
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် အခြေစိုက်စခန်းများမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း ထိုးစစ်ပြန်လည်စတင်လာသောကြောင့် ဒေသတွင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ကူ အမြောက်အမြားပါဝင်သော ထိုးစစ်ကို တော်လှန်ရေးအင်အားစုက ကြံ့ကြံ့ခံ ခုခံထားနိုင်ဆဲ ဖြစ်သည်။
ဒေသတွင်း စစ်ရေးအခြေအနေများနှင့် အနာဂတ် မျှော်မှန်းချက်များကို ကရင်နီပြည်နယ် ကာကွယ်ရေးဒုတိယဝန်ကြီးလည်းဖြစ်၊ ကရင်နီတပ်မတော် (KA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး-၁ ခူးဒန်နီရယ်လ်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ လက်ရှိ ကရင်နီပြည်ရဲ့ နိုင်ငံရေး စစ်ရေးအခြေအနေက ဘယ်လိုမျိုးရှိနေလဲခင်ဗျာ။
ဖြေ။ ။ စစ်ရေးမှာတော့ ဒီးမော့ဆို အနောက်ဘက်အခြမ်းမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန်တွေ ဖြစ်ကြတယ်။ ဒီနေ့ (ဒီဇင်ဘာ ၅) မနက် အစောကြီးကတောင် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အများကြီး ပစ်တယ်။ လွိုင်ကော်အရှေ့ဘက်အခြမ်းမှာလည်း တိုက်ပွဲတွေက ဖြစ်နေတာပဲ။
မေး။ ။ ကရင်နီပြည်ထဲမှာ စစ်ကောင်စီရဲ့ အခြေစိုက်နေတဲ့ စခန်းအချို့ ဆုတ်သွားတယ်လို့ သိရပါတယ်။ ဘယ်နေရာတွေ ဆုတ်ခွာသွားတာလဲခင်ဗျာ။
ဖြေ။ ။ ဒီးမော့ဆိုအနောက်ဘက်အခြမ်း နန်းမယ်ခုံတို့၊ သေးဆူလဲတို့ဘက်မှာ ဆုတ်သွားတယ်။ ကျွန်တော်တို့ဘက်က ထိုးစစ်ပြန်လုပ်တော့ သူတို့ ဆုတ်သွားတယ်။ တစ်ရက် နှစ်ရက်လောက်ပဲ ကြာတယ် သူတို့ ပြန်လာတယ်။ အခုထိတော့ သူတို့ဘက်က စခန်းပြန်ထိုင်နိုင်တာတော့ မရှိသေးဘူး။ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ ဘယ်သူကမှ အဲဒီနေရာတွေမှာ စခန်း ပြန်မထိုင်ကြသေးဘူး။
မေး။ ။ စစ်ကောင်စီဘက်က စခန်းအချို့ကနေ ဆုတ်သွားပြီးနောက် ကာကွယ်ရေးတပ်တွေက နန်းမယ်ခုံဘက်ကို ဆက်ပြီးမလာဖို့ ဘာသာရေးခေါင်းဆောင်အချို့နဲ့ EAO တစ်ဖွဲ့က လာရောက် ညှိနှိုင်းတယ်လို့ သိရပါတယ်။ ဘယ် EAO အဖွဲ့ကလဲခင်ဗျ။ ဘာကြောင့်ညှိနှိုင်းလဲ ဆိုတာသိပါရစေ။
ဖြေ။ ။ ကျွန်တော်တို့ (KNPP) ကို တရားဝင် ညှိနှိုင်းတာမျိုး မရှိဘူး။ KNPP အနေနဲ့ တွေ့ဆုံတာမျိုး မလုပ်ဘူး။ အောက်ခြေက ပြောလာတာတော့ရှိတယ်။ ဒါပေမဲ့ တရားဝင်တယ်လို့ ပြောလို့မရဘူး။ ဘာသာရေးအဖွဲ့အစည်းအချို့နဲ့ ကလလတ (ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး) က လာရောက် ညှိနှိုင်းတယ်ပေါ့နော်။ ကျွန်တော်တို့အဖွဲ့အစည်းဆီကိုတော့ တရားဝင် ဘာမှ မသိရသေးဘူး။
မေး။ ။ ဒီညှိနှိုင်းမှုအပေါ်မှာ ကရင်နီလူငယ်တော်တော်များများက မကျေနပ်တာမျိုး ဒေါသထွက်တာမျိုး ရှိခဲ့တယ်။ ဒီလိုညှိနှိုင်းတဲ့အတွက် KNPP က ဘယ်လိုမျိုး သဘောထားရှိလဲခင်ဗျာ။
ဖြေ။ ။ ကျွန်တော်တို့ကတော့ တောက်လျှောက်ပြောလာပြီးပြီ၊ ဒီအချိန်မှာ စစ်ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအရ ညှိနှိုင်းမှုတွေ လုပ်မှာမဟုတ်ဘူးဆိုတာ ပြောထားပြီးသားဖြစ်တယ်။
ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးမှုလုပ်ဖို့ဆိုတာ ခဏခဏလာတယ်။ ကျွန်တော်တို့အနေနဲ့ အပစ်အခတ်ရပ်စဲရေးတို့ ငြိမ်းချမ်းရေးတို့ ဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာပဲ သွားရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ပြောထားပြီးသား ဖြစ်တယ်။ အခုညှိနှိုင်းမှုတွေ လုပ်တာက စစ်အာဏာရှင်တွေကို သက်ဆိုးဆက်ပြီးရှည်စေတာပဲ ဖြစ်လိမ့်မယ်။ လူထုအကျိုးအတွက် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။

မေး။ ။ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးဟာ ၂ နှစ်နီးပါးရှိလာပြီ၊ ဒီအတောအတွင်းမှာ တော်လှန်ရေးက ဘယ်လိုအနေအထားမျိုး ရောက်နေပြီလဲခင်ဗျာ။
ဖြေ။ ။ ပြောရခက်ပါတယ်။ ဘာလို့ဆို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြောရင် စစ်အာဏာရှင်ကို အားလုံးက မတော်လှန်ကြဘူးလေ။ တိုင်းရင်းသားတွေရော ပြည်မကလူတွေရော အားလုံးက ပါဝင်မယ်ဆိုရင် တစ်မျိုး ဖြစ်မှာပေါ့။
အခုက တိုက်တဲ့သူကတိုက်၊ မတိုက်တဲ့သူက မတိုက်တော့ ဘယ်လောက်အထိ ရောက်ပြီလဲဆိုတာ ပြောရခက်ပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ကိုတော့ လူထုက အများစုက တော်လှန်နေတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေက လူထုဘက် ရပ်တည်သင့်တယ်။ ရပ်တည်ကို ရပ်တည်ရမှာ ဖြစ်တယ်။
မေး။ ။ လက်ရှိ ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီက ဘယ်နေရာတွေ ထိန်းချုပ်ထားနိုင်ပြီးတော့ တော်လှန်ရေးအဖွဲ့တွေက ဘယ်နေရာတွေ ထိန်းချုပ်ထားနိုင်လဲခင်ဗျာ။
ဖြေ။ ။ စစ်ကောင်စီဘက်ကတော့ အများအားဖြင့် မြို့မှာပဲ နေတယ်။ မြို့တောင်မှ သူတို့တပ်ရင်း ဌာနချုပ်ရှိတဲ့နေရာ တပ်စခန်းရှိတဲ့နေရာမှာပဲ ထိန်းချုပ်နိုင်တယ်လို့ ပြောလို့ရပါတယ်။ ဥပမာ ဒီးမော့ဆိုကို ကြည့်လိုက်မယ်ဆိုရင် နန်းမယ်ခုံတို့ ကုန်းသာ မိုးဗြဲလမ်းကြောင်းရှိတယ်၊ အဲဒါက ရှေ့တန်းနယ်မြေလို ဖြစ်နေတယ်။ တကယ်တမ်း သူတို့ရှိနေတာက တိုင်းဌာနချုပ်မှာပဲ ရှိတယ်။ မြို့ပေါ်ရပ်ကွက်တောင် သူတို့ မထိန်းနိုင်ပါဘူး။
အဲဒီနေရာတွေကလွဲလို့ ကျန်တဲ့နေရာတွေက တော်လှန်ရေးအဖွဲ့အစည်းတွေ သွားလာလှုပ်ရှားနေတဲ့ နေရာတွေ ဖြစ်တယ်။ နယ်မြေအရ ပြောရမယ်ဆို ဒီဘက် တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဧရိယာက ပိုကျယ်ပြန့်တယ်ပေါ့။ သူတို့ ဌာနချုပ်မှာပဲရှိနေတာ၊ အပြင်ထွက်တာတော့ မရှိဘူး။
မေး။ ။ ကရင်နီပြည်ထဲမှာ တော်လှန်ရေးအဖွဲ့တွေ အရမ်းများတယ်ပေါ့နော်။ စစ်တိုက်တဲ့နေရာမှာ အဆင့်ဆင့်အမိန့်နာခံမှုစနစ်ကို ဘယ်လိုတည်ဆောက်ထားလဲခင်ဗျာ။
ဖြေ။ ။ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် စုစည်းထားပါတယ်။ အများစုပေါ့လေ၊ နွေဦးတော်လှန်ရေးနောက်ပိုင်း ထွက်ပေါ်လာတဲ့ လူငယ်တော်တော်များများက ၇၅ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းကတော့ ကျွန်တော်တို့ စစ်ဦးစီးချုပ်ကိုပဲ သူတို့ စစ်ဦးစီးချုပ်အဖြစ် သဘောတူထားတာ ရှိတယ်။ ကျန်တဲ့ PDF တချို့ကတော့ NUG အောက်မှာ ရှိတာ ရှိမယ်၊ မရှိတာတွေလည်းရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး လက်တွဲ ဆောင်ရွက်ကြတာတော့ရှိတယ်။
သို့သော်လည်း သူ့ နောက်ခံနဲ့သူ ရှိကြတာတော့ ရှိပါတယ်။ အနည်းစုပါပဲ ။ ဘာပဲဖြစ်နေ ဖြစ်နေ ကျွန်တော်တို့အနေနဲ့ကတော့ စစ်ကောင်စီကို တိုက်ခိုက်တဲ့ အဖွဲ့အစည်းတိုင်းကတော့ ပူးပေါင်းဆောင်ရွက်မှုတော့ လုပ်သွားမယ်။

မေး။ ။ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကိုယ်စီရှိကြတယ်။ KNPP အနေနဲ့ ဘယ်လိုမျိုး ရည်မှန်းချက်ရှိလဲခင်ဗျာ။
ဖြေ။ ။ အဖွဲ့အစည်းတွေအားလုံး နားလည်ထားရမှာက အရင်တုန်းကတော့ အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့ နောက်ခံတွေက မတူကြဘူး။ သူ့ရည်မှန်းချက်၊ ကိုယ့်ရည်မှန်းချက်တွေ ရှိကြတယ်။ နိုင်ငံရေးသွားမယ့် လမ်းကြောင်းကလည်း မတူကြဘူး။ ဒီအချိန်မှာ နားလည်ရမှာက အဖွဲ့အစည်းကို အခြေခံပြီးမှ တော်လှန်ရေးလုပ်ရမှာ မဟုတ်တော့ဘူး။ လူထုတစ်ရပ်လုံးကို အခြေခံပြီးမှ တော်လှန်ရေးလုပ်ရမှာ ဖြစ်တယ်။
အဲဒီတော့ ဦးတည်ချက်တွေက၊ ရည်မှန်းချက်တွေက တစ်ခုပဲ ရှိရတော့မယ်။ သူ့အဖွဲ့အစည်း ကိုယ့်အဖွဲ့အစည်း အဲဒါတွေ သွားတွေးနေရင်တော့ တော်လှန်ရေးက အောင်မှာ မဟုတ်ဘူး။ လူထုအများစု တော်လှန်ရေးလုပ်နေပြီ၊ တော်လှန်ရေးမှာ ပါဝင်နေပြီဆိုရင် ဒါက လူထုတော်လှန်ရေး ဖြစ်သွားပြီ။ လူထုကို အခြေခံပြီး တော်လှန်ရေးလုပ်ရမယ်။ လူထုရဲ့ ရည်မှန်းချက်ကို သွားဖို့ လိုတယ်။ ကျွန်တော်တို့ ရဲ့ လက်ရှိရည်မှန်းချက်က ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ပါဝင်မယ်။
မေး။ ။ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုတွေအပေါ် ဘယ်လိုရှုမြင်သုံးသပ်လဲခင်ဗျာ။
ကျွန်တော်တို့ KNPP ကတော့ အတတ်နိုင်ဆုံး NUG ကတော့ လက်တွဲထားတယ်။ NUCC (အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ) နဲ့ လုပ်ဆောင်ထားတာတွေ ရှိတယ်။ ပါဝင်မှုတွေလည်း ရှိထားတယ်။
အားရလောက်တဲ့ အနေအထားရှိလားလို့ မေးရင်တော့ တော်လှန်ရေးဖြစ်နေတဲ့အတွက်ပေါ့လေ ကျွန်တော်တို့လည်း အားရလောက်တဲ့ အနေအထားမျိုး မရှိသေးဘူး။ ဒီထက်မက NUG လုပ်သင့်တဲ့ ဟာတွေ အများကြီးရှိတယ်။ တိုင်းရင်းသားပေါင်းစုံနဲ့ အတူတူ ညှိနှိုင်းဆွေးနွေးမှုတွေ အားကောင်းဖို့ လိုတယ်။ ပူးပေါင်းပါဝင်မှု စသဖြင့်ပေါ့လေ၊ အဲဒါတွေတော့ နည်းနည်းလိုအပ်သေးတယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)