တော်လှန်ရေးတပ်ဖွဲ့များက မြို့တော်လွိုင်ကော်ကိုပါ ခြိမ်းခြောက်နိုင်ပြီးနောက်တွင် ကရင်နီ (ကယား) ပြည်နယ်အတွင်း အတွဲလိုက်ပစ်ဒုံးများ၊ တင့်ကားများပါ စစ်ကောင်စီက အင်အားဖြည့်တင်းထားသည်။
သို့သော် ထိုဒေသတွင်း ဆယ်စုနှစ်ချီ၍ တပ်စွဲထားသည့် ရှေ့တန်းစခန်း ၁၃ ကို စစ်ကောင်စီက စွန့်ခွာထားရသလို ပြည်နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့အခြေစိုက် နေရာများမှ အပြင်ထွက်သည်နှင့် တော်လှန်ရေးအဖွဲ့များ၏ ပစ်ခတ်မှုကို စစ်ကောင်စီ ရင်ဆိုင်နေရသည်။
ဒေသတွင်း စစ်ရေးအခြေအနေများ၊ ကရင်နီ(ကယား)ပြည်နယ်၏ အနာဂတ်မျှော်မှန်းချက်များနှင့် ပတ်သက်၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၁) ခူးဒန်နီရယ်ကို Myanmar Now က ဆက်သွယ်မေးမြန်း ထားသည်။ ထိုဒေသတွင်းရှိ တော်လှန်ရေးအဖွဲ့များထဲတွင် KNPP က နိုင်ငံရေးဦးဆောင်မှုပေးနေသည့် ကရင်နီတပ်မတော် (KA) လည်း ပါဝင်သည်။
မေး – ကရင်နီမှာ စစ်ကောင်စီဘက်က ရှေ့တန်းခံစစ်စခန်းတွေကနေ ဆုတ်ခွာသွားတဲ့ အခြေအနေလေး သိပါရစေ။
ဖြေ – စစ်ကောင်စီဘက်ကတော့ တပ်ဆုတ်တာက သူ့ဟာသူ အလိုအလျောက် ဆုတ်တာပေါ့။ အလိုအ လျောက်ဆုတ်တယ်ဆိုတာက ကျွန်တော်တို့ကလည်း ပြောက်ကျားလိုက်ပစ်တာပေါ့နော်။ ကြာပါပြီ တစ်နှစ်ကျော်ရှိပြီ။ ရက်တိုင်းလိုလို တိုက်ပွဲဖြစ်တယ်။ နောက်တစ်ခုက စနိုက်ပါနဲ့ ပစ်တယ်။ တစ်ရက်တည်းတော့ မဟုတ်ဘူး။ တစ်နေရာတည်းလည်း မဟုတ်ဘူး။ စခန်းသိမ်းတဲ့ဟာမျိုးတော့ မဟုတ်ဘူး။ စခန်းသိမ်းတာကတော့ တစ်ခု၊ နှစ်ခုပဲ ကျွန်တော်တို့သိမ်းတယ်။ ပြောက်ကျားပစ်တယ်၊ စနိုက်ပါပစ်တယ် ရိက္ခာလမ်းကြောင်းပိတ်တယ်။ အဲဒီလိုမျိုးလုပ်ရင်းနဲ့ သူ့ဟာသူ စခန်းတွေ ရုပ်ပစ်လိုက်တာပေါ့။
မေး- စစ်ကောင်စီ ဆုတ်သွားတဲ့ တပ်စခန်းတွေမှာ KA က စခန်းချ နေရာယူထားတာ မျိုးရှိလား။
ဖြေ – ကျွန်တော်တို့က တပ်စခန်းကို အဓိက မထိုင်ဘူး။ တစ်ပြည်နယ်လုံးထိုင်တယ်။ သူတို့ အခုလက်ရှိ ကတော့ သူတို့တပ်စခန်းရှိတဲ့နေရာမှာပဲ သူတို့ရှိတယ်။ ကျွန်တော်တို့ကတော့ တစ်ပြည်နယ်လုံး ရှိနေတယ်။ ဥပမာ လွိုင်ကော်မြို့ထဲမှာ သူတို့ရှိနေရင် ကျွန်တော်တို့ လွိုင်ကော်မြို့ အနီးအနားမှာ ကျွန်တော်တို့ ရှိနေတယ်။ အဲ့လိုမျိုး ပုံစံပါပဲ။ ကျွန်တော်တို့ တပ်စခန်းကို အဓိကထားပြီးတော့မှထိုင်တာ မဟုတ်ဘူး။ အခုလည်း လက်ကျန်တပ်စခန်းတွေကလည်း ဘယ်ကိုမှ မထွက်ဘူး။ ကျွန်တော်တို့က ကြိုက်တဲ့နေရာ သွားလို့ရတယ်။ လွိုင်ကော်မြို့ ဒီးမော့ဆိုမြို့လည်း အဲလိုပါပဲ။ သူတို့ တပ်ရင်းဌာနချုပ်တို့ တပ်စခန်းထိုင် တဲ့နေရာမှာပဲ သူတို့ရှိနေတယ်။ အပြင်မထွက်ဘူး။ ထွက်တာနဲ့ တိုက်ပွဲဖြစ်ပြီ။ မနေ့တနေ့က သူတို့ ဒီးမော့ဆိုကထွက်လာတယ် တိုက်ပွဲဖြစ်တယ်။ ဖရူဆိုက ထွက်လာတယ် တိုက်ပွဲဖြစ်တယ်။ တပ်ရင်းဌာနချုပ် (သို့မဟုတ်) တကယ့်အမာခံ တပ်စခန်းမှာပဲ သူတို့ရှိနေတယ်။
မေး – စစ်ကောင်စီက ရှေ့တန်းစခန်းကနေ ဆုတ်ခွာတယ်ဆိုပေမယ့် အခုတလော ဒီးမော့ဆိုမှာ အင်အားဖြည့်နေတယ်လို့ကြားတယ်။ ဒီအခြေအနေလေး ပြောပြနိုင်မလား။
ဖြေ – အင်အားဖြည့်တာတော့ မရှိဘူး။ ဒါပေမယ့် တပ်မှူးပိုင်းဆိုင်ရာတွေကတော့ အပြောင်းအလဲတွေ ဖြစ်တယ်။ အောက်ခြေမှာ တပ်မှူးတွေချိန်းတာတွေရှိတယ်။ လက်နက်ကြီးအင်အားတော့ဖြည့်တယ်။ လူအင်အားတော့ ဖြည့်စရာ သူတို့မှာလည်း မရှိတော့ဘူးထင်ပါတယ်။ အပြောင်းအလဲ တပ်ချိန်းတဲ့ အချိန်မှာ လူထုတွေက တပ်တွေအသွားအလာရှိတာကို တပ်အင်အားတိုးချဲ့တယ်လို့ ပြောတော့ပြော မှာပဲလေ။ ဒါပေမယ့် တကယ်တမ်း စစ်မြေပြင်မှာ တပ်အင်အားတိုးချဲ့တာတော့ မရှိဘူး။ လက်ရှိ လက်နက်ကြီးအင်အားတွေ တိုးချဲ့တာတော့ရှိတယ်။
မေး – စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီမှာ လက်နက်ကိုင်ခုခံတော်လှန်ရေးက တစ်နှစ်ကျော် ကြာလာပြီ ဆိုတော့ ဒီကာလအတွင်းမှာ တော်လှန်ရေးက အလှည့်အပြောင်းတစ်ခုဆီ ရောက်နေပြီလား။ ဘယ်အခြေအနေ ရောက်နေပြီလဲ။
ဖြေ – ကျွန်တော်တို့ အစပိုင်းကတော့ တက်ကြွတဲ့ လူငယ်တွေ အားလုံးကတော့ တောထဲလာကြတယ်။ တိုက်မယ် ခိုက်မယ်ပေါ့။ ပြောကြတယ်။ ဒါပေမဲ့ စစ်စည်းမျဉ်းစည်းကမ်းကတော့ သူတို့ နားမလည် သေးဘူး။ စစ်သဘောတရားတွေလည်း သူတို့ နားမလည်သေးဘူး။ စစ်ရေးကျွမ်းကျင်မှုကလည်း မရှိသေးတော့ တော်တော်လေး အထိအခိုက်တွေ များတာပေါ့နော်။ နောက်ပိုင်းမှာ အတွေ့အကြုံတွေ တဖြည်းဖြည်းတော့ ရလာပါပြီ။ လက်နက်ကလည်း တဖြည်းဖြည်း လက်ဝယ်ထားရှိမှုတွေ ဖြစ်လာပြီ ဆိုတော့ နည်းနည်း အဆင့်မြင့်လာတဲ့ အနေအထားမျိုးတော့ ရောက်လာပါပြီ။ သို့သော် အားလုံးကတော့ လက်နက်မမျှတာ တစ်ခုတော့ ရှိသေးတယ်။ တကယ့်ကို အရည်အသွေးပြည့်မီတဲ့ တပ်မတော်တစ်ရပ် လိုမျိုး တဖြည်းဖြည်းနဲ့တော့ သွားနေပြီ။ စစ်တပ်မှာရှိတဲ့ အင်္ဂါရပ်နဲ့အညီကတော့ တော်တော်လေး ဖြစ်လာနေပြီ။ စစ်တပ်ကို မယှဉ်နိုင်တာက လက်နက်တစ်ခုပဲရှိတယ်။ လက်နက်ကြီးတစ်ခုပဲရှိတယ်။
မေး – စစ်အာဏာရှင်စနစ်ကို တစ်နိုင်ငံလုံးတော်လှန်နေတဲ့ ဒီတစ်ပွဲမှာ ကရင်နီ အနေ ဘယ်လို ရလဒ်ကို မျှော်မှန်းထားလဲ။
ဖြေ – ကျွန်တော်တို့အနေနဲ့ကတော့ တစ်နိုင်ငံလုံး ဖက်ဒရယ်ပြည်ထောင်စုအောက်မှာ အတူတူနေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေရှိတယ်။ ဒါပေမယ့် ဒီတော်လှန်ရေးကို ကြည့်လိုက်ရင် တချို့ကတိုက်တယ် တချို့က မတိုက်ဘူး။ တချို့ပြည်နယ်ကတိုက်တယ် တချို့ပြည်နယ်က စစ်ကောင်စီနဲ့ပေါင်းတယ်။ စစ်ကောင်စီနဲ့ စကားပြောတယ်။ အခုက ဖက်ဒရယ်ကို သွားမယ်လို့တော့ ကျွန်တော်တို့က ကြွေးကြော်သွားတယ်။ တချို့က အချောင်သမားတွေလို မြင်နေရတယ်။ မတိုက်ဘဲနဲ့ ဖက်ဒရယ်ကို တည်ထောင်မယ်လို့ ပြောနေတဲ့သူတွေ ခပ်များများရှိတယ်လေ။ ဆိုတော့ မတိုက်ဘဲနဲ့ ဖက်ဒရယ်ကို အလကားယူမယ့်သူ တွေက ဒါက အချောင်သမားလို့ ကျွန်တော်မြင်တယ်။ ဒါကတော့ ကိုယ့်ခံစားချက်ကို ပြောတာပေါ့နော်။
မေး- ရက္ခိုင့်တပ်တော် (AA) လိုမျိုး ကွန်ဖယ်ဒရိတ်သွားဖို့ရော သဘောထားရှိလား။
ဖြေ – အခုလောလောဆယ် ကျွန်တော်တို့ အဲ့လောက် ပြောလို့မရသေးဘူး။ ကျွန်တော်တို့ ပေါ်လစီအရ ဖက်ဒရယ်ပြည်ထောင်စုမှာ ပါဝင်မယ်ဆိုတဲ့ မူရှိသေးတယ်လေ။ ခုန ကျွန်တော်ပြောတဲ့ Independence တို့ ကွန်ဖက်ဒရိတ်တို့ကတော့ ဒါက မူမရှိသေးဘူး။
မေး – ကရင်နီမှာ အခုလက်ရှိက တချို့နယ်မြေတွေကို စစ်ကောင်စီက စိုးမိုးထားတာရှိတယ်။ တချို့နယ် မြေတွေကတော့ နှစ်ဖက်စလုံးက မစိုးမိုးနိုင်တဲ့ အနေအထားပေါ့နော်။ ဒီနှစ်ဖက်စလုံး မစိုးမိုးနိုင်တဲ့ နယ်မြေတွေကို တော်လှန်ရေးတပ်တွေဘက်က စိုးမိုးနိုင်ဖို့ဆိုရင် ဘယ်အရာက အရေးကြီးဆုံးလဲ။
ဖြေ – ကျွန်တော်တို့က နယ်မြေစိုးမိုးနိုင်ပြီလို့ သုံးမယ်ဆိုရင် အုပ်ချုပ်ရေးတွေ ချနိုင်ရမယ်။ လူထုရဲ့ စားဝတ်နေရေး ပညာရေး ကျန်းမာရေး ဒါတွေကို လုပ်နိုင်ရမယ်ဆိုတဲ့ဟာကိုပဲ ကျွန်တော်တို့ ခံယူထား တယ်။ နယ်မြေစိုးမိုးနိုင်ပြီပြောတာက ဘာကို Criteria ထားမလဲ။ ဘာစံချိန်စံညွှန်းကို ပြောတာလဲပေါ့နော်။ ပညာရေး ကျောင်းပြန်ဖွင့်နေပြီ၊ ကျန်းမာရေးက ဆေးခန်းတွေ ပြန်ဖွင့်နေပြီ၊ အုပ်ချုပ်ရေးတွေ ချနိုင်ပြီ ဆိုရင်တော့ တမျိုးပေါ့။ အခုကတော့ နှစ်ဖက်လုံးကလည်း မလုပ်နိုင်သေးဘူး။
ကျွန်တော်တို့ဘက်ကလည်း မလုပ်နိုင်သေးတဲ့ အကြောင်းအရင်း တစ်ခုလည်း ရှိသေးတယ်။ အဖွဲ့အစည်း တွေကလည်း များတယ်။ လက်နက်ကိုင် နွေဦးတော်လှန်ရေးအဖွဲ့တွေကလည်း များတယ်။ အခုတော်လှန် ရေးမှာတော့ အဖွဲ့စုံတွေ ထွက်လာတယ်။ သို့သော် တစ်ဖွဲ့နဲ့တစ်ဖွဲ့က ဆရာကြီးတွေပဲများတယ်။ ကိုယ်လုပ် နေရင်လည်း သူမကြိုက် သူလုပ်ရင်လည်း ကိုယ်မကြိုက်။ အဲလိုမျိုးဟာတွေတော့ ဖြစ်နေသေးတယ်။ ဖြစ်သင့်တာက လူထုအုပ်ချုပ်ရေးဘယ်လိုလုပ်မလဲဆိုတဲ့ ညီတူညီမျှ ပါဝင်ရမယ်။ နောက် နည်းစနစ်ကိုဘ လည်း သတ်မှတ်ဖို့ လိုတယ်။
ဥပမာ PDF ဆိုရင် စစ်တိုက်ဖို့ပဲ တာဝန်ရှိတယ်။ အုပ်ချုပ်ရေးတို့ လူမှုကယ်ဆယ်ရေး ဘာညာတွေကတော့ အခြားလူတွေရဲ့ တာဝန်ဖြစ်တယ်ဆိုတာ သတ်မှတ်ကြဖို့လိုတယ်။ အခုဟာက တိုက်ပြီဆိုရင် ငါက အုပ် ချုပ်ရေးမှာလည်း ဝင်ပါရမယ်ဆိုတာ ဖြစ်နေတယ်ဆိုတော့ ရေရှည်မှာ လူထုအတွက်မကောင်းဘူး။ တော်လှန်ရေးကလည်း ရေရှည်ဖြစ်မယ်။ အဲဒါလည်း ကိုယ့် Role နဲ့ကိုယ် သိနေကြဖို့လိုတယ်။
မေး – ဒါဆိုရင် အုပ်ချုပ်ရေးပိုင်းက ဘယ်လိုလုပ်သင့်တယ်လို့ထင်လဲ။
ဖြေ – အခု ကျွန်တော်တို့ ကရင်နီပြည်မှာကတော့ စုပေါင်းဖွဲ့ထားတဲ့ KSCC ဆိုတာတစ်ခုရှိတယ်။ ကရင်နီ ပြည် အတိုင်ပင်ခံကောင်စီပေါ့။ အဲဒီ တစ်ဖွဲ့ကနေပဲ ခုနပြောတဲ့ လူထု အုပ်ချုပ်မှုလုပ်ငန်းတို့ လူမှုရေးလုပ် ငန်းတို့ လုပ်ရမယ့် တာဝန်တွေရှိတယ်။ ဒါကတော့ အုပ်ချုပ်ရေးပိုင်းကို သွားတာပေါ့နော်။ ခုနရှိတဲ့ PDF တို့ KNDF တို့ ဆိုတာ စစ်ကောင်စီပြုတ်ကျဖို့အတွက် ထူထောင်ထားတဲ့ တပ်ဖွဲ့တွေဖြစ်တယ်။ တပ်နဲ့ အုပ်ချုပ် ရေးနဲ့ ကွဲဖို့တော့လိုတယ်။ အဲလို အနေအထားမျိုးတော့ ရောထွေးနေသေးတယ်။
မေး – ကရင်နီမှာက အဖွဲ့အစည်းတွေလည်းစုံတော့ ဒီတော်လှန်ရေးအတွင်းမှာ ဘယ်လောက်ထိ သွေးစည်းညီညွတ်ကြလဲ။ အားလုံးက ဘယ်လိုသဘောထားမျိုး ရှိသင့်တယ်လို့ ပြောချင်လဲ။
ဖြေ – ကျွန်တော်တို့ ဖြစ်သင့်တာက ဖြစ်ရမှာက ဒီအချိန်မှာ အဖွဲ့အစည်းကို အခြေခံပြီး တော်လှန်ရေးလုပ် ရမယ့် အချိန်မဟုတ်ဘူး။ လူထုကို အခြေခံတဲ့ တော်လှန်ရေး ဖြစ်ရမယ်။ သူ့အဖွဲ့အစည်း ငါ့အဖွဲ့အစည်းဆို တဲ့ ဟာမျိုးက မရှိသင့်တော့ဘူး။ ရှိရင်လည်း တော်လှန်ရေး အောင်မှာမဟုတ်ဘူး။ အဖွဲ့အစည်းကို အခြေ မခံဘဲနဲ့ လူထုကို အခြေခံတဲ့ တော်လှန်ရေးမျိုးပဲ လုပ်ကြဖို့လိုတယ်။ ပြီးရင် လူထုအပေါ်မှာ တကယ် စေတနာထားဖို့လိုတယ်။
ဒီတော်လှန်ရေးမှာ ငါဘာအကျိုးအမြတ် ရရမယ် ဆိုတဲ့ဟာမျိုး လုံးဝပစ်ပြီးမှ လူထုအတွက် ငါဘာ ပေးဆပ်မလဲ စဉ်းစားရမယ်။ ဒါမှ စည်းလုံးညီညွတ်မှုကို ဖြစ်စေမယ်။ နောက်မှ ဒီတော်လှန်ရေးလည်း အောင်မြင်မယ်။ ဒါကတော့ တခြားနယ်ကို ကျနော်မပြောလိုဘူး ကရင်နီပြည်နယ်ထဲမှာရှိတဲ့ ပါတီအဖွဲ့ အစည်း လက်နက်ကိုင် အဖွဲ့အစည်းတွေကို ကျွန်တော်ပြောခြင်းဖြစ်ပါတယ်။
မေး – ဒီတော်လှန်ရေးအောင်ဖို့အတွက် အဓိက စိန်ခေါ်မှုကဘာဖြစ်မယ်ထင်လဲ။
ဖြေ – ဒီအစပိုင်းကတော့ လူထုရဲ့ ၇၅ ရာခိုင်နှုန်း ၈၀ ရာခိုင်နှုန်းက စစ်ကောင်စီကို တော်လှန်ကြတယ်။ အာဏာသိမ်းတာကို ဆန့်ကျင်ကြတယ်။ ဆန္ဒပြကြတယ်။ အဲဒီနောက်ပိုင်းမှာ မတရားနှိပ်စက်မှုတွေ လုပ် လာတော့ လူထုကလည်း ၈၀ ရာခိုင်နှုန်းလောက်အထိ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ချင်တဲ့စိတ် ဖြစ်တယ်။ နှစ်ရှည်လများ ဖြစ်လာတဲ့အချိန်မှာ နဂိုကတည်းက စစ်အာဏာသိမ်းတာကို လက်မခံဘူး အားလုံးက ပြောကြတာပဲ။
တကယ်တမ်း တိုက်မယ်ခိုက်မယ် ပြောတဲ့အချိန်မှာ တိုင်းရင်းသားတွေကိုယ်၌က မပါဝင်လာဘူး။ ဗမာ လည်း တိုင်းရင်းသားပါပဲနော်။ တချို့က ပြန်တိုက်တာကလည်း တိုက်တာပဲ။ ဒါပေမဲ့ တချို့ကတော့ စစ်ကောင်စီကို ထောက်ခံတဲ့ ဗမာလူမျိုးတွေကလည်း ရှိသေးတယ်။ ဘာပဲဖြစ်နေဖြစ်နေ ဒီအချိန်မှာ လမ်းကြောင်းနှစ်ခုကတော့ ရှိတာပေါ့နော်။ အားလုံး တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုအားလုံး ပါဝင်ဆင်နွှဲတဲ့ တော်လှန်ရေးတစ်ရပ် လက်နက်ကိုင်ပြီးတော့မှ တော်လှန်ရေးဆင်နွှဲတာတော့ ဒါ အောင်မြင်နိုင် တဲ့နည်းလမ်းတစ်ခုရှိတယ်။
သို့သော် အားလုံးက မပါဝင်သေးဘူး။ နောက်တစ်ခုက နှစ်ဖက်လုံး တော်လှန်ရေးလုပ်နေတဲ့အဖွဲ့ရယ် စစ်ကောင်စီရယ် တကယ့် တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးကို ကမ္ဘာသိ ဗမာသိကြေညာပြီးမှ အဖွဲ့ အစည်း ပေါင်းစုံ ဆွေးနွေးပွဲတစ်ခုကနေ စပြီးတော့မှ လုပ်ရင်တော့ နည်းလမ်းနှစ်ခုရှိတာပေါ့နော်။ အဲလိုမျိုးဟာ ဖြစ်လာရင် တော်လှန်ရေးပြီးနိုင်တယ်။ သို့မဟုတ်ရင် တိုင်းရင်းသားကတိုက်လိုက် ဗမာကတိုက်လိုက် ဟိုတစ်ဖွဲ့ကတိုက်လိုက် ဟိုတစ်ဖွဲ့က ပေါင်းလိုက်နဲ့ဆိုတော့ တော်လှန်ရေးက ရှည်ဦးမှာ။
မေး – NUG ရဲ့ လုပ်ဆောင်ချက်အပေါ်ရော ဘာတွေ ထောက်ပြချင်တာရှိလဲ။
ဖြေ – ကျွန်တော်ကတော့ Negative (အဆိုး)တော့ မမြင်ဘူး။ နဂို အစိုးရပေါ့လေ NLD ကတော့ အစိုးရ လုပ်လာခဲ့တယ်။ သို့သော် အာဏာသိမ်းခံရတော့ ထွက်ပြေးရှောင်နေရတဲ့ လူတွေကနေပဲ ဖွဲ့စည်းထားတဲ့ အဖွဲ့ကိုး။ နောက်မှ တိုင်းရင်းသားအဖွဲ့အစည်း တချို့နဲ့ပေါင်းပြီး ထူထောင်ထားတဲ့ အစိုးရတစ်ခု (အမျိုး သားညီညွတ်ရေးအစိုးရ – NUG) ဖြစ်တယ်။ သူ့လက်ထဲမှာက လက်နက်ထုတ်လုပ်တဲ့ စက်ရုံတွေ မရှိဘူး။ ယန္တရားတွေမရှိဘူး။
သူဒီလောက်လုပ်နိုင်တာကိုက ကျေးဇူးတင်ရမယ်။ အပြည်ပြည်ဆိုင်ရာမှာ သူ ချိတ်ဆက်မှုတွေ လုပ်နိုင် တယ်။ တစ်နှစ် နှစ်နှစ်အတွင်းမှာ တပ်တွေ PDF ကို ဦးဆောင်နိုင်တဲ့ အခန်းကဏ္ဍတွေ တချို့ရှိတယ်။ ပညာရေး ကျန်းမာရေးတို့ အုပ်ချုပ်ရေးတို့ လုပ်နိုင်တာရှိတယ်။ ဒါကတော့ ကျွန်တော်အနေနဲ့က အပြစ် ပြောစရာ မရှိဘူး။ သူ့လက်ထဲမှာက တကယ့်ယန္တရားကြီး ဘာယန္တရားမှ မရှိဘူး။ ကျွန်တော် အနေနဲ့နဲ့ကတော့ နှေးတယ်မြန်တယ် မပြောလိုဘူး။ နိုင်သလောက်တော့ သူ့ဟာနဲ့သူ သွားနေတာပဲ။
မေး – တခြားဖြည့်စွက်ပြောပြချင်တာရှိရင် ပြောပြပေးပါ။
ဖြေ – လက်ရှိ ဗမာပြည်တစ်ခုလုံး အတိုင်းအတာနဲ့ကြည့်ရင် စစ်ကောင်စီဘက်ကနေပဲကြည့်ကြည့် NUG ပဲ ပြောပြော တော်လှန်ရေးလုပ်တဲ့ သူတွေထဲမှာပြောပြော ဗမာပြည်တစ်နိုင်ငံလုံးရဲ့ တကယ့်ကျွမ်းကျင်တဲ့ နိုင်ငံရေးသမားကောင်းဆိုတာ ကျွန်တော် သူတို့နဲ့တွဲမှ နိုင်ငံရေးသမားကောင်း တကယ်မရှိဘူးပဲဆိုတာ ကျွန်တော့်မျက်စိထဲမှာ မြင်လာတယ်။ နိုင်ငံရေးသမားကောင်း တကယ့် တိုင်းပြည်အုပ်ချုပ် မင်းလုပ်မယ့် သူတွေက တိုင်းပြည်အပေါ်မှာ စေတနာရှိရမယ် အဲဒါတွေ ရှိဖို့လိုတယ်ပေါ့နော်။
ခုက ဗမာပြည် တစ်နိုင်ငံလုံးကို ကြည့်လိုက်ရင် ဆရာကြီးတွေပဲရှိတယ်။ သို့သော် တကယ့် ကျွမ်းကျင်တဲ့ ဆရာကြီး မဟုတ်ဘူး။ ငါသာလျှင် ဆရာကြီး ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတယ်။ တစ်ယောက် မှလည်း အလျှော့မပေးကြဘူး။ အဲလိုမျိုးဟာတွေ ရှိနေသရွေ့ကတော့ ဗမာပြည်ကလည်း တော်တော်လေး ငြိမ်းချမ်းဦးမှာ မဟုတ်ဘူး။
ငါသာလျှင် ဆရာကြီးဆိုတဲ့ မာနတွေရှိနေရင်တော့ တိုင်းပြည်ကတော့ တော်တော်နဲ့ ပြီးဆုံးဦးမှာ မဟုတ် ဘူး။ ဒီဟာကို ဖြည့်စွက်ပြောချင်တာ။ တစ်နိုင်ငံလုံးကို ပြောတာ တိုင်းရင်းသားရော ဗမာရော အားလုံးကို ပြောချင်တာ။ ကိုယ့်ကိုယ်ကိုယ် အားလုံးက ဆရာကြီးလို့ ခံယူထားတော့ တကယ့် မှန်ကန်တဲ့ ဆရာကြီး ကလည်း ယနေ့အထိ မပေါ်လာလို့ တိုင်းပြည်က အဲလိုဖြစ်နေသေးတာပေါ့။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)