
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) နှင့် ဒေသအတွင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ပူးပေါင်းပြီး အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောသည်။
“အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ဖို့အတွက်ကို ကြားကာလအစီအမံလို့ ပြောမလား၊ အုပ်ချုပ်ရေးစာရွက်စာတမ်းလို့ ပြောမလား၊ အဲဒီလိုမျိုးတစ်ခုကို ရေးပြီးတဲ့အချိန်မှာ ဒီမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရယ်၊ သူတို့ရဲ့အုပ်ချုပ်ရေးဌာနတွေနဲ့ KSCC က ဖွဲ့တဲ့ အုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းပြီး လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ဒီးမော့ဆိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြားကာလ ရပ်ကွက်/ကျေးရွာအုပ်စု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းရန် ဧပြီ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများအုပ်ချုပ်မှုကော်မတီကို ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဧပြီ ၂၄ တွင် ကြေညာခဲ့သည်။
ထိုကြေညာချက်သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ လုပ်ပိုင်ခွင့်များနှင့် ဆန့်ကျင်လျက်ရှိသောကြောင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် KSCC တို့နှင့် ညှိနှိုင်းခြင်း မရှိသည့် မည်သည့်အုပ်ချုပ်ရေးအဖွဲ့ကိုမဆို လက်မခံကြောင်း KNPP က ဧပြီ ၂၆ တွင် ထုတ်ပြန်ပြီး အဆိုပါအဖွဲ့များကို ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။
NUG က ယခုကဲ့သို့ အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းခြင်းကြောင့် KSCC က လိုက်လံဖွဲ့စည်းခြင်းမဟုတ်ဘဲ ယခင်ရှိပြီးသား အုပ်ချုပ်ရေးယန္တရားကို ပြန်လည်ဖွဲ့စည်းခြင်းဖြစ်သည်ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။
“တိုင်းရင်းသားတော်လှန်ရေးတွေရဲ့ အုပ်ချုပ်ရေးယန္တရားက ဟိုး နှစ်ပေါင်း ၇၀ လောက်တည်းက ရှိပြီးသားဖြစ်တယ်။ နဂိုကတည်းက ဒါကို တစ်ဖွဲ့ချင်းစီရဲ့ အုပ်ချုပ်ရေးယန္တရားမဟုတ်ဘဲ KSCC ရဲ့ အုပ်ချုပ်ရေးယန္တရားအဖြစ်နဲ့ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ဖို့စီစဉ်ထားတာပါ” ဟု ၎င်းက ဆက်ပြောသည်။
ကရင်နီပြည်နယ်ရှိ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံအမတ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့များ၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့များ၊ တတ်သိပညာရှင်များ ပူးပေါင်းပြီး KSCC ကို ၂၀၂၁ ဧပြီ ၉ တွင် စတင်ဖွဲ့စည်းထားသည်။
နိုင်ငံရေးပါတီများတွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KYSDP)၊ ကယန်းအမျိုးသားပါတီ (KNP) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၅ ဖွဲ့နှင့် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) လည်း KSCC တွင် ပါဝင်ကြောင်း ဦးအောင်ဆန်းမြင့်က ပြောသည်။
သို့သော် NUG နှင့် CRPH လက်အောက်ရှိ အဖွဲ့အစည်းများမှာ KSCC တွင် မပါဝင်လာသေးဟု ၎င်းက ပြောသည်။
လက်ရှိ ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားပြိုပျက်နေပြီး KSCC ကသာ ပြည်သူကို ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်းလည်း ဦးအောင်ဆန်းမြင့်က ထပ်ပြောသည်။
“ဒါက အောက်ခြေအနေအထားကို သိဖို့လိုမယ်။ အခု ကရင်နီမှာက မြို့ပျက်ရွာပျက်တွေဖြစ်နေပြီ။ မြို့ရွာတွေမှာ ဘယ်သူမှမရှိတော့ဘဲ ပြည်သူတွေက စစ်ရှောင်စခန်းတွေမှာ IDP အဖြစ် နေထိုင်နေကြတယ်။ ဒီစစ်ရှောင်စခန်းတွေက ကျွန်တော်တို့ ထိန်းချုပ်နယ်မြေမှာရှိတယ်။ လက်တွေ့မှာ လူထုရဲ့ စားဝတ်နေရေး၊ လုံခြုံရေးကို ကျွန်တော်တို့ပဲ တာဝန်ယူထားတယ်လေ” ဟု ၎င်းက ပြောသည်။\
ထို့ပြင် KNPP အပါအဝင် ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးစနစ်များရှိကြောင်း၊ KNPP ဆိုလျှင် အစိုးရတစ်ရပ်အနေဖြင့် ထူထောင်ထားသည်မှာ ၄၆ နှစ်ရှိပြီဖြစ်ကြောင်း ဆိုသည်။
ယခုဖွဲ့စည်းမည့် အုပ်ချုပ်ရေးအဖွဲ့သည် သမိုင်းကြောင်းအရ ရှိပြီးသားဖြစ်သည့် ကရင်နီနယ်နိမိတ်ကို တာဝန်ယူရမည်ဖြစ်သည်။ ထိုနယ်နိမိတ်မှာ ကယားပြည်နယ်အပြင် ရှမ်းပြည်နယ်တောင်ပိုင်းနယ်မြေအချို့၊ ကရင်ပြည်နယ်မြောက်ပိုင်း နယ်မြေအချို့နှင့် နေပြည်တော် ပေါင်းလောင်းနယ်မြေအချို့ ပါဝင်မည်ဟု သိရသည်။
မြို့နယ်အလိုက်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် စစ်အစိုးရသတ်မှတ်ထားသည့် ကယားပြည်နယ်ရှိ မြို့နယ် ၇ ခုမဟုတ်ဘဲ ယခင်ကရင်နီပြည်နယ်ရှိစဉ်က သတ်မှတ်ထားသည့်အတိုင်း မြို့နယ် ၁၆ ခု ရှိမည်ဖြစ်ကြောင်း ဦးအောင်ဆန်းမြင့်က ဆက်ပြောသည်။
ကြားကာလတွင်မူ အုပ်ချုပ်ရေးအဖွဲ့ဟုသာ သုံးနှုန်းသွားမည်ဖြစ်ပြီး အစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းနိုင်သေးမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
“အစိုးရဆိုတဲ့ စကားလုံးကို သုံးမယ်ဆိုရင် အစိုးရတစ်ရပ်ဟာ Accountability (တာဝန်ခံမှု) ရှိရမယ်။ Transparency (ပွင့်လင်းမြင်သာမှု) ရှိရမယ်။ နောက်ပြီးမှ အုပ်ချုပ်ရေးယန္တရားတွေအားလုံးကို ကျွန်တော်တို့က အပြည့်အဝ တာဝန်ယူနိုင်မဲ့ Activate Government ဖြစ်ဖို့လိုတယ်။ ဒီနေ့တိုက်ပွဲတွေ ဒီလောက်ဖြစ်နေတဲ့ကြားကာလမှာ အုပ်ချုပ်ရေးယန္တရားကို အပြည့်အဝ အကောင်အထည်ဖော်ဖို့က အစိုးရတစ်ရပ်အနေနဲ့ ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ဆိုသည်။
ဒီးမော့ဆိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပတ်သက်ပြီး NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ထံ Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။
၂၀၂၁ ခုနှစ် မတ် ၈ တွင် ထူထောင်သည့် NUCC တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၊ နိုင်ငံရေးပါတီ၊ ပြည်နယ်/လူမျိုးစုကို အခြေခံ၍ ဖေဖော်ဝါရီ ၁ နောက်ပိုင်း ဖွဲ့ထားသည့် အတိုင်ပင်ခံကောင်စီများ ပါဝင်သည်။
ထို့အတူ အာဏာသိမ်းမှုဆန့်ကျင်ရေး အင်အားစုများဖြစ်သည့် သပိတ်ကော်မတီ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ စသဖြင့် စုစုပေါင်း ၂၈ ဖွဲ့ ပါဝင်ပြီးဖြစ်ကြောင်း NUCC တာဝန်ရှိသူတို့က ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)