သတင်း

စည်းလုံးညီညွတ်ရေး အထူးလိုအပ်နေကြောင်း KNPP ဥက္ကဋ္ဌ ပြော

ကရင်နီအမျိုးသားရေးစိတ်ဓာတ် ရှင်သန်နေရန်နှင့် စည်းလုံးညီညွတ်ရေး အထူးလိုအပ်နေသည့် အချိန်ကာလဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ အေဘယ်တွိဒ်က ယနေ့ (ဇွန်၂၁) ကျရောက်သည့် ကရင်နီအမျိုးသားနေ့တွင် ပြောကြားလိုက်သည်။ 

၁၄၆ နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထိုသို့ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။ 

“ကရင်နီအမျိုးသားထုတစ်ရပ်လုံးကို အထူးမှာကြားလိုတာကတော့ မိမိတို့အနေနဲ့ ကရင်နီအမျိုးသားရေးစိတ်ဓာတ်တွေ အမြဲတမ်းရှင်သန်နေဖို့ လိုအပ်နေသလို အမျိုးသားချင်းစည်းလုံးညီညွတ်ရေးဟာ အထူးလိုအပ်နေတဲ့ အချိန်ကာလဖြစ်နေပါတယ်။ ဒါ့အပြင် ကရင်နီအမျိုးသားများဟာ ယနေ့ဖြစ်ပျက်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေ အချိန်ကာလမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်များနဲ့အတူ ကရင်နီအမျိုးသားများအကြား ဘုံသဘောထားရရှိရေးဟာ အမြန်ဆုံးလိုအပ်နေပါတယ်” ဟု ထည့်သွင်းဖော်ပြခဲ့သည်။

“မိမိတို့ ကရင်နီအမျိုးသားထုတစ်ရပ်လုံး စစ်အာဏာရှင်ရဲ့ မတရားဖိနှိပ်၊ အနိုင်ကျင့်သတ်ဖြတ်မှုကို ခံစားနေရတဲ့ အချိန်ကာလဖြစ်ပါတယ်။ မိမိတို့ပိုင်ဆိုင်တဲ့ ဘိုးဘွားပိုင်မြေ၊ အိမ်ရာတွေကို စွန့်ခွာခဲ့ပြီး စစ်ဘေးရှောင်ဘဝနဲ့ တောထဲတောင်ထဲမှာ စားစရာမလုံမလောက်၊ ဆေးဝါးမပြည့်စုံဘဲ အမိုးအကာမရှိတဲ့အောက်မှာ ဆင်းရဲဒုက္ခမျိုးစုံကို ခံစားနေရတာဖြစ်ပါတယ်”   

ကရင်နီဆိုသည့် စိတ်ဓာတ်ရှင်သန်နေသရွေ့ ဘုံရန်သူကို တွန်းလှန်အောင်ပွဲခံနိုင်မည်ဖြစ်ပြီး အမျိုးသားရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း တတ်နိုင်စွမ်းရှိသလောက် အားလုံး တစ်ဖက်တစ်လမ်းက ပါဝင်သွားရန် တိုက်တွန်းခဲ့သည်။

ထို့ပြင် စစ်အာဏာရှင်ပြုတ်ကျရေး၊ ကရင်နီလူမျိုးများဘဝတည်ငြိမ်အေးချမ်းရေးအတွက် ကရင်နီပြည်သူတိုင်းမှာ တာဝန်ရှိသည်ကို မမေ့လျော့ရန်နှင့် KNPP အနေဖြင့် ပြည်သူနှင့် တစ်သားတည်းရပ်တည်နေကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်သော KNPP သည် ပထမအကြိမ်အရပ်သားအစိုးရလက်ထက် ၂၀၁၂ မတ်လအတွင်း ပဏာမ ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေးနှင့် ဇွန်လအတွင်း ပဏာမ ပြည်ထောင်စုအဆင့်အပစ်အခတ်ရပ်စဲရေးသဘောတူထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားခြင်း မရှိပေ။ 

ကယားပြည်နယ်အတွင်း KNPP ၏ ကရင်နီတပ်မတော်နှင့် စစ်တပ်တို့ မေလအတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားသည်။ 

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ ဆီဘူးတွင် KNPP အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)နှင့် ကယန်းပြည်သစ်ပါတီ (KNLP) တို့ အခြေစိုက်သည်။ 

ကရင်နီပြည်သည် သီးခြားလွတ်လပ်သည့် တိုင်းပြည်တစ်ပြည်ဖြစ်ကြောင်း ၁၈၇၅ ခုနှစ်၊ ဇွန်၂၁ တွင် ဗမာဘုရင်ကိုယ်စားလှယ် ကင်းဝန်မင်းကြီးနှင့် ဗြိတိသျှဘုရင်ခံချုပ်ကိုယ်စားလှယ် ဆာဒေါ့ကလပ်ဖေါ့ဆက်တို့က လက်မှတ်ရေးထိုးအသိအမှတ်ပြုခဲ့ကြသည့်နေ့ကို ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

ယနေ့ ကရင်နီအမျိုးသားနေ့အခမ်းအနားကို KNPP ၏ စစ်ဌာနချုပ်ဖြစ်သော ထိုင်း-မြန်မာနယ်စပ် ညာမို (ခေါ် ) တာလဲဒူဆို၌ အကျဉ်းချုံးပြုလုပ်ခဲ့ကြသည်။

လက်ရှိတွင် ကယား (ကရင်နီဒေသ) ပြည်နယ်၌ စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်ခြင်းကြောင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ရှမ်းကယားနယ်စပ် ဖယ်ခုံ၊ မိုးဗြဲမြို့နယ်များတွင် ပြည်သူအများအပြား ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ နေအိမ်နှင့် ပစ္စည်းများ လုယူဖျက်ဆီးခံရခြင်းများ ဖြစ်ပေါ်နေသည်။ 

မေ ၂၁ မှစ၍ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင်းရှိ မာနာပလော့ရပ်ကွက်နှင့် ဒေါငံခါးလမ်းဆုံ၌ စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဒီးမော့ဆို၊ လွိုင်ကော်၊ နယ်မြေထိစပ်နေသော ရှမ်းပြည်နယ် မိုးဗြဲနှင့် ဖယ်ခုံတို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲများအတွင်း စစ်တပ်က ရဟတ်ယာဉ်၊ လက်နက်ကြီးများအသုံးပြုတိုက်ခိုက်ခဲ့ပြီး လူ သောင်းနှင့်ချီ ထွက်ပြေးခဲ့ရကာ အများစုမှာ တောတောင်များထဲတွင် တိမ်းရှောင်နေရသည်။ 

စစ်တပ်သည် ကယားပြည်နယ်အတွင်း ကုန်စည်ပို့ခွင့်ကို ပိတ်ပင်ခဲ့ပြီး စစ်ရှောင်များအတွက် လှူဒါန်းသောပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း၊ လှူဒါန်းပစ္စည်းများအားလည်း အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့ရန်ဖြစ်သည်ဟုဆိုကာ ဖမ်းဆီးခြင်းများလည်း ပြုလုပ်ခဲ့သည်။ 

ကရင်နီဒေသအတွင်း ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲအများဆုံးဖြစ်ခဲ့ပြီး မိုးဗြဲနှင့် ဒီးမော့ဆိုသည် အရပ်သားသေဆုံးမှု အများဆုံးဖြစ်သည်။ 

မကြာသေးမီ ဇွန် ၁၅ ရက်တွင် စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့ အပစ်အခတ်ရပ်စဲခဲ့ပြီး စစ်ရှောင်နေသူများ ဒီးမော့ဆိုမြို့သို့ ပြန်ရောက်လာချိန်တွင် လမ်းဘေး၊ နေအိမ်ဝင်းနှင့် စာသင်ကျောင်းများ၌ မည်သူမည်ဝါမှန်းမသိရသည့် ရုပ်အလောင်းများ တွေ့ရှိခဲ့ရသည်။ 

အထူးသဖြင့် ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်တဝိုက်နှင့် ငွေတောင်ဆည်အနီးတွင် ရုပ်အလောင်း ၁၂ လောင်းနှင့် မိုးဗြဲတွင် ရုပ်အလောင်း ၇ လောင်း တွေ့ရှိခဲ့သည်။

ကရင်နီဒေသတွင် တိုက်ပွဲများမတိုင်မီ ဧပြီ ၃၀ က ကယားပြည်နယ်၊ ဖရူဆိုမြို့တွင် လူငယ် ၇၄ ဦးကို စစ်တပ်က မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးလိုက်ပြီး လွိုင်ကော်အကျဉ်းထောင်၌ ချုပ်နှောင်ခဲ့သည်။ ထို့နောက် ၎င်းလူငယ်များကို စစ်သင်တန်းတက်‌ရောက်ပြီး ပြန်လာသူများဟု စစ်ကောင်စီက စွပ်စွဲကာ ဖမ်းဆီးထားခဲ့သည်။ 

Show More

Related Articles

Back to top button