ဗိုလ်ကြီးအောင်မျိုးထက်က ဆိုသည်။ 

ထို့ကြောင့် အာဏာရှင်စစ်တပ်ကို စစ်ရေးနည်းအရဖယ်ရှားခြင်းကသာ ထိရောက်မည်ဖြစ်ကြောင်း ၎င်းက ယခုကဲ့သို့ ဆိုလိုက်သည်။

“စစ်ရေးအရ ဖိအားပေးနိုင်မှရမယ်။ စကားကြီးကြီးပြောဖို့အတွက် တုတ်ကြီးကြီး ကိုင်ထားရမယ်။ အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင် သေချာတာ တစ်ခုက နိုင်ငံရေး အုပ်ချုပ်ရေးကနေပြီးတော့ ထွက်သွားမယ့် သဘောမရှိဘူး”

Related Articles

Back to top button