မေးမြန်းခန်း

“တော်လှန်ရေးသမားဆိုတော့ ရှိတဲ့အားနဲ့ ခုခံမှာပဲ” – KNPP

ယခုနှစ် ဖေဖော်ဝါရီလကုန်ခန့်မှစ၍ စစ်ကောင်စီတပ်က ကရင်နီဒေသကို စစ်ကြောင်းများ ဖြန့်ခွဲ၍ ထိုးစစ်ဆင်လျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်ဘက်မှ စစ်ကြောင်း ၄ ကြောင်း၊ ကယားပြည်နယ်မြောက်ပိုင်း လွိုင်ကော်ဘက်မှ စစ်ကြောင်း ၂ ကြောင်း၊ အခြေစိုက်တပ်များရှိသော ကယားပြည်နယ်တောင်ပိုင်း ဘောလခဲမြို့နယ်ဘက်မှ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်နေသည်။

ပြင်းထန်နေသော တိုက်ပွဲများကြောင့် ပြည်နယ်လူဦးရေ၏ သုံးပုံနှစ်ပုံဖြစ်သော လူဦးရေ နှစ်သိန်းခန့်သည် ထွက်ပြေး တိမ်းရှောင်နေရသည်။

ထို့ကြောင့် ကရင်နီဒေသအတွင်း ထိုးစစ်ဆင်ခံနေရသည့်အခြေအနေ၊ စစ်တပ်က ဖန်တီးနေသည့် လူမျိုးရေးပဋိပက္ခများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီး ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။ ခူးညေးရယ်သည် ကရင်နီတပ်မတော် (KA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဗဟိုကော်မတီဝင်၊ ကရင်နီပြည်အစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။

မေး။။ ပင်လောင်းမြို့နယ် နန်းနိမ့်ရွာ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူမျိုးရေး ဦးတည်ပြောနေကြတာတွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲခင်ဗျာ။

ဖြေ။။ ကျွန်တော်တို့ကရင်နီတွေက ရှမ်းပြည်တောင်ပိုင်းမှာလည်း အများကြီးနေထိုင်ကြတယ်၊ အဲ့ဒီနေရာမှာ ပအိုဝ်းတွေလည်း ရှိတယ်ဆိုတော့ လူမျိုးရေးပဋိပက္ခဖြစ်အောင်ပေါ့၊ စစ်ကောင်စီဘက်က ဖန်တီးနေတာလားဆိုတာ မေးစရာရှိတယ်။ ပအိုဝ်းတွေဆိုရင် ဗုဒ္ဓဘာသာ ကိုးကွယ်ကြတယ်။ ကျွန်တော်တို့ ကရင်နီလူမျိုး တော်တော်များများက ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်တဲ့အခါကျတော့ ဘာသာရေးအဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်းဖြစ်အောင် သူတို့ (စစ်ကောင်စီ) ဘက်က ဖန်တီးသလားပေါ့။

မေး။။ စစ်ကောင်စီဘက်က လူမျိုးရေးပဋိပက္ခ ဖြစ်ပေါ်အောင် လုပ်ဆောင်နေတယ် ဆိုတာမျိုး ပြောဆိုချက်တွေ ရှိတယ်ဆိုတော့ ဒီကိစ္စကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းနေသလဲခင်ဗျာ။

ဖြေ။။ အခုဖြစ်နေတဲ့နေရာ ရှမ်းပြည်ဘက်ဖြစ်တော့ ကျွန်တော်တို့နေရာ မဟုတ်တဲ့အတွက် ဝင်ရောက် ဖျန်ဖြေ ရှင်းလင်းတာမျိုးတော့ လုပ်လို့မရသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့တပ်တွေနဲ့ KNDF တို့ ရှမ်းတောင်က PDF ဆိုတာက အတူတူ ပူးတွဲပြီး စစ်ကောင်စီရဲ့ တပ်တွေကို တိုက်ခိုက်နေတာဆိုတော့ သူတို့ ပူးပေါင်းဆောင်ရွက်နေတာတွေတော့ ရှိတယ်။

မေး။။ လက်ရှိ ကရင်နီပြည်ရဲ့ စစ်ရေးအခြေအနေက ဘယ်လိုရှိနေသလဲခင်ဗျာ။ ဘယ်မြို့တွေမှာ တိုက်ပွဲတွေ အဓိက ဖြစ်နေသလဲခင်ဗျာ။

ဖြေ။။ အခုကတော့ ဒီးမော့ဆိုအရှေ့ခြမ်းမှာ စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်နေတယ်။ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်တာပေါ့။ အဲ့ဒီမှာ ရှိနေတဲ့ စစ်ရှောင်အချို့က ဒီးမော့ဆိုအနောက်ဘက်ကို ပြန်သွားတာ ရှိသလို တချို့ကလည်း လွိုင်ကော်ဘက် ပြန်တက်တာ ရှိတယ်။ တချို့ကလည်း ဘောလခဲဘက် ဆင်းသွားတာလည်း ရှိတယ်။ စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်လာတဲ့အခါကျတော့ သူတို့ ပုန်းရှောင်ရတဲ့ အခက်အခဲတွေ ဖြစ်လာရတဲ့အနေအထားမျိုးပဲ။

မေး။။ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးလာတယ်ဆိုတာက ဘယ်နေရာတွေကနေ တက်လာတာလဲခင်ဗျာ။

ဖြေ။။ ဘောလခဲဘက်က စစ်ကြောင်းနှစ်ကြောင်း တက်လာတယ်။ လွိုင်ကော်ဘက်ကနေ စစ်ကြောင်းတစ်ကြောင်း ဆင်းလာတယ်။

ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်။ (ဓာတ်ပုံ-ကန္တာရဝတီတိုင်းမ်) 

မေး။။ ကရင်နီပြည်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအင်အားက ဘယ်လောက်အထိ ရှိနေသလဲခင်ဗျာ။ ဘယ်တပ်ရင်း၊ တပ်မတွေ ပါဝင်လာတယ်လို့ သိထားရသလဲ။

ဖြေ။။ ကျွန်တော်တို့ သိရသလောက်ဆို ဘောလခဲဘက်မှာ တက်လာတာက စစ်ကြောင်းနှစ်ကြောင်းပေါ့နော်။ တစ်ကြောင်းက မတ်လ ၇ ရက်နေ့မှာ တက်လာတာ လူအင်အား ၇၀ လောက်ရှိတယ်။ ဘယ်တပ်ရင်းလဲ ဆိုတာတော့ မသိဘူး။ မတ်လ ၉ ရက်နေ့မှာ ထပ်တက်လာတဲ့ စစ်ကြောင်းက အင်အားက ၂၀၀ ဝန်းကျင်လောက် ရှိတယ်။ ခမရ (၄၂၉) ဘောလခဲအခြေစိုက်တပ်ရင်းနဲ့ တပ်မ (၇၇) က ထုတ်နုတ်ထားတဲ့တပ်ဖြစ်မယ်။ စုပေါင်း အင်အား ၂၀၀ နဲ့ တက်လာတယ်။ နောက် လွိုင်ကော်ဘက်က ဆင်းလာတဲ့ စစ်ကြောင်းကတော့ ဘယ်တပ်ရင်းလဲ ဆိုတာတော့ အတိအကျ မသိရသေးဘူး။

မေး။။ စစ်ကောင်စီက ပင်လောင်း၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဘောလခဲ စတာတွေကနေ စစ်ကြောင်းထိုးနေတာ တွေ့ရတယ်ဆိုတော့ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က ဘာဖြစ်မလဲခင်ဗျာ။

ဖြေ။။ သူတို့ကတော့ PDF တို့ KNDF တို့ကို မွေးထုတ်ပေးတဲ့ ကျွန်တော်တို့လို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေကို နှိမ်နင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်တစ်ခု ဖြစ်မယ်။ နောက်တစ်ခုက သူတို့လုပ်မယ့် ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးရေးရဖို့ လုပ်တာ ဖြစ်နိုင်တယ်။ နောက်ပြီးတော့မှ မာရှယ်လော ထုတ်ထားတဲ့ ဒီးမော့ဆို၊ ဖရူဆို စတဲ့ မြို့နယ်တွေကို ဦးတည်ပြီးတော့မှ နယ်မြေရှင်းလင်းရေးလုပ်တယ်။ ထိုးစစ်တွေလုပ်တယ်လို့ သုံးသပ်တယ်။

မေး။။ စစ်ကောင်စီက ကရင်နီဒေသကို ဘယ်နေရာတွေကို အဓိက ထိုးစစ်ဆင်နေတာလဲ။

ဖြေ။။ ကျွန်တော့်အမြင်ကတော့ စစ်ဘေးရှောင်တွေ ရှိတဲ့နေရာကို သူတို့ ဦးတည်တယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ဘေးရှောင်တွေ ရှိတဲ့နေရာက KNDF တို့ PDF တို့ ကျွန်တော်တို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ မှီခိုနိုင်တယ်၊ အဲဒီနေရာမှာ ရိက္ခာရနိုင်တယ်၊ လူထုတွေရဲ့ အကူအညီနဲ့ လူထုဆီမှာ ခိုအောင်းနိုင်တယ်လို့ မြင်လို့ လူထုကိုပါ မနေနိုင်အောင် လုပ်လာတယ်လို့ မြင်တယ်။ ခဏခဏပဲ စစ်ဘေးရှောင်တွေရှိတဲ့ နေရာဆို စစ်ကြောင်းထိုးလာတာ မြင်နေရတယ်။ ဒီးမော့ဆိုအရှေ့ခြမ်း၊ ရှမ်း-ကယားနယ်စပ်၊ ဟိုးအနောက်ဘက် ဆီးဘူးတို့ ပင်လောင်းတို့ဘက်မှာ စစ်ကြောင်းထိုးနေတာပေါ့။

မေး။။ ထိုးစစ်ဆင်ခံနေရတဲ့ ဒေသတွေက ဘယ်လောက်အထိ အရေးပါသလဲခင်ဗျာ။

ဖြေ။။ ကျွန်တော်တို့ ကရင်နီပြည် (ကယားပြည်နယ်) ဆိုရင် စီးပွားရေးအရ တွက်မယ်ဆိုရင် ထိုင်းဘက်ကနေ ဗမာပြည်မကို အနီးဆုံးအနေနဲ့ ခရီးက တစ်ရက်တည်း ရောက်နိုင်တယ်ပေါ့။ စစ်ရေးအရ ကြည့်ရင်လည်း ဗမာပြည်ကို အထက်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး ပိုင်းခြားလိုက်လို့ရတဲ့ အနေအထားဖြစ်နေတယ်။ ဆိုတော့ ကျွန်တော်တို့ ကရင်နီပြည်ကို သူတို့က အရေးပါအရာရောက်တဲ့ ပထဝီအနေအထားအဖြစ် သတ်မှတ်ထားတယ်ပေါ့။

မေး။။ ဒီထိုးစစ်တွေအပေါ် ကရင်နီတော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘယ်လိုမျိုး ရင်ဆိုင်သွားဖို့ရှိမလဲ။

ဖြေ။။ ကျွန်တော်တို့ကတော့ တော်လှန်ရေးသမားဆိုတော့ ရှိတဲ့အားနဲ့ ခုခံမှာပဲ။ ကျွန်တော်တို့မှာလည်း အခက်အခဲတွေ ရှိပါတယ်၊ လက်နက်ခဲယမ်းတို့၊ စားနပ်ရိက္ခာတို့။ လူထုကို ကူညီရမယ့်ဟာတွေ ကျွန်တော်တို့ မကူညီနိုင်ဘဲနဲ့ လူထုကိုပါ ဆွဲထည့်သလိုမျိုး အခြေအနေတွေက ဖြစ်လာနေတာပေါ့။ ဒါပေမဲ့ ပြောချင်တာက အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ကျွန်တော်တို့ မျှော်မှန်းတဲ့ တစ်နေ့ကို ရောက်အောင်လို့ တွန်းလှန်တိုက်ခိုက်မယ်လို့ ပြောချင်ပါတယ်။

တိမ်းရှောင်လာသော ကရင်နီစစ်ရှောင်တချို့ကို ဒီးမော့ဆိုမြို့နယ် ကိုယ်ထူကိုယ်ထကျောင်းအတွင်း ၂၀၂၂ ဇွန်လက တွေ့ရစဉ်။ (ဓာတ်ပုံ-ခွန်လှဉာဏ်/Myanmar Now)

မေး။။ ဒီ ၂၀၂၃ ခုနှစ် ကာလအတွင်း KNPP အနေနဲ့ ဘယ်လိုမျိုး စစ်ရေးအရ ရည်ရွယ်ချက်ထားရှိသလဲခင်ဗျာ။

ဖြေ။။ စစ်ရေးအရ ကျွန်တော်တို့ တတ်နိုင်သလောက် ခုခံတိုက်ထုတ်သွားမယ်။ နိုင်ငံရေးအရဆိုရင်တော့ ကျွန်တော်တို့ မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာဖို့ နောက်ပြီးတော့ KNDF တို့ PDF တို့က စစ်အာဏာရှင် ပြုတ်ကျရေးဆိုတော့ သူတို့နဲ့ လက်တွဲပြီးတော့ ကျွန်တော်တို့ တတ်နိုင်သလောက် ခုခံသွားမယ်လို့ ဆုံးဖြတ်ထားတယ်။

မေး။။ နယ်မြေထိန်းချုပ်နိုင်မှုက ဘယ်လိုအခြေအနေရှိသလဲ။

ဖြေ။။ အခု စစ်ကောင်စီလုပ်လာတဲ့ ထိုးစစ်မတိုင်ခင်က ကျွန်တော်တို့ တော်တော်များများ ထိန်းချုပ်နိုင်ပါတယ်။ အဓိကမြို့တွေကိုတော့ ကျွန်တော်တို့ မထိန်းချုပ်နိုင်သေးဘူး။ အခုကျတော့ သူတို့ဘက်က အင်အားတွေ ဖြည့်ဆည်းပြီး စစ်ကြောင်းထိုးလာတဲ့အခါကျတော့ ကျွန်တော်တို့ဘက်က တတ်နိုင်သလောက် ခုခံထိန်းသိမ်းသွားမယ်။

မေး။။ ကရင်နီပြည်ထဲမှာ စစ်ကောင်စီရဲ့ အခြေစိုက်တပ်ရင်းဌာနချုပ်တွေ အပါအဝင် စစ်ကြောင်းထိုးလာတဲ့ အင်အားတွေပါနဲ့ဆို စုစုပေါင်းခန့်မှန်းခြေပေါ့နော် ဘယ်လောက်အထိ ရှိသလဲခင်ဗျာ။

ဖြေ။။ အကြမ်းဖျင်း ပြောရမယ်ဆိုရင် အနောက်ဘက် ပင်လောင်း၊ ဖယ်ခုံဘက်မှာက ၄၀၀၊ ဒီးမော့ဆိုအရှေ့ခြမ်းကို ဘောလခဲဘက်ကနေ စစ်ကြောင်းထိုးလာတာ ၂၀၀ ကျော်မယ်။ လွိုင်ကော်ဘက်က ဆင်းလာတာ  ၁၀၀ ကျော်မယ်။ အဲ့ဒါက အင်အားဖြည့်ပြီးလာတဲ့ တပ်တွေချည်းပဲ။ ဒေသခံတပ်တွေအနေနဲ့ ဒကစလွိုင်ကော် (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) လက်အောက်ခံတပ်တွေက တပ်ရင်း ၁၀ ရင်း ရှိတယ်။ ပြီးတော့ ဖယ်ခုံအခြေစိုက် စကခ ၇ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) လည်း ရှိတယ်။ အင်အားက တပ်ရင်း ၁ ရင်းကို လူအင်အား ၇၀ နဲ့ တွက်မယ်ဆိုရင် ၂၀၀၀ ဝန်းကျင်လောက် ရှိမယ်။

မေး။။ ဒီးမော့ဆိုက စစ်ဘေးရှောင် ၆၀၀၀ ကျော်က ထပ်ပြီး စစ်ရှောင်နေရတယ်လို့ ကြားရတယ်၊ သူတို့ရဲ့ အဓိက လိုအပ်ချက်တွေက ဘာတွေဖြစ်မလဲ။

ဖြေ။။ စစ်ရှောင်တွေ အဓိက ကြုံတွေ့နေရတာက ကျန်းမာရေးကိစ္စ၊ အဲ့ဒီဒေသမှာ ရေရှားတဲ့အခါကျတော့ မသန့်ရှင်းတဲ့ရေတွေ သုံးစွဲမိတော့ ဝမ်းလျှောတာတွေ အထူးသဖြင့် ကလေးတွေက ကိုယ်ပူပြီးတော့မှ နှာစေးချောင်းဆိုးတာတွေ ဖြစ်တယ်။ နောက် အရေပြားရောဂါတွေ ရှိတယ်လို့ ကြားရတယ်။

အခုက စစ်ကြောင်းထိုးလာတော့ စစ်ဘေးရှောင်စခန်းကနေပြီးတော့မှ နောက်ထပ် ပိုပြီး ဘေးလွတ်ကင်းမယ် ထင်ရတဲ့နေရာကို ထွက်ပြေးနေရတဲ့အခါကျတော့ နေရာထိုင်ခင်းအခက်အခဲတွေ ရှိတယ်ပေါ့။ စားနပ်ရိက္ခာကတော့ သူတို့နိုင်သလောက်ပဲ သယ်မှာပဲလေ၊ တစ်နိုင်စာရိက္ခာနဲ့ ပစ္စည်းလေးတွေပဲ သယ်ရတော့ သူတို့အတွက် အဓိက ကျန်းမာရေးနဲ့ စားနပ်ရိက္ခာ အခက်အခဲဖြစ်တယ်လေ။

မေး။။ ဒီတစ်ခေါက် စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် တစ်ခါမှ စစ်မရှောင်ရတဲ့ ရွာတွေပါ ရှောင်နေရတယ်ဆို‌တော့ ကရင်နီပြည်ထဲက စစ်ရှောင်အရေအတွက် ခန့်မှန်းခြေ ဘယ်လောက်အထိ ဖြစ်သွားပြီလဲခင်ဗျာ။

ဖြေ။။ စစ်ဘေးရှောင် အားလုံးပေါင်းက ခြုံပြီး ကြည့်မယ်ဆိုရင် ဒီးမော့ဆို အရှေ့ဘက်ကော၊ အနောက်ဘက်ကော၊ လွိုင်ကော်တောင်ပိုင်းရော ကရင်နီပြည်ထဲမှာ စစ်ဘေးရှောင် ၂ သိန်းဝန်းကျင်ရှိတယ်ဗျ။ 

မေး။။ အခုလက်ရှိ စစ်ရေးအခြေအနေက ပြင်းထန်နေတာဆိုတော့ ပြည်သူလူထုကိုရော ဘာများ သတင်းစကားပါးချင်ပါသလဲခင်ဗျာ။

ဖြေ။။ လူထုကို ပြောချင်တာက ကျွန်တော်တို့မှာလည်း အခက်အခဲအများကြီးရှိတယ်ပေါ့နော်။ လူထုကို ကူညီပေးနိုင်မှုက ပြည့်ပြည့်စုံစုံ မတတ်နိုင်ဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီ ပြုတ်ကျမှသာ ကျွန်တော်တို့က သက်သာရာတစ်ခု ဖြေသိမ့်ရာရောက်မယ်။

အဲ့ဒါကြောင့် စစ်ကောင်စီ ပြုတ်ကျနိုင်ရေးက တစ်ချက်၊ နောက်တစ်ခုက အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာဖို့အတွက် လူထုက အခက်အခဲကြားထဲကနေ ကျွန်တော်တို့ကို ထောက်ခံတယ်၊ အားပေးတယ်၊ ကျွန်တော်တို့ဘက်က ရပ်တည်တယ်ဆိုတော့ အဲဒီလိုပဲ ဆက်လက်ရပ်တည် အားပေးထောက်ခံသွားဖို့ လူထုကို မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button