ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ ဟိုက်ပုကျေးရွာအနီး ကျားဖြန့်လုပ်ငန်း (အွန်လိုင်းငွေလိမ် လုပ်ငန်း) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၃၀၀ ကျော်အား ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၃ ရက်၊ နံနက်ပိုင်းတွင် မိုင်းရယ်မြို့အရှေ့တောင်ဘက် ဟိုက်ပုရွာအနီး မိုးကာတဲထိုးပြီး လုပ်ကိုင်နေသည့် ကျားဖြန့်စခန်းအား စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာ အဆောက်အအုံ ၁၅ လုံး၊ မော်တော်ကား ၁၀ စီးနှင့် ငွေလိမ် လုပ်ငန်းတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တရုတ်နိုင်ငံသားများ ဖမ်းမိခြင်းဖြစ်သည် ဟု စစ်တပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများထဲတွင် အမျိုးသမီး ကိုးဦးနှင့် အမျိုးသား ၃၂၁ ဦး ပါဝင်သည် ဟု သိရသည်။
မိုင်းရယ်ရှိ အဆိုပါကျားဖြန့်ဖမ်းဆီးရေးတွင် UWSA “ဝ” တပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟု ဒေသခံများ က ဆိုသည်။
“ဖမ်းတဲ့အထဲမှာ စစ်တပ်ပဲ မဟုတ်ဘူး။ “ဝ” စစ်သားတွေလည်း ပါတယ်။ သူတို့ ပေါင်းပြီး ဖမ်းတာ”ဟု ဖြစ်စဉ်အခြေအနေ သိရှိသူတစ်ဦးက ပြောသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ရုပ်သံဖိုင်တစ်ခုတွင် မိုင်းရယ်မြို့နယ်၊ ဟိုက်ပုရွာ ကျားဖြန့်စခန်း စီးနင်း ခံရပြီးနောက် ဖမ်းမိသည့် ပစ္စည်းများ စုပုံထားသလို မြေကွက်လပ်တစ်ခုအတွင်း တရုတ်နိုင်ငံသားများ စုပေါင်း ထိုင်နေကြသည်။ စစ်တပ် အရာရှိတစ်ဦးနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုကိုလည်း တွေ့မြင်ရသည်။
တရုတ်နယ်စပ်အနီး UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်ဒေသများနှင့် ကိုးကန့် ဒေသတို့တွင် စစ်တပ်အာဏာ သိမ်းသည့် ၂၀၂၁ ခုနှစ်မှ စတင်ကာ အွန်လိုင်း ငွေလိမ်လုပ်ငန်းများ ကျယ်ပြန့်လာခဲ့သည်။ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် တရုတ်အစိုးရက နှစ်နိုင်ငံနယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများအား စတင် နှိမ်နင်းခဲ့သည်။
“ဝ” ဒေသနှင့် ကိုးကန့်ဒေသတို့မှ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီး ရှမ်းမြောက်ဒေသ မူဆယ်၊ တန့်ယန်း၊ မိုင်းရယ်နှင့် ကျောက်မဲမြို့များသို့ ရွှေ့ပြောင်းလာကြသည်။
တန့်ယန်းမြို့နယ်တွင် “ဝ” တပ်ဖွဲ့၏ ဖမ်းဆီးမှုကြောင့် ကျားဖြန့်လုပ်ကိုင်သူများသည် မိုင်းရယ်မြို့နယ်အတွင်း ထပ်မံရွှေ့ပြောင်းလာကြသည်ဟု ဒေသခံများထံက သိရသည်။

“အခု ကျားဖြန့်တွေက ပျားအုံကို တုတ်နဲ့ ထိုးသလိုပဲ။ သတင်းပေးရင် ဖမ်းလိုက် လူစုကွဲလိုက်၊ အဲဒီလူတွေက နီးစပ်တဲ့ရွာတွေမှာ အထိုင်ချပြီး ပြန်လုပ်လိုက်နဲ့ အခုဆို ပိုတောင် များလာပြီ။ ရွာနီးချုပ်စပ်တွေမှာ ရွာသူကြီးတွေ၊ အဖွဲ့အစည်းတွေနဲ့ ညှိပြီးတော့ မြေတွေငှားပြီး လုပ်ကြတာပဲ။ ပိုက်ဆံပေးနိုင်တော့ ဘယ်သူမှ အသံမထွက်တာတွေ အများကြီး ကျန်သေးတယ်” ဟု မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ စတင်ကာ ရှမ်းမြောက်ဒေသ ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ်အတွင်းရှိ ကျားဖြန့်ရုံများကို စစ်တပ်က လိုက်လံဖမ်းဆီးခဲ့ရာ ကျားဖြန့်ဂိုဏ်းများသည် ရှမ်းတောင်ပိုင်းသို့ တဖြည်းဖြည်း ရွှေ့ပြောင်းနေကြောင်း သိရသည်။
“အခုက မြောက်ပိုင်းကနေ တောင်ပိုင်းအစပ်ဘက်က ရွာတွေကို ရွှေ့နေတာ။ အရင် ကျောက်မဲဘက် ကဟာတွေက မိုင်းရယ်နဲ့ နမ့်လန်၊ မိုင်းကိုင်ဘက်တွေကို ရွှေ့နေပြီ” ဟု နမ့်လန်မြို့ခံတစ်ဦးက ပြောသည်။
ကျားဖြန့်တရုတ်များ ရွှေ့ပြောင်းလုပ်ကိုင်နေသည့် နယ်မြေများသည် ရှမ်းလက်နက်ကိုင်အဖွဲ့ ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်သည့် နေရာများဖြစ်သည် ဟု ဒေသခံတို့က ဆိုသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကျောက်မဲမြို့နယ် တောင်ထိပ်ရွာနှင့် သီပေါမြို့နယ် ပန်စင်ရွာရှိ ကျားဖြန့်စခန်းများအား စစ်တပ်က ဝင်ရောက်စီးနင်းရာ တရုတ်နိုင်ငံသား ၃၀ ကျော်နှင့် SSPP တပ်ဖွဲ့ဝင် သုံးဦးကို ဖမ်းမိခဲ့သည်ဟု စစ်တပ်က ထုတ်ပြန်ထားသည်။
အလားတူ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် သီပေါမြို့နယ် နားလင်းကျေးရွာအနီးရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများအား စစ်တပ်က ဝင်ရောက်ဖမ်းဆီးပြီး မူးယစ်ဆေးဝါးချက်သည့် ဆက်စပ်ပစ္စည်းများနှင့် SSPP တပ်ဖွဲ့ဝတ်စုံများအား ဖမ်းဆီးရမိသည်။
SSPP တပ်ဖွဲ့ကမူ အဆိုပါကိစ္စသည် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုထားသည်။
ထိုနောက်ပိုင်းတွင် သီပေါနှင့် မိုင်းရယ်မြို့နယ်များ၌ မူးယစ်ဆေးချက်စခန်းများ ထပ်မံဖမ်းဆီးရမိသည်ဟု စစ်တပ်က ထုတ်ပြန်ခဲ့ပြီး အဆိုပါ မူးယစ်ဆေးချက်စခန်းများသို့ ပြည်တွင်းပြည်ပ မီဒီယာများနှင့် နိုင်ငံတကာ သံတမန်များအား ခေါ်ယူပြသခဲ့သည်။
အဆိုပါ နယ်မြေများသည် SSPP/SSA တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများဖြစ်သည်။ မူးယစ်ဆေးထုတ်လုပ်မှုနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ကိုင်ရာတွင် ပါဝင်သည့် အဖွဲ့များအား အရေးယူမည်ဟု စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြောထားသည်။
ပုံစာ- ဟိုက်ပုကျေးရွာအနီး ကျားဖြန့်လုပ်ငန်းမှ ဖမ်းဆီးရမိသူများ၊ သိမ်းဆည်းရမိပစ္စည်းများနှင့် အဆောက်အအုံအချို့။ (ဓာတ်ပုံ- CINCDS)







