ရန်ကုန် – ရန်ကုန်မြို့ပြင် စက်ရုံတွေထဲက တစ်ခုမှာ မြစ်ဝကျွန်းပေါ်သူ မမြတ်သီရိနွယ် အလုပ်လုပ်ကိုင်နေတာ သုံးနှစ် ရှိသွားပါပြီ။ ရွှေလင်ဗန်းစက်မှုဇုန်ထဲက Great Wall 1 ဖိနပ်စက်ရုံမှာ တစ်ရက် အလုပ်ချိန် ၈ နာရီလုံးလုံး မတ်တတ်ရပ်ပြီး လုပ်ကိုင်ရပါတယ်။ စက်ရုံရဲ့ထုတ်ကုန် အရေအတွက်တိုးဖို့နဲ့ သူ အပိုဝင်ငွေရဖို့အတွက်လည်း အချိန်ပိုဆင်းဖြစ်ပါတယ်။
သူ့ရဲ့ လစဉ် ဝင်ငွေက ၁၆ဝ,ဝဝဝ လောက် ရှိပါတယ်။ အခန်းခ၊ အစားအသောက်တို့ အတွက် သုံးပြီးတဲ့ နောက်မှာတော့ ဝင်ငွေရဲ့သုံးပုံတစ်ပုံကို ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်ကျေးရွာက မိသားစုဆီ ပြန်ပို့နိုင်သူပါ။ ဒါက သူ့ရဲ့ အခြေအနေပါ။ သူ့စက်ရုံက တခြား လုပ်ဖော်ကိုင်ဖက်တွေဆိုရင် မိသားစုကို ငွေပြန်ပို့ဖို့ အခြေအနေမပေးသေးတာတွေလည်း ရှိနေတယ်လို့ ၂၄ နှစ်အရွယ် မမြတ်သီရိနွယ်က ပြောပါတယ်။
စက်ရုံလုပ်ငန်းခွင်အခြေအနေဟာ ဆိုးဝါးလွန်းတယ်လို့ အလုပ်သမားတွေ၊ အလုပ်သမားအဖွဲ့တွေက ဝေဖန်နေကြပါတယ်။ မမြတ်သီရိနွယ်တို့စက်ရုံမှာ သီးသန့်ထမင်းစားဆောင်မရှိ၊ အိမ်သာကလည်း မလုံလောက်ပါဘူး။ ဖြတ်တောက်ပြီးသား သားရေတွေ၊ ဖိနပ်အောက်ခံခုံတွေကို အချောသပ်၊ ဆက်တွဲရတဲ့ မမြတ်သီရိနွယ်ရဲ့လက်တွေ စက်ထဲ အထုတ်အသွင်း အချိန်အဆ မှားသွားတာနဲ့ ပြတ်သွားနိုင်ပါတယ်။ မနှစ်က သူ့သူငယ်ချင်းတစ်ယောက် စက်ထဲလက်ပါသွားလို့ လက်ချောင်းတစ်ချောင်း ပြတ်သွားပါတယ်။
“တစ်ခါတလေ ကိုယ်လုပ်နေရတဲ့ အလုပ်ဟာ တကယ်ရော ကိုယ့်အတွက် အကျိုးရှိရဲ့လားဆိုတာ စဉ်းစားမိတယ်။ ဒါပေမဲ့ ကိုယ့်ရွာက မိသားစုတွေကို ထောက်ပံ့ပေးနေရတဲ့ အခြေအနေကို ပြန်ကြည့်မိတော့ ဒီမှာပဲ ဆက်လုပ်ဖြစ်နေတာ” လို့ ရန်ကုန်ရောက်နေတာ သုံးနှစ်ရှိပြီဖြစ်တဲ့ မမြတ်သီရိနွယ်က ဆိုပါတယ်။
“ပြန်ဖို့ဆိုတာကလည်း အလုပ်က ခွင့်ရက်ရှည်ရတာမဟုတ်ဘူး။ ဟိုတလောက အဖေ တော်တော်လေး နေမကောင်းဖြစ်တာတောင်မှ အလုပ်က ခွင့်ကို မနည်းပြောယူရတာ။ ရတာကလည်း သုံးလေးရက်”
ကြီးထွားလာနေတဲ့ အဝတ်အထည် အသုံးအဆောင် ထုတ်လုပ်ရေး လုပ်ငန်းမှာ အလုပ်သမား အများအပြားဟာ လုပ်ငန်းခွင်အခြေအနေနဲ့ ဝင်ငွေ တိုးတက်အောင် ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်ပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို မဲပေးခဲ့ကြပါတယ်။ အခုဆိုရင် NLD အစိုးရသစ်က အဝတ်အစား ထုတ်လုပ်ရေး လုပ်ငန်း ကြီးထွားလာ၊ ဝင်ငွေနည်း အလုပ် သမားတွေ ပိုမို အဆင်ပြေလာရေး အတွက် အလုပ်သမားအဖွဲ့တွေ၊ စက်ရုံပိုင်ရှင်တွေ၊ ပြည်ပ ရင်းနှီး မြှုပ်နှံသူတွေနဲ့ ဆက်ဆံညှိနှိုင်းနေရပါပြီ။ သက်တမ်း ၄ လ ရှိလာပေမဲ့ NLD အစိုးရသစ်ရဲ့ ကြိုးပမ်းချက်များဟာ ရန်ကုန်က အလုပ်သမားတွေ၊ အလုပ်သမားအဖွဲ့တွေ ကျေနပ်လောက်တဲ့အဆင့် ဖြစ်မလာသေးပါဘူး။
“အစိုးရသစ်သာ တက်လာတယ်။ ကျွန်မတို့လုပ်ရတဲ့ အတိုင်းအတာနဲ့ ခံစားရတဲ့ ဝင်ငွေအခွင့်အလမ်းတွေက ကနေ့အချိန်ထိ တိုးတက်မလာသေးဘူး” လို့ မမြတ်သီရိနွယ်က ပြောပါတယ်။
အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက မူဝါဒရေးရာ တာဝန်ခံ ဦးရဲနိုင်ဝင်းကလည်း အလုပ်သမားထု ဘဝ တိုးတက်ရေးအတွက် အရိပ်အယောင်တွေ လုံးဝမတွေ့ရသေးဘူးလို့ ပြောပါတယ်။
“အရေးကြီးတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိထား လုပ်နေတယ် ဆိုပေမယ့် အခြေခံလူတန်းစား အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကောင်းကောင်း မလုပ်ပေးနိုင်ဘူး ဆိုရင် တိုင်းပြည်တိုးတက်ရေးက နှောင့်နှေးမြဲ နှောင့်နှေးနေဦးမှာပဲ” လို့ ဦးရဲနိုင်ဝင်းက ပြောပါတယ်။
မပြင်ရသေးတဲ့ ဥပဒေများ
ပြီးခဲ့တဲ့နှစ်တွေအတွင်း အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး တိုးတက်ဖြစ်ထွန်းမှု အနည်းငယ် ရှိခဲ့ပါတယ်။ ယခင်အစိုးရက ၂ဝ၁၅ နှစ်လယ်ပိုင်းကစပြီး အခြေခံလုပ်ခနှုန်းထားကို တစ်ရက် ကျပ် ၃,၆ဝဝ နှုန်း သတ်မှတ်လိုက်ပါတယ်။ အလုပ်သမားဥပဒေပိုင်းမှာတော့ တိုးတက်မှု သိသိသာသာ မရှိသေးပါဘူး။
ပြည်တွင်းလုပ်ငန်းရှင်တွေ၊ ကိုရီးယား၊ တရုတ် လုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ ရန်ကုန်ဝန်းကျင် စက်ရုံများမှာ အလုပ်သမား သုံးသိန်းခန့် ရှိနေပါတယ်။ အများစုကတော့ အမျိုးသမီးငယ်တွေပါ။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ဗြိတိန်အခြေစိုက် Oxfam အဖွဲ့က ရန်ကုန်က အလုပ်သမားတွေကို စစ်တမ်းကောက်ယူပြီး အစီရင်ခံစာ ရေးသားထုတ်ပြန်ရာမှာ လုပ်ခနှုန်းထားသစ်ဟာ အလုပ်သမားတွေရပ်တည်ရေး၊ မိသားစုကို ထောက်ပံ့ရေးအတွက် လုံလောက်တဲ့နှုန်းထား မဟုတ်သေးဘူးလို့ မှတ်ချက်ပြုထားပါတယ်။
စက်ရုံ ၂၂ ခုမှာ ဒီအဖွဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ အလုပ်သမားတွေထဲက ၄၃ ရာခိုင်နှုန်းက အကြွေးနွံထဲပိတ်မိ နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ အချိန်ကြာမြင့်စွာ အလုပ်လုပ်ကိုင် နေရတာ၊ လုပ်ငန်းခွင် လုံခြုံမှုမရှိတာ၊ ကြီးကြပ်ရေးမှူးတွေရဲ့ ကြမ်းတမ်းစွာ ပြောဆိုခြင်းတို့နဲ့ ကြုံနေရတယ်၊ အလုပ်သမား ၃ ဦးမှာ ၁ ဦးက လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာ ရခဲ့ဖူးတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Yes One အထည်ချုပ် အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများ အဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင် မဝင်းသိင်္ဂီစိုးက သတ်မှတ်ထားတဲ့အနိမ့်ဆုံးလုပ်ခ နှုန်းထား၊ အလုပ်သမား ရပိုင်ခွင့်တွေ ပေးနေတဲ့ စက်ရုံ အရေအတွက် ဘယ်လောက် ရှိမယ်ဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။
“စက်ရုံတချို့ဆို ကနေ့အထိ အနည်းဆုံးလုပ်ခနှုန်းထားကို မရကြလို့ သူတို့အခွင့်အရေးတွေကို သူတို့ တောင်းဆိုဖို့ သမဂ္ဂတွေ ဖွဲ့နိုင်ရေး ကူညီပေးနေရတယ်” လို့ မဝင်းသိင်္ဂီစိုးက ရှင်းပြပါတယ်။
“သမဂ္ဂမဖွဲ့နိုင်သေးတဲ့ စက်ရုံတော်တော်များများဟာ ဒီနှုန်းထားကို မရကြသေးဘူး။ ဒါတောင်မှ ကျွန်မတို့နဲ့ မချိတ်ဆက်မိသေးတဲ့ စက်ရုံတွေဘယ်လောက်များ ကျန်နေဦးမလဲဆိုတာ မသိနိုင်သေးဘူး”
အလုပ်သမားအခွင့်အရေး အတွက် လုပ်ကိုင်နေတဲ့ ရှေ့နေ ဦးဖိုးဖြူက ဥပဒေပိုင်းဆိုင်ရာ အပြောင်းအလဲတွေ အစိုးရသစ်လက်ထက်မှာ ဖြစ်ပေါ်လာဖို့ မျှော်လင့်နေပါတယ်။
“အလုပ်သမားတွေအတွက် အကာအကွယ်ပေးမယ့် ဥပဒေတွေ ပြဋ္ဌာန်းထား ပေမယ့် တချို့ဥပဒေတွေအတွက် နည်းဥပဒေထွက်မလာသေးဘူး” လို့ သူက ဆိုပါတယ်။
တချို့ဥပဒေတွေမှာ အားနည်းချက်များစွာ ရှိနေတဲ့အတွက် အလုပ်ရှင်တွေက လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို လွယ်လွယ် ချိုးဖောက်ကြတယ်၊ အခွင့်အရေးတောင်းဆိုသူကို အလုပ်ကထုတ်ပစ်တယ်၊ စည်းကမ်းပျက်အလုပ်ရှင်ကို အရေးယူရာမှာ ဒဏ်ငွေချမှတ်ရုံသာမက လုပ်ငန်းလုပ်ကိုင်ခွင့်၊ ကုန်သွယ်ခွင့် လိုင်စင်တို့ကို ယာယီရုပ်သိမ်းတာမျိုးကို ဥပဒေမှာ ပြဋ္ဌာန်းပေးသင့်တယ်လို့ သူက ဆက်ပြောပါတယ်။
ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာ ကော်မတီ အတွင်းရေးမှူး ဦးသိန်းထွန်းကလည်း အလုပ်သမားရပိုင်ခွင့် အခြေအနေတွေ တိုးတက်လာသင့်ပြီလို့ ဆိုပါတယ်။
“အလုပ်သမားတွေရဲ့ အခွင့်အရေးတို့ ဝင်ငွေတို့ တိုးတက်လာဖို့ ဆိုတာကတော့ လက်ရှိတည်ဆဲဖြစ်နေတဲ့ ဥပဒေတွေကို ပြန်ပြုပြင်ဖို့လိုတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော်တို့ လွှတ်တော်ဘက်က ဒါတွေကို ပြင်ဆင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်” လို့ ဦးသိန်းထွန်းက ပြောပါတယ်။
သူတို့ကော်မတီက အလုပ်သမားဆိုင်ရာ ဥပဒေတွေကို လေ့လာနေပြီး တချို့ကို ပြင်ဆင်ရမယ်၊ ဖျက်သိမ်းရမယ့် ဥပဒေလည်း ရှိတယ်လို့ Myanmar Now ကို ရှင်းပြပါတယ်။ အစိုးရက ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးနေတယ်၊ ပြည်တွင်းငြိမ်းချမ်းရေးရမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမို ဝင်ရောက်လာပြီး အလုပ်အကိုင် အခွင့်အလမ်း ပိုကောင်းလာမယ်လို့ သူက သုံးသပ်ပါတယ်။
အငြင်းပွားမှုများ
ယမန်နှစ်က အလုပ်ရှင်အလုပ်သမား ပဋိပက္ခဖြစ်ပြီး ဝန်ကြီးဌာနအထိ အဆင့်ဆင့်တက်လာတဲ့ အမှုပေါင်း တစ်ထောင်ကျော်မှာ ပါဝင်ပတ်သက်တဲ့ အလုပ်သမားအရေအတွက်က ၁၄,၉၈၇ ဦး ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့စာရင်း တွေအရ သိရပါတယ်။
ငွေကြေးအကျိုးခံစားခွင့်ဆိုင်ရာဖြေရှင်းပေးနိုင်ခဲ့တာက ၄၉၇ မှု၊ ကြေးအေးလိုက်တာ ၃၅၃ မှု၊ ပိတ်သိမ်းလိုက်တာ ၄ မှုနဲ့ အခြားဥပဒေပိုင်းဆိုင်ရာကို လွှဲပြောင်းတာက ၁၆၅ မှု ရှိပါတယ်။
အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးအေးထွန်းက အလုပ်သမားဦးစီးဌာနဟာ အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ အလုပ်သမားတွေဘက်ကို လိုက်ပြီး ဖြေရှင်းနေကြတာ များတယ်လို့ ဆိုပါတယ်။
“လုပ်ငန်းခွင်စံနှုန်းတွေ၊ အလုပ်ရှင်ဘက်က ကျန်းမာရေး စောင့်ရှောက်မှု ဘယ်လိုလုပ်ပေးသလဲ၊ လုပ်ငန်းခွင် သက်သောင့်သက်သာရှိအောင် ဘယ်လိုဖန်တီးပေးထားလဲဆိုတာ မစဉ်းစားဘဲနဲ့ ပိုက်ဆံပိုပေးလိုက်ဆိုသလို လုပ်နေတယ်။ လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေကို ထည့်မတွက်ဘူး” လို့ ဦးအေးထွန်းက ပြောပါတယ်။
အလုပ်ရှင်ဘက်က အလုပ်သမားတစ်ယောက်အတွက် ထည့်ပေးရတဲ့ လူမှုဖူလုံရေးနှုန်းက တစ်လမှာ ငါးထောင်လောက် ရှိတယ်၊ နိုင်ငံအနှံ့ အလုပ်သမား ခြောက်သိန်းဝန်းကျင်အတွက် အလုပ်ရှင်တွေပေးသွင်းရတာ လစဉ် သုံးဘီလျံ ရှိတယ် လို့ သူက တွက်ပြပါတယ်။ ဒီငွေတွေကို အလုပ်သမား ကျန်းမာရေးအတွက် ပြန်သုံးရာမှာ စနစ်ကျဖို့၊ ပြုပြင်ပြောင်းလဲရေးက အောက်ခြေဝန်ထမ်းတွေအထိ ရောက်ဖို့ အပိုင်းမှာ အစိုးရဘက်က အားနည်းနေသေးတယ်လို့ သူက ထောက်ပြပါတယ်။
အလုပ်သမားရေး ဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ်တစ်ယောက်ဖြစ်တဲ့ ဦးညွန့်ဝင်းက အလုပ်ရှင်တွေဟာ ဥပဒေပါအခွင့်အရေးတွေကို မတောင်းဆိုခင်ကတည်းက ပေးထားရမှာ ဖြစ်သလို အလုပ်သမားတွေကလည်း ဥပဒေပါပြဋ္ဌာန်းချက်ထက် ပိုပြီး မတောင်းဆိုသင့်ကြောင်း Myanmar Now ကို ပြောပါတယ်။
“သူ့အကျိုး၊ ကိုယ့်အကျိုးကို နှစ်ဖက်မျှခြေရှိအောင် လိုလိုလားလား ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရှိဖို့လိုတယ်” လို့ ဒုညွှန်ချုပ်က သုံးသပ်ပါတယ်။
Great Wall 1 ဖိနပ်စက်ရုံ သမဂ္ဂခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ ၂၆ နှစ်အရွယ် ကိုဖြိုးဝေအောင်ဟာ တောင်းဆိုမှုတွေ လုပ်အပြီး ၂ဝ၁၅ မေလမှာ အလုပ်ဖြုတ်ခံရသူပါ။
“ကျွန်တော့်ကို အလုပ်ပြန်ခန့်ထားဖို့ အမိန့်ကို စက်ရုံဘက်က မလိုက်နာတာကြောင့် တရားရုံးက ဒဏ်ငွေ ၁ဝ သိန်းချမှတ်ခဲ့တယ်။ ကျွန်တော့်ကိုတော့ အခုချိန်ထိ သူတို့ဘက်က ပြန်မခန့်ဘူး။ ဒဏ်ငွေ ၁ဝ သိန်းဆိုတာ စက်ရုံပိုင်ရှင်တွေအတွက် ကလေးမုန့်ဖိုးပေးသလောက်ပဲရှိတာ” လို့ ကိုဖြိုးဝေအောင်က ဆိုပါတယ်။
“အလုပ်ပြန်မခန့်သေးတာကို တရားရုံးအဆင့်ဆင့် ထပ်တက်ဖို့ ကြိုးစားဦးမှာပဲ”
စက်ရုံရဲ့ မန်နေဂျာတစ်ဦးဖြစ်သူ မမိုးမိုးမြင့်ခိုင်က အလုပ်သမားတွေကို လုပ်ငန်းခွင်အခက်အခဲနဲ့ ပတ်သက်ပြီး အချိန်မရွေး လာရောက် ပြောဆိုခွင့် ပေးထားတယ်လို့ Myanmar Now ကို ပြောပါတယ်။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး လာရောက် ပြောဆိုခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ ထမင်းစားဆောင် လိုအပ်တာမျိုးလို အခြေခံအချက်တွေ အကြောင်းကိုလည်း သူ့ကို မေးမြန်းခဲ့ပါတယ်။
“ထမင်းစားဆောင် မရှိတာကလည်း ကျွန်မတို့စက်ရုံက စက်တင်ဘာလထဲမှာပဲ အဆောင်ပြောင်းဖို့ လုပ်နေတာ။ လက်ရှိနေရာက ငှားထားတာဆိုတော့ ပြုပြင်ဖို့ဆိုတာလည်း တစ်ဖက်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်တွေ၊ ဘာတွေက လိုသေးတယ်လေ” လို့ မမိုးမိုးမြင့်ခိုင်က ပြောပါတယ်။ ။