အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော် | စစ်ကောင်စီ၏ စိတ်ဓာတ်စစ်ဆင်ရေးနှင့် တန်ပြန်အဖျက်အမှောင့်လုပ်ငန်းများ

စစ်ကောင်စီသည် အာဏာသိမ်းလိုက်ပြီဆိုသည်နှင့် အင်တာနက်နှင့် မိုဘိုင်းဆက်သွယ်ရေးကို ဖြတ်တောက်ကန့်သတ်ပြီး မြန်မာနိုင်ငံတွင် အများပြည်သူအသုံးများသည့် Facebook ကိုပါ ပိတ်ပင်ခဲ့သည်။ 

၎င်းတို့၏ ရည်ရွယ်ချက်မှာ ပြည်သူလူထုကို လွတ်လပ်သောသတင်းမီဒီယာများက တင်ဆက်သော သတင်းအချက်အလက်များဖတ်ရှုခွင့် မရရှိစေရေးနှင့် ၎င်းတို့၏ မဟုတ်မမှန်ထုတ်လွှင့်သော သတင်းအချက်အလက်များသာ ပြည်သူလူထုလက်ထဲ ရောက်ရှိစေရေးဖြစ်သည်။ 

ထိုအချက်သည် စစ်တပ်က အဖိနှိပ်ခံပြည်သူလူထုကို နှစ်ပေါင်းများစွာပြုလုပ်လာသော စိတ်ဓာတ်စစ်ဆင်ရေးတိုက်ပွဲ၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ၇၂ နာရီအတွင်း ပြည်သူများ လမ်းမပေါ်သို့ ထွက်ပြီး ဆန္ဒမပြလျှင် အာဏာသိမ်းခြင်း မအောင်မြင်နိုင်ဆိုသော အခြေအမြစ်မရှိသည့် အင်တာနက်ပေါ်က လှုံ့ဆော်မှုများ၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည် နှစ်ငါးလုံး နိုင်ငံတစ်ဝန်းအာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြမည့်နေ့မတိုင်မီညပိုင်း ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်သည်ဟူသော မြေပြင်လှုံ့ဆော်မှုများ ဒေသအများအပြားတွင် ပြုလုပ်ခဲ့သည်မှာ စစ်တပ်၏ လုပ်ရိုးလုပ်စဉ် စိတ်ဓာတ်စစ်ဆင်ရေးနည်းလမ်းများနှင့် တထေရာတည်းကျလှသည်။ 

ဧပြီလဆန်း ၁ ရက် စစ်တပ်၏ ဖိတ်ခေါ်မှုဖြင့် သတင်းလာယူနေသော CNN သတင်းထောက်များ ရန်ကုန်တွင် ရှိနေချိန် စစ်တပ်၏ မြန်မာ့စီးပွားရေးဦးပိုင်ကပိုင်ဆိုင်သော ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ Ruby Mart ဈေးဝယ်ကုန်တိုက်နှင့် မရမ်းကုန်းမြို့နယ် ဂန္ဓမာဈေးဝယ်ကုန်တိုက်ကြီးနှစ်ခုလုံး မနက်လင်းအားကြီးတွင် မီးလောင်ကျွမ်းခဲ့သည်။ ထူးခြားအံ့ဩဖွယ်ရာမှာ ကုန်တိုက်နှစ်ခုလုံးသည် လမ်းပေါ်မထွက်ရ ကာဖျူးအချိန် အများပြည်သူ မည်သူမျှ ပြင်ပထွက်ခွင့်မရသော မနက် ၂ နာရီခန့်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကုန်တိုက်နှစ်ခုလုံးတွင် များပြားလှသော စောင့်ကြည့် CCTV ကင်မရာများတပ်ဆင်ထားသော်လည်း မည်သူမည်ဝါလုပ်သည်ဟူသော ခိုင်မာသည့်အထောက်အထားများ ထွက်မလာခဲ့ပေ။ ဂန္ဓမာဈေးကုန်တိုက်ဆိုလျှင် အခြားသော စစ်တပ်ပိုင် မြဝတီဘဏ်ပင် ဘေးချင်းကပ်တည်ရှိနေရာ လုံခြုံရေးအခြေအနေ မည်သို့ရှိသည်ကို မည်သူပင်မဆိုခန့်မှန်းနိုင်သည်။ သို့သော် အာဏာသိမ်းမှုကိုဆန့်ကျင်သော “အကြမ်းဖက်သမား” များက ထိုစစ်တပ်ပိုင်ကုန်တိုက်နှစ်ခုကို မီးရှို့ကြောင်း စစ်တပ်က စွပ်စွဲပြီး မီးလောင်ပြီးစ ကုန်တိုက်နှစ်ခုနေရာကို ထိုနေ့မနက်က CNN သတင်းအဖွဲ့ကို ခေါ်ယူမှတ်တမ်းတင်စေပြီး ကမ္ဘာသို့ ဝါဒဖြန့်စေရန် ကြံစည်ခဲ့သည်။ အမှန်တကယ် ဆန္ဒပြသူတို့က ထိုကုန်တိုက်နှစ်ခုကို မီးရှို့ခဲ့ပါလျှင် ထိုကုန်တိုက်များနှင့်အနီးရှိ မြဝတီဘဏ်တွင် လုံခြုံရေးအဆက်မပြတ်ယူနေသော လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်ရမည်၊ သို့တည်းမဟုတ် CCTV ကင်မရာမှတ်တမ်းများက   “အကြမ်းဖက်သမား” တို့၏ မီးရှို့မှုကို အများပြည်သူသို့ ထုတ်ဖော်ပြသနိုင်ရမည်ဖြစ်သည်။ 

ထိုမီးလောင်မှုဖြစ်စဉ်နှစ်ခုကို ကြည့်ပါက စစ်တပ်သည် လိုအပ်လျှင် ဆေးရုံများ၊ အများပြည်သူတန်ဖိုးထားသော ဘာသာရေးအဆောက်အအုံများကို ဖျက်လိုဖျက်ဆီးလုပ်နိုင်ရုံမျှမက လူထောင်သောင်းချီသေစေနိုင်သော လူစည်ကားရာနေရာများတွင် ဗုံးခွဲမှုများကျူးလွန်နိုင်သည်ကို ပြည်သူတို့က သတိချပ်သင့်သည်။ 

စစ်ကောင်စီ၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ မတရားညှဉ်းပန်းသတ်ဖြတ်မှုကြောင့် လက်တုံ့ပြန်နေကြသော၊ မီးကျိုးမောင်းပျက်လက်နက်များဖြင့် စတင်တော်လှန်နေပြီဖြစ်သော လူငယ်တို့၏ လုပ်ရပ်များကို အများပြည်သူအမြင်တွင် ပုံဖျက်ရန်ပင်ဖြစ်သည်။ 

သို့ရာတွင် စစ်ကောင်စီနှင့် လက်နက်စွဲကိုင်တော်လှန်ကြသော လူငယ်တို့၏ ခြားနားချက်ကို ထောက်ရှုလျှင် မည်သူသည် အများပြည်သူကို ထိခိုက်သေကျေစေသော ဆန္ဒရှိသည်ကို ထင်ရှားစွာ နားလည်နိုင်သည်။ စစ်ကောင်စီသည် အများပြည်သူ၏ တရားမျှတမှု၊ အေးချမ်းစွာနေထိုင်နိုင်မှုတို့ကို ဂရုမစိုက်ဘဲ “မလုပ်ရဲတာမရှိ”၊ လမ်းပေါ်ထွက်လျှင် ခေါင်းကို သေနတ်မှန်မည် စသည့် ရက်စက်ယုတ်မာသည့် ကြွေးကြော်ချက်များနှင့် လူပေါင်းတစ်ထောင်နီးပါးကို သတ်ဖြတ်ခဲ့ပြီး၊ လူပေါင်း ထောင်ပေါင်းများစွာကို အဓမ္မဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်သည်။ 

တစ်ဖက်တွင် စစ်ကောင်စီကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်နေသော လူငယ်များသည် ဆရာဝန်လောင်းများ၊ အင်ဂျင်နီယာလောင်းများနှင့် ဘဝမျှော်လင့်ချက်စိတ်ကူးများစွာကို ပွေ့ဖက်ထားသည့် လူငယ်များဖြစ်သည်။ ထိုလူငယ်များ၏ စိတ်သန္တာန်ကို မောင်းနှင်နေသည်မှာ မတရားမှုကို စက်ဆုပ်ရွံရှာမှုသာဖြစ်လေသည်။ 

ထို့ကြောင့် စစ်ကောင်စီသည် ထိုလူငယ်တို့၏ တိုက်ခိုက်တွန်းလှန်မှုများကို ပုံဖျက်ရန် စိတ်ကူးဖြင့် ကြံစည်၍ မအပ်စပ်သည့် အထင်ကရ ဘုရားပုထိုးတို့အား ဗုံးခွဲတိုက်ခိုက်ခြင်း၊ အခါကြီးရက်ကြီးများ လူစည်ကားချိန်တွင် လူအများ ရာထောင်ချီသေစေရန်ပြုလုပ်ခြင်းတို့ကို အချိန်မရွေးပြုလုပ်လာနိုင်သည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း ရွှေတိဂုံဘုရားအရှေ့ ဘက်မုခ်တွင် သေနတ်များပစ်ဖောက်ကာ သံဃာတော်များကို ရက်ရက်စက်စက်ရိုက်နှက်ခဲ့သူများသည် အကြမ်းဖက်စစ်တပ်ဆိုသည်ကို ပြည်သူများ ပြန်ပြောင်းအောက်မေ့သင့်သည်။ 

အမှန်စင်စစ် ပြည်သူဆိုသည်မှာ အာဏာရှင်အားလုံးအတွက် ရန်သူသာလျှင်ဖြစ်ပြီး၊ အာဏာရှင်ကိုတော်လှန်သူများမှာ မိတ်ဆွေများဖြစ်သည်ဆိုသည်ကို ကွဲပြားစွာ နားလည်ဖို့လိုသည်။ 

ထို့ကြောင့် လူတို့၏ စိတ်နှလုံးကို ထိခိုက်စေတတ်သော ဘာသာရေးဆိုင်ရာ သက်ရှိနှင့် သက်မဲ့အဆောက်အအုံများကို တိုက်ခိုက်လာလျှင် မည်သူသည် ထိုကဲ့သို့ပြုလုပ်နိုင်သည်၊ ထိုသို့ဖြစ်လာလျှင် မည်သူများအတွက် အကျိုးကျေးဇူးရှိသည်ဆိုသည်ကို ပြည်သူများက ထောက်ချင့်သင့်ပြီး စစ်တပ်၏ စိတ်ဓာတ်စစ်ဆင်ရေးတိုက်ခိုက်မှုများကို သတိပြုသင့်ကြောင်း Myanmar Now က နှိုးဆော်အပ်ပါသည်။ 

Show More

Related Articles

Back to top button