အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အာဆီယံ ဥက္ကဋ္ဌသစ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနှင့်NUG ဒု- နိုင်ငံခြားရေးဝန်ကြီး အပါအဝင်တော်လှန်ရေးအင်အားစုများ တွေ့ဆုံဆွေးနွေး 

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ် ဖိလစ်ပိုင်နှင့် NUG အပါအဝင် တော်လှန်ရေးအင်အားစုများ မြန်မာ့အရေးအတွက် နိုင်ငံရေးအခြေခံသဘောတူညီချက်ကို ဆွေးနွေးခဲ့ကြသည်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌသစ်ဖြစ်လာသည့် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ ဖိလစ်ပိုင်နိုင်ငံ Tagaytay မြို့တွင် မြန်မာ့အရေးဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မှ ၂၀ ရက်နေ့ အထိ ကျင်းပခဲ့သည့် အဆိုပါ ဆွေးနွေးပွဲသို့ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး Ms.Maria Theresa Parreno Lazaro၊ NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းတို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ 

ထို့အပြင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ (PNFC) စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EROs)များမှ ကိုယ်စားလှယ်များလည်း ပါဝင်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဟောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Mohamad Hasan တို့အပါအဝင် NUCC၊ CRPH၊ EROs မှ ကိုယ်စားလှယ်များလည်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း ဆွေးနွေးခဲ့ကြသေးသည်။

ဆွေးနွေးပွဲတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို အသိအမှတ် မပြုရန် ၊ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများနှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများကို ကာကွယ်ပေးရန်၊ အာဆီယံ ဘုံသဘောတူညီချက်များကို မလိုက်နာသည့် စစ်အုပ်စုကို တာဝန်ခံခိုင်းရန် စသည့်အချက်များအား နိုင်ငံရေး အင်အားစုများက လက်မှတ်ထိုးတောင်းဆိုခဲ့ကြသည်။ 

ထိုဆွေးနွေးပွဲ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရန်နှင့် ဘက်အားလုံး သဘောတူနိုင်သည့် အနိမ့်ဆုံး နိုင်ငံရေးအခြေခံအချက်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု NUG အစိုးရ နှင့် နီးစပ်သူ တစ်ဦးက Myanmar Now ကို ပြောသည်။

ထိုအချက်များကို အခြေခံ၍ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ်ဖြစ်လာသည့် ဖိလစ်ပိုင်နှင့် ဆက်လက် ဆွေးနွေးခဲ့ကြသည်ဟု အထက်ပါ NUG အစိုးရနှင့် နီးစပ်သူက ဆိုသည်။

“မလေးရှားကတော့ အာဆီယံမူ ငါးချက် အပါအဝင် မြန်မာ့ အရေးနဲ့ ပတ်သက်တဲ့  Common Political Ground (ဘက်အားလုံး သဘောတူနိုင်သည့် အနိမ့်ဆုံး နိုင်ငံရေးအခြေခံအချက်များ) ကို ဆွေးနွေးကြတာပေါ့။  မလေးရှားနိုင်ငံမှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာတော့ Common Political Ground ကတော့ ထွက်ခဲ့ပြီးပြီပေါ့ ဒီ Ground အပေါ်မှာ မူတည်ပြီးတော့ ဖိလစ်ပိုင်က ဆက်သွားမှာပေါ့” ဟု ၎င်းက ပြောသည်။ သို့သော် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော် ပြောဆိုခြင်းမရှိပါ။

ဆွေးနွေးပွဲတွင် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်နိုင်ရန် မြန်မာ့နိုင်ငံရေး အင်အားစုများ၏ အပြုသဘောဆောင်သည့် အမြင်သဘောထားကို မျှဝေကြရန် တိုက်တွန်းခဲ့သည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Ms.Maria Theresa Parreno Lazaro က ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၂ ရက် က ရေးသားသည်။

အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်သည် ၂၀၂၁ ခုနှစ်တွင် အာဆီယံနှင့် မြန်မာနိုင်ငံတိုအကြား သဘောတူညီခဲ့သည့် လုပ်ငန်းစဉ်များကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ဘုံသဘောတူညီချက် ငါးရပ်တွင် အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရန်၊ ဘက်အားလုံး ပါဝင်သည့် ဆွေးနွေးပွဲများလုပ်ရန်၊ လူသားချင်းစာနာမှု အကူအညီများ ပေးနိုင်ရန် စသည့်အချက်များ ပါဝင်သည်။

ထိုအချက်များကို စစ်ကော်မရှင်က အကောင်အထည်မဖော်ခြင်းကြောင့် စစ်ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး ကိုယ်စားပြု ကိုယ်စားလှယ်များကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲများသို့ တက်ရောက်ခွင့် ပိတ်ပင်ထားသည်။

လက်ရှိတွင် စစ်ကော်မရှင်သည် ၎င်းတို့စိတ်ကြိုက် ပြုပြင်ဖန်တီးထားသည့် ရွေးကောက်ပွဲများကို အပိုင်းသုံးပိုင်း ခွဲကာ ကျင်းပနေပြီး ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက် တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။

ထိုရွေးကောက်ပွဲများသို့ အာဆီယံက လေ့လာသူများ မစေလွှတ်သလို ရွေးကောက်ပွဲ ရလဒ်ကိုလည်း လက်မခံဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasanက ဇန်နဝါရီလ ၂၀ ရက်တွင် ထုတ်ဖော်ပြောဆိုထားသည်။ 

“အာဆီယံအနေနဲ့ လေ့လာသူတွေ စေလွှတ်မှာမဟုတ်ဘူးလို့ ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ။ ဒါ့ကြောင့်လည်း ကျွန်တော်တို့အနေနဲ့မြန်မာစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြု အတည်ပြုမှာမဟုတ်ပါဘူး” ဟု Mohamad Hasan က ဆိုသည်။






Related Articles

Back to top button