အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘုတလင်မြို့စစ်စခန်းများ တိုက်ခိုက်ခံရ၍ လေကြောင်း၊ မြေပြင်စစ်ကြောင်းဖြင့် တုံ့ပြန်

စစ်ဌာနချုပ်အခြေစိုက်သော မုံရွာမြို့ပေါ် ရွေးကောက်ပွဲလုပ်နေစဉ် မြောက်ဘက် မိုင် ၂၀ ကျော်အကွာမှ အခြေစိုက်စခန်းများ တိုက်ခိုက်ခံရသဖြင့် စစ်တပ်က လေကြောင်းနှင့် မြေပြင်စစ်ကြောင်း ထိုးစစ်ဆင်နေသည်မှာ ယနေ့သုံးရက်ရှိပြီဖြစ်သည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာမြို့ပေါ်တွင် ရွေးကောက်ပွဲလုပ်နေစဉ်  ကပ်လျှက် ဘုတလင်မြို့ပေါ် စစ်တပ်အခြေစိုက်နေရာများ တိုက်ခိုက်ခံရသဖြင့် စစ်ကော်မရှင်တပ်က လေကြောင်းနှင့် စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေသဖြင့် ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုများ ရှိကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့က မုံရွာမြို့ပေါ်တွင် စစ်ကော်မရှင်ရွေးကောက်ပွဲလုပ်နေစဉ် မြောက်ဘက် မိုင် ၂၀ ကျော်အကွာ ဘုတလင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသောနေရာများကို ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ချုံခိုတိုက်ခိုက်ခံရသော စစ်တပ်သည် ထိုနေ့တွင်ပင် မြို့အနီးဝန်းကျင်နေရာတို့ကို လေကြောင်းဗုံးကြဲခဲ့ပြီး နမခထဲမှလည်း လက်နက်ကြီးပစ်ခတ်မှုများဖြင့် တုံ့ပြန်ခဲ့သည်။ ဆက်လက်၍ ယနေ့ (ဒီဇင်ဘာလ ၃၀ ရက်) အထိ လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေခြင်းဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့ဝင်များထံက သိရသည်။ 

“ နမခက တပ်ကူတွေလာနေတယ်။ လေကြောင်းက အဆက်မပြတ်တိုက်နေတယ်” ဟု ဘုတလင်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက  အဆိုပါအခြေအနေကို ပြောပြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒီဇင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အတွင်း မြို့အနီးဝန်းကျင်ကျေးရွာများကို လေယာဉ်၊ အင်ဂျင်တပ် လေထီး၊ ဂျိုင်ရိုကော်ပတာ၊ ဒရုန်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒရုန်းဗုံးကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ဘုတလင်မြို့ပေါ်တိုက်ပွဲအတွင်း စစ်တပ်အခြေစိုက်နေရာအချို့ကို ယာယီထိန်းချုပ်နိုင်ခဲ့သော်လည်း လက်နက်ခဲယမ်း အခက်အခဲကြောင့် ပြန်ဆုတ်ခွာခဲ့ရကြောင်း တော်လှန်ရေးအဖွဲ့များက ပြောကြသည်။

တိုက်ပွဲဖြစ်သည့်နေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ပို့လာသော  စစ်ကူများကို ကြားဖြတ် ဟန့်တားနိုင်ခဲ့သော်လည်း ယမန်နေ့တွင် စစ်တပ်က အင်အား ထပ်ဖြည့်၍ ရှေ့ဆက်တိုးလာကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

“စစ်ကြောင်းက နမခ ကနေ နောက်ထပ် အင်အားတိုးပြီးတော့ ရှေ့ဆက်တိုးလာတယ်။ နောက်ထပ် ကားသုံးစီး အပြည့်နဲ့ အင်အားထပ်တိုးပြီးတော့။ မနေ့ကတည်းက ရှေ့ကိုတိုးလာတယ်”ဟု တောလှန်ရေးအဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။ 

ပုံစာ-ဘုတလင်စစ်ရှောင်များကို ယခုရက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- Phoo Theint Theint Tohne)

နမခမှ ထွက်လာသော အဆိုပါ စစ်တပ်စစ်ကြောင်းက လမ်းခရီးတွင် တွေ့သော ဒေသခံ အမျိုးသမီး ငါးဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

နမခမှ ပစ်သော လက်နက်ကြီး ထိမှန်သဖြင့်  ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ထနောင်းကုန်းရွာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်က ကံသစ်ရွာမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

သေဆုံးသည့် ကာကွယ်ရေးအဖွဲ့ဝင်များ၊ အရပ်သားများ၏ အမည်၊ အသက်နှင့် အသေးစိတ်အချက်အလက်များကို မသိရသေးပေ။

ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း (၁) ကို မုံရွာမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းမှ  မြို့နယ် ၁၂ ခုတွင် ကျင်းပခဲ့ပြီး မုံရွာခရိုင် ဘုတလင်၊ ချောင်းဦး၊ အရာတော် တို့သည် ရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်မည်ဖြစ်သည်။

မုံရွာ၊ ဘုတလင်၊ ချောင်းဦး၊ အရာတော်တို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ပြည်သူ့စစ်များ အခြေစိုက်သည့် ကျေးရွာအချို့ကိုသာ စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီး ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles