သတင်း

အပစ်ရပ်ပြီးနောက် မင်းတပ်စစ်ရှောင်အများစု နေရပ်ပြန်လာ

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ထွက်ပေါ်လာအပြီး စစ်ရှောင်အများအပြား နေရပ်ပြန်လာကြကြောင်း မြို့နယ်စစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီထံမှ သိရသည်။ 

အပစ်ရပ်ရန် မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များပါဝင်သည့်အဖွဲ့က ရက်သတ္တပတ် တစ်ပတ်နီးပါး ကြားဝင်ညှိနှိုင်းပြီးနောက် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ဇွန် ၂၃ တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။  သဘောတူညီချက်သည် ဇူလိုင် ၄ တွင် သက်တမ်းကုန်မည် ဖြစ်သည်။

မေလလယ်မှစတင်သည့် တိုက်ပွဲများကြောင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးခိုလှုံနေရသူ နှစ်သောင်းကျော်ရှိကြောင်း၊ နေရပ်ပြန်လာသူ ၈၀ ရာခိုင်နှုန်းကျော်ရှိကြောင်း ကော်မတီထံမှ သိရသည်။ 

မင်းတပ်မြို့အနီးတဝိုက်ရှိ ရွာပေါင်း ၈၀ ကျော်တွင် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်များနှင့် ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ပြည်သူအများစုသည် ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့ပေါ်သို့ ပြန်လည်ဝင်ရောက်နေကြောင်း အဆိုပါကော်မတီမှ တာဝန်ရှိသူ ကိုလောရန့်က ပြောသည်။  

“ရွာတွေမှာ လက်ရှိကျန်တဲ့ စစ်ဘေးရှောင်က ၁၀၀၀ ကျော်ကျော်လောက်ပဲ ကျန်တယ်။ နှစ်သောင်းကျော်လောက်မှာ ခန့်မှန်းခြေအားဖြင့် ၈၀ ရာခိုင်နှုန်းကျော်လောက်ပြန်ပါတယ်”ဟု ကိုလောရန့်က Myanmar Now ကို ပြောသည်။ 

မင်းတပ်မြို့ကို စစ်ကောင်စီ တပ်စွဲနေရာယူထားစဉ် နေအိမ်များ ဖောက်ထွင်းခံရသောကြောင့် စစ်ရှောင်အများစုသည် နေအိမ်အခြေအနေကို ပြန်ကြည့်ရန်နှင့် ဝဥစိုက်ပျိုးရာသီချိန်ဖြစ်သောကြောင့် မင်းတပ်မြို့သို့ ခေတ္တပြန်လာကြခြင်း ဖြစ်နိုင်ကြောင်း ကိုလောရန့်က သုံးသပ်သည်။ 

ပြန်လာကြသူများသော်လည်း မြို့တွင်း ဆက်လက်နေထိုင်မည့်သူ အနည်းစုသာရှိနိုင်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ဧပြီလကုန်ပိုင်းတွင် ၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ၏ ကမ်းလှမ်းချက်အရ ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း သဘောတူညီချက်မရဘဲ မေ ၁၂ ညပိုင်းမှစ၍ တိုက်ပွဲများ ပြန်ဖြစ်ပွားခဲ့သည်။ 

ထို့နောက် မေ ၁၃ တွင် စစ်ကောင်စီသည် မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးကြေညာကာ လူ၊ လက်နက်အင်အား အလုံးအရင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မေ ၁၅ တွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။ 

စစ်ဘေးရှောင်များခိုလှုံရာ ကျေးရွာများအထိ စစ်ကောင်စီတပ်များက ပစ်မှတ်ထား လိုက်လံတိုက်ခိုက်ခဲ့သည်။ အလံဖြူထောင်ထားသည့် စစ်ဘေးရှောင်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ဘေးရှောင်များအတွက် ဆေးဝါးနှင့်စားနပ်ရိက္ခာပို့ဆောင်သည့် လမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ခဲ့သည်။ 

ကော်မတီထံမှ ရရှိသည့် အချက်အလက်အရ မေလ တတိယပတ်မှစ၍ ဇွန်လတတိယပတ်အထိ စစ်ဘေးတိမ်းရှောင်ရင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရသည့်အတွက် ကိုယ်ဝန်ဆောင်မိခင်၊ မွေးကင်းစနှင့် သက်ကြီးရွယ်အိုသေဆုံးသူ ၇ ဦးရှိခဲ့သည်။

ထိုအခြေအနေတွင် အပစ်ရပ်ခဲ့ခြင်းဖြစ်သည်ဟု ကြားဝင်ညှိနှိုင်းရာတွင် ပါဝင်ခဲ့သည့် မင်းတပ်မြို့မိမြို့ဖတစ်ဦးက ပြောသည်။

“သက်ကြီးရွယ်အိုတွေ ဒုက္ခရောက်နေတယ်၊ နာမကျန်းတဲ့သူတွေ၊ မသန်စွမ်းသူတွေ ဒုက္ခရောက်နေတယ်။ မြို့တွေကိုဖျက်၊ အိမ်တွေကိုဖောက် သူခိုးမှန်းမသိ၊ ဘယ်သူမှန်းမသိ၊ အိုးအိမ်တွေပျက်စီးဆုံးရှုံးတော့ မြို့က သရဲခြောက်သလိုမျိုး ဖြစ်လာတော့ မကောင်းဘူးဆိုပြီးတော့ ဘာသာပေါင်းစုံကနေ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာဘက်ကနေ ဆုတောင်းပြီးတော့ ဒီလိုတော့ မြို့ပေါ်ပြန်တက်ပြီး အသက်ပြန်သွင်းမယ်ဆိုတဲ့ အစီအစဉ်နဲ့ပေါ့” ဟု သူက ဆက်ပြောသည်။

ဆွေးနွေးခဲ့ပြီးနောက် မြို့ပေါ်တွင် နှစ်ဖက်လုံးမှ လက်နက်ကိုင်ဆောင်စစ်ဆေးခြင်း၊ ပစ်ခတ်ခြင်းမပြုလုပ်ရန်၊ ဌာနဆိုင်ရာဝန်ထမ်းများအား နှောင့်ယှက်ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းမပြုလုပ်ရန်၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ဝန်ထမ်းများကိုလည်း အတင်းအကျပ်ဖိအားမပေးရန်၊ ရိက္ခာသယ်ဆောင်သည့် ကားများကို အဝင်အထွက်စစ်ဆေးပြီး သွားလာခွင့်ပြုရန်အပါအဝင် အချက်ငါးချက်ကို နှစ်ဖက်သဘောတူခဲ့သည်။  

သဘောတူညီမှုများရအပြီး ရိက္ခာတင်ပို့ရာလမ်းကြောင်းများဖြစ်သည့် ရွှေအောင်သာလမ်း၊ ထင်ချောင်းလမ်းတို့တွင် နေရာယူထားသည့် စစ်ကောင်စီတပ်များ နောက်ဆုတ်သွားကြောင်း၊ ယမန်နေ့မှစ၍ မင်းတပ်မြို့သို့ ရိက္ခာတင်ဆောင်သည့် ကားအချို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း မင်းတပ်မြို့ခံများက ပြောသည်။ 

ပြီးခဲ့သည့် ဇွန် ၁၅ တွင် ကယား(ကရင်နီ) ပြည်နယ်တွင်း တိုက်ပွဲများကြောင့် မြို့ရွာများ ထိခိုက်ပျက်စီးပြီး ဒေသခံ တစ်သိန်းကျော် စစ်ရှောင်နေရသည့်အတွက် ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်များ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် လတ်တလောတွင် ယာယီအပစ်ရပ်နေကာ ပြန်လာကြသောဒေသခံများသည် အလံဖြူထောင်ကာ သွားလာနေရသည်။

Show More

Related Articles

Back to top button