
အာဏာသိမ်းစစ်ကောင်စီက ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းမှုကို ကန့်သတ်ပိတ်ပင်နေခြင်းမှာ စစ်တပ်ထုတ်ကုန်များ ဈေးကွက်အသာစီးရစေရန်ဖြစ်ကြောင်း သွင်းကုန်လုပ်ငန်းရှင်များက ဆိုသည်
နိုင်ငံခြားသုံးငွေလျှော့ချရန်နှင့် ပြည်တွင်းထုတ်ကုန်များကို ကာကွယ်ရန် နယ်စပ်မှ ဆပ်ပြာ၊ ဆပ်ပြာမှုန့်နှင့် သွားတိုက်ဆေးတင်သွင်းမှုကို ရပ်ဆိုင်းမည်ဟု စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန် ၄ တွင် နယ်စပ်ကုန်သွယ်ရေးဇုန် တာဝန်ရှိသူများထံ အကြောင်းကြားခဲ့သည်။
ပြည်တွင်းမှ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန် ထိုသို့ကန့်သတ်ပိတ်ပင်ခြင်းဖြစ်သည်ဟု စစ်ကောင်စီက အကြောင်းပြသော်လည်း အမှန်တကယ်အားဖြင့် စစ်တပ်ထုတ်ကုန်များကို သုံးစွဲစေရန် ပိတ်ပင်ခြင်းဖြစ်သည်ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဝေဖန်သည်။
“သူတို့(စစ်ကောင်စီ) ငွေရှာရတော့မှာလေ။ သူတို့ဖော်မြူလာကိုက ယှဉ်ပြီးတော့ ဘယ်တော့မှ မလုပ်ဘူး။ တစ်ယောက်ကို ချုပ်ထားပြီးတော့မှ အသေထိုးတာလေ” ဟု အဆိုပါ သွင်းကုန်လုပ်ငန်းရှင်က ပြောသည်။
တစ်ဦးချင်းကုန်သွယ်ခွင့်လိုင်စင်ကတ်(ITC) ဖြင့် နယ်စပ်မှ ဆပ်ပြာ၊ ဆပ်ပြာမှုန့်နှင့် သွားတိုက်ဆေးများ တင်သွင်းခြင်းကို ဇွန် ၄ မှ စတင်ရပ်ဆိုင်းသွားမည်ဟု စီးပွားကူးသန်းဝန်ကြီးဌာန၏ အကြောင်းကြားစာက ဆိုသည်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ပဒုမ္မာဆပ်ပြာစက်ရုံသို့ ဇွန် ၁ ရက်တွင် သွားရောက်စစ်ဆေးခဲ့ပြီးနောက် ပြည်ပမှ ဆပ်ပြာ၊ ဆပ်ပြာမှုန့်နှင့် သွားတိုက်ဆေးတင်သွင်းမှုကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
ပြည်တွင်းဆပ်ပြာလိုအပ်ချက်ကို ရာခိုင်နှုန်းတစ်ခုအထိ ဖြည့်ဆည်းပြီး ပြည်ပမှ တင်သွင်းမှုကို အစားထိုးရန် ဆပ်ပြာထုတ်လုပ်ရမည်ဟု အာဏာသိမ်းစစ်ကောင်စီက မှာကြားခဲ့သည်။
တပ်မတော်ပိုင် ပဒုမ္မာဆပ်ပြာစက်ရုံကို ၂၀၀၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး PADONMAR အမှတ်တံဆိပ်ဖြင့် အဝတ်လျှော်ဆပ်ပြာနှင့် ကိုယ်တိုက်ဆပ်ပြာများ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာများတွင် သတင်းဖော်ပြခဲ့သည်။
ပြည်တွင်းဈေးကွက်အတွင်း ထိုင်း၊ အိန္ဒိယနှင့် တရုတ်နိုင်ငံထုတ် ဆပ်ပြာ၊ ဆပ်ပြာမှုန့်နှင့် သွားတိုက်ဆေးမျိုးစုံကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလျက်ရှိရာ အာဏာသိမ်းစစ်ကောင်စီက ထိုသို့ကန့်သတ်ပိတ်ပင်လိုက်သောကြောင့် စားသုံးသူများ ရွေးချယ်ခွင့်နည်းပါးသွားနိုင်သည်။
ရှော့ပင်းစင်တာများ၊ အလှကုန်စတိုးများတွင် ပြည်တွင်း၊ပြည်ပထုတ်ကုန်အမှတ်တံဆိပ်မျိုးစုံ ဝယ်ယူရရှိနိုင်ပြီး ပြည်တွင်းထုတ်ကုန်အနေဖြင့် United Pacific ကုမ္ပဏီက ထုတ်လုပ်သည့် Oki အဝတ်လျှော်ဆပ်ပြာ၊ Paris နှင့် Life Plus ဆပ်ပြာများ ရှိနေသည်။
ပြည်တွင်းအမှတ်တံဆိပ်ဖြစ်သည့် လေဆာသွားတိုက်ဆေးကို ရွှေဧရာနဒီက ထုတ်လုပ်ရောင်းချခဲ့သော်လည်း ၂၀၁၄ တွင် အမေရိကန်ကုမ္ပဏီဖြစ်သည့် Colgate Palmolive က ဝယ်ယူလုပ်ကိုင်ခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများ အားကောင်းလာပြီး စစ်တပ်နှင့် တရုတ်ထုတ်ကုန်များ မသုံးစွဲရန် ဆန့်ကျင်သပိတ်မှောက်မှုများ မြင့်တက်လာချိန် ဧပြီလအတွင်းက အိမ်နီးချင်းနိုင်ငံများမှ စားသောက်ကုန်များ တင်သွင်းခွင့်ကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ခဲ့သည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်မှ တင်သွင်းလျက်ရှိသည့် ကုန်စည်များအနက် အချိုရည်မျိုးစုံ၊ ကော်ဖီမစ်နှင့် တီးမစ်၊ Instant Coffee၊ နို့ဆီနှင့် နို့စိမ်းတင်သွင်းမှုကို ယာယီပိတ်ပင်လိုက်ပြီး ပင်လယ်ရေကြောင်းမှသာ ခွင့်ပြုတော့မည်ဟု စစ်ကောင်စီ၏ ကုန်သွယ်ရေးဦးစီးဌာနက ဧပြီလအတွင်း ညွှန်ကြားခဲ့သည်။
နိုင်ငံခြားသုံးငွေလျှော့ချရေး အကြောင်းပြကာ တစ်ဦးချင်းကုန်သွယ်ခွင့်လိုင်စင်ကတ်(ITC) ဖြင့် နယ်စပ်မှ ဆပ်ပြာ၊ ဆပ်ပြာမှုန့်နှင့် သွားတိုက်ဆေးများတင်သွင်းခြင်းကို ရပ်ဆိုင်းလိုက်သော်လည်း ထိရောက်မည်မဟုတ်ကြောင်း တရုတ်မှ ကုန်စည်များတင်သွင်းနေသည့် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
တရုတ်၊ ထိုင်း၊ အိန္ဒိယတို့နှင့် နယ်စပ်ကုန်သွယ်ရေးတွင် ICT ကတ်ဖြင့် ကုန်သွယ်ရာ၌ အမေရိကန်ဒေါ်လာထက် ယွမ်၊ ဘတ်နှင့် ရူးပီးတို့ဖြင့်သာ အဓိကပေးချေသဖြင့် အမေရိကန်ဒေါ်လာလျှော့ချမှုကို အထောက်အကူမဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။