သတင်း

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ CNF နှင့် KNPP မတက်

စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ပြင်းထန်နေသည့် ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/KA) တို့က အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ်ထားသော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း ပြောသည်။ 

ပြီးခဲ့သည့် ဧပြီ ၂၂ တွင် စစ်ခေါင်းဆောင်က ၎င်း၏ ဝါဒဖြန့်မီဒီယာများမှတစ်ဆင့် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး မေ ၉ နောက်ဆုံးထား အကြောင်းပြန်ကြားရန် ကမ်းလှမ်းထားခြင်းကို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ လက်နက်ကိုင် ၂ ဖွဲ့လုံးသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ လူငယ်အများအပြားကို စစ်သင်တန်းပေးခဲ့ပြီး CNF သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းထားသည်။ 

ယမန်နေ့က အင်အားကြီးလက်နက်ကိုင်အဖွဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO/KIA) က စစ်ကောင်စီဆွေးနွေးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် ယမန်နေ့ညတွင် KNPP က အလားတူထုတ်ပြန်ခဲ့သည်။

ယခု ကမ်းလှမ်းသည့် ဆွေးနွေးပွဲက နိုင်ငံ၏ပြဿနာကို ရှင်းနိုင်မည်မဟုတ်ဟု CNF ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“စစ်ကောင်စီက ဖိတ်ကြားတဲ့ဆွေးနွေးမှုဆိုတာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီကြားမှာ ဖြစ်နေတဲ့ အကျပ်အတည်းမဟုတ်တော့ဘူး။ ပြည်သူတွေအားလုံး ပါဝင်နေတဲ့ စစ်ကောင်စီကြားက ပြဿနာဖြစ်သွားတယ်။ အဲဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီအကြား ဖြေရှင်းလို့ရမဲ့ ဆွေးနွေးမှုမျိုးတော့ ဟုတ်မှာမဟုတ်ပါဘူး” ဟု ဆလိုင်းထက်နီက ပြောသည်။ 

“အဲဒါကြောင့် စစ်ကောင်စီအနေနဲ့က အဲဒီလိုမျိုး ခေါ်ချင်းခေါ်ရင် တကယ်ငြိမ်းချမ်းချင်တယ်ဆိုရင်တော့ အခုလိုဖိတ်ခေါ်ချက်ကတော့ ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ CNF အနေနဲ့လည်း ဒီဆွေးနွေးမှုပေါ်မှာ တက်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားပါတယ်” 

ချင်းပြည်နယ်အခြေစိုက် CNF အပါအဝင် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များက စစ်ကောင်စီကို တောင်ပိုင်းနှင့် မြောက်ပိုင်း၊ နယ်မြေထိစပ်နေသော မကွေးတိုင်း၊ ယောဒေသနှင့် စစ်ကိုင်းတိုင်း ကလေးခရိုင်တို့တွင် ခုခံတိုက်ခိုက်နေသည်။ 

CNF ထံ ဖိတ်ကြားစာပေးပို့ခဲ့ပါကလည်း တက်ရောက်မည် မဟုတ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“တိုင်းရင်းသားလက်နက်ကိုင်တွေပဲ ကွက်ပြီးတော့ ဖိတ်တယ်ဆိုတာက PDF တွေနဲ့ ဖြစ်နေတဲ့၊ စစ်ကောင်စီနဲ့ ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အစည်းအားလုံးကို ဖိတ်သင့်ပါတယ်။ အဲဒီတော့ အခုလိုဖိတ်တာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဆွေးနွေးမှုနဲ့ ယာယီ အဲဒီလိုထိန်းထားမယ်။ အဲဒီမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို ဖြိုခွဲမယ်။ ပြီးတော့ နယ်မြေငြိမ်းချမ်းပြီဆိုပြီးတော့ နောက်နှစ်မှာ ရွေးကောက်ပွဲလုပ်လိမ့်မယ်။ အဲဒီလိုပဲ သုံးသပ်ပြောလို့ ရပါတယ်” ဟု ဆလိုင်းထက်နီက ဆိုသည်။ 

စစ်ကောင်စီ၏ ဖိတ်ခေါ်မှုအပေါ် အပစ်ရပ် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့တချို့ တက်ရောက်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း NCA ထိုးခဲ့သည့် CNF ကမူ မတက်ရောက်ကြောင်း တုံ့ပြန်သည်။ 

အပစ်ရပ်လက်မှတ်မထိုးထားသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကလည်း တက်ရောက်မည် မဟုတ်ကြောင်း ယမန်နေ့ (မေ ၅) တွင် Myanmar Now ကို ပြောသည်။ 

“ဒီနေ့တွေ့ဆုံဆွေးနွေးရေးက မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခက်အခဲအကျပ်အတည်း နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မဲ့ တွေ့ဆုံဆွေးနွေးပွဲ မဟုတ်သေးဘူးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ သူတို့က EAO တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကိုပဲ ဖိတ်တာလေ။ နိုင်ငံမှာဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာ အခက်အခဲအကျပ်အတည်းတွေကို ဖြေရှင်းဖို့ဆိုရင် stakeholder တွေ အားလုံးပါဝင်ဖို့ လိုတယ်လေ” ဟု KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ပြောသည်။

ယမန်နေ့ ည၌ KNPP က ငြိမ်းချမ်းရေးဆွေးနွေးရန် အချိန်ခါကောင်းမဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

စစ်ကောင်စီခေါင်းဆောင်၏ ဖိတ်ခေါ်ချက်သည် တစ်နိုင်ငံလုံး လွှမ်းခြုံသည့် တွေ့ဆုံမှု မဖြစ်သလို လက်ရှိဖြစ်နေသည့် နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းဖော်ထုတ်မှု မဟုတ်သည့်အတွက် တွေ့ဆုံဆွေးနွေးရန် အချိန်အခါကောင်းမဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပါဝင်သင့်သည့် အင်အားစုများ ပါဝင်သည့် ဆွေးနွေးပွဲဖြစ်ရန် KNPP က တောင်းဆိုခဲ့ပြီး ဒေသအသီးသီးရှိ ထိုးစစ်များ ရပ်တန့်ရန်၊ နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီများ ခွင့်ပြုရန်၊ သတ်ဖြတ်ခံရသူများအတွက် ဥပဒေကြောင်းအရ အရေးယူပေးရန် အချက် ၃ ချက်ဖြင့် တောင်းဆိုခဲ့သည်။ 

လက်ရှိတွင် KIA,KNPP/KA, CNF တို့က တရားဝင်ထုတ်ဖော်ပြောဆိုထားသလို တအာဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကမူ ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) အနေဖြင့် မဟုတ်ဘဲ တစ်ဖွဲ့ချင်းအနေဖြင့် မတက်ရောက်ကြောင်း သတင်းဌာနများကို ဖြေဆိုထားသည်။ 

“ဝ” အဖွဲ့ UWSA နှင့် KIA တို့ ဦးဆောင်သော FPNCC တွင် TNLA, MNDAA (ကိုးကန့်), SSPP (ရှမ်းပြည်တိုးတက်ရေးပါတီ), NDAA (မိုင်းလား), AA (ရက္ခိုင့်တပ်တော်) တို့ ပါဝင်နေသည်။ 

KIA မှအပ ထိုအဖွဲ့ဝင်များအနေဖြင့် တက်ရောက်မည် မတက်ရောက်မည် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

CNF မှ ဆလိုင်းထက်နီက EAO များအနေဖြင့် နောက်ဆုတ်ရန် မရှိတော့ဘဲ လူထုနှင့်အတူ တိုက်ပွဲဝင်ကြရန် တိုက်တွန်းသည်။ 

“နွေဦးတော်လှန်ရေးကနေ ဖြစ်တည်လာတဲ့ ဒီကနေ နောက်ဆုတ်စရာလမ်းတော့ မရှိဘူး။ ပြည်သူလူထုနဲ့အတူ ဆက်လက်ပြီးတော့ ရှိပါမယ်။ စစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့ဆိုရင် အားလုံးပါဝင်တဲ့ ကဏ္ဍအသီးသီးကနေ ကိုယ်ကျရာ တာဝန်များနဲ့ ထဲထဲဝင်ဝင် အတူတကွလက်တွဲပြီးတော့ တိုက်ပွဲဝင်ကြဖို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်” ဟု ဆိုသည်။  

စစ်ကောင်စီက ဆွေးနွေးရန် မဖိတ်ခေါ်မီ ၅ ရက်အလိုကလည်း တိုင်းပြည်အကျိုးဆောင်ရွက်သူများကို ဂုဏ်ပြုဆုပေးသည်ဟုဆိုကာ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့၏ ခေါင်းဆောင်များကို ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်ကြောင်း ကြေညာခဲ့သည်။ 

ထိုအဖွဲ့များက အာဏာသိမ်းခေါင်းဆောင်၏ ဆွေးနွေးပွဲသို့ တက်မတက် တရားဝင်ကြေညာခြင်း မရှိသေးပေ။

စစ်တပ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်သည် လက်နက်အပြည့်အစုံနှင့် စစ်သားများက ဆန္ဒပြသူများ၊ လက်နက်ကိုင်အန်တုသူများကို နားရက်မရှိ လိုက်လံတိုက်ခိုက်မှု ၁၄ လပြည့်လာပြီး စစ်ပန်းနေချိန်နှင့် တိုက်ဆိုင်နေသည်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲတက်ခြင်းဖြင့် အကျိုးဖြစ်စေမည်ဟု လေသံပစ်ထားသည်။ အစိုးရ၊ လွှတ်တော်၊ စစ်တပ် စသည်ဖြင့် ယခင်က သုံးမျိုးရှိခဲ့သော်လည်း ယခု တစ်မျိုးတည်းသာ ကျန်နေသဖြင့် ဆွေးနွေးရန် အသင့်လျော်ဆုံးအချိန်ဖြစ်နေကြောင်း တိုက်တွန်းထားသည်။

ဤအတောအတွင်း စစ်ကောင်စီတပ်က လက်နက်ကိုင်ခုခံသူတို့ကို လိုက်လံတိုက်ခိုက်စဉ် ဖြတ်သန်းရာလမ်းတစ်လျှောက် နေအိမ်အများအပြား မီးရှို့ဖျက်ဆီးခံနေရသည်။

ထိုဖျက်ဆီးမှုများမှာ စစ်ကောင်စီတပ်၏လက်ချက်ဟု ဒေသအသီးသီးမှ ပြည်သူများက ပြောသည်။ စစ်ကောင်စီကမူ မီးရှို့ကြောင်း ဝန်ခံခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button