
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာမြို့သစ် (ဗ) ရပ်ကွက်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) စည်းရုံးရေးမှူး ဦးကျော်ကျော်မင်း ယနေ့ (ဇွန် ၂၅) နံနက်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသွားသည်။
၅၉ လမ်းနှင့် လမ်း ၆၀ ကြား (၁၁၄ လမ်း)၊ မဉ္ဇူလမ်းရှိ ၎င်းနေအိမ်ရှေ့၌ ရှိနေစဉ် သေနတ်ဖြင့် ၅ ချက်ခန့် ပစ်ခတ်ခံရပြီး တင်ပါးဆုံနှင့် လက်ဖျံရိုးတို့ကို ထိသွားသည်ဟု ရပ်ကွက်နေသူများက ဆိုသည်။
အသက် ၄၀ ကျော်အရွယ် ဦးကျော်ကျော်မင်းသည် စစ်တပ်ထောက်ခံသူတစ်ဦးလည်းဖြစ်သည်ဟု သိရသည်။
“ပစ်ခံရတာ နောက်ကျနေသေးတယ်။ ဒီလူက ဒလန်တောင် အကြီးစားဗျ၊ ဒီဘက်မှာ ဖမ်းခံရတာတွေ ဒီလူသတင်းပေးနေတာ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။
၎င်းကို ရပ်ရွာက ဒလန်ဟု စွပ်စွဲသတ်မှတ်ထားကြသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်သေးပေ။
လက်ရှိတွင် မန္တလေးပြည်သူ့ဆေးရုံ၌ ဒဏ်ရာကို ကုသနေကြောင်း ဦးကျော်ကျော်မင်း၏ နှမဖြစ်သူက Myanmar Now ကို ပြောသည်။
“သူ (ဦးကျော်ကျော်မင်း) က အိမ်မှာ တစ်ယောက်တည်းနေတာ။ သူ့အိမ်ရှေ့မှာ ပစ်ခံရတာ။ အခု ခွဲစိတ်ခန်းက ထွက်လာပြီ။ ဒဏ်ရာအခြေအနေက သိပ်တော့ မစိုးရိမ်ရတော့ဘူးပြောတယ်။ ပစ်တဲ့သူကိုလည်း လိုက်ဖမ်းနေပြီလို့တော့ ပြောတယ်။ အခု ကျွန်မတို့ ဆေးရုံထဲမှာ ပူပဲပူပြီးတော့ ဘာမှလုပ်လည်း ဆက်မလုပ်တတ်တော့ဘူး”ဟု ၎င်းက ပြောသည်။
ပစ်ခတ်ခံရပြီး ၁ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်များက ရေကား၊ ဘူဒိုဇာများအပါအဝင် အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာကာ ပစ်ခတ်ခံရသည့် နေရာဝန်းကျင်ကို လမ်းများပိတ်လိုက်ကာ တစ်အိမ်ဆင်း၊ တစ်အိမ်တက် ရှာဖွေခဲ့သည်။
လက်ရှိတွင် ချမ်းမြသာစည်မြို့နယ်တစ်ခုလုံးအားလည်း လုံခြုံရေးတင်းကျပ်ကာ ကားများ၊ ဆိုင်ကယ်များကို ရပ်တန့်စစ်ဆေးနေသည်ဟု မြို့ခံများထံမှ သိရသည်။
ဇွန် ၂၂ က ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တစ်လုံးကို စစ်တပ်နှင့် ရဲက အင်အားအလုံးအရင်းဖြင့် စီးနင်းရာ မန္တလေးဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ၈ ဦး သေဆုံး၍ ၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီဘက်မှလည်း အရာရှိကြီးတစ်ဦးအပါအဝင် ၁၀ ဦးခန့်သေဆုံးခဲ့သည်ဟု MPDF က ပြောသည်။
ယင်းသို့ ပထမဆုံးအကြိမ်အဖြစ် မြို့ပြတိုက်ပွဲဖြစ်ပွားထားသည့် မန္တလေးမြို့၏တောင်ဘက် ချမ်းမြသာစည်မြို့နယ်ကို စစ်ကောင်စီက ပစ်မှတ်ထားနှိပ်ကွပ်နေပြီး စစ်ကောင်စီကို အန်တုနေသည့် ရပ်ကွက်များဖြစ်သည့် မန္တလေးအနောက်ခြမ်းစိန်ပန်းနှင့် အနီးရပ်ကွက်များကိုလည်း စစ်တပ်က နေ့စဉ် ပစ်ခတ်ခြိမ်းခြောက်လျက်ရှိသည်။
မေလဆန်းမှစ၍ စစ်တပ်ထောက်ခံသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်ရွာက ဒလန်ဟု စွပ်စွဲထားသူများ ပစ်ခတ်သတ်ဖြတ်ခံနေရသည်။
မေ ၂၇ တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ USDP ဥက္ကဋ္ဌ ဦးမြင့်ဆွေ သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။
ဇွန် ၁ တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ USDP ပါတီဝင် ဦးအေးမင်းမှာ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရသည်။
ပြီးခဲ့သည့် ဇွန် ၁၀ ညနေပိုင်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ်အမတ်ဟောင်း ဦးနေမျိုးအောင်ကို သေနတ်သမား ၂ ဦးက အနီးကပ်လုပ်ကြံသတ်ဖြတ်ခဲ့သည်။
မန္တလေးတွင်လည်း ပြီးခဲ့သည့် ဧပြီ ၂၈ တွင် ချမ်းအေးသာစံမြို့နယ်ရှိ USDP ပါတီတိုင်းရုံးဝင်းအတွင်း လက်လုပ်ဗုံးပေါက်ကွဲခဲ့ပြီး မေ ၃ တွင် ပြည်ကြီးတံခွန်မြို့နယ်ပါတီရုံး မီးလောင်ခဲ့သည်။
မန္တလေးတွင်သာမက အနယ်နယ်အရပ်ရပ်တွင် အာဏာသိမ်းမှုကို ထောက်ခံသည့် ပြည်ခိုင်ဖြိုးပါတီနှင့် ပါတီဝင်အများအပြားသည် ခုခံတော်လှန်သူတို့နှင့် ထိပ်တိုက်တွေ့လာပြီး လုပ်ကြံတိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။