အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လူ့အခွင့်အရေးနေ့တွင် မြောက်ဦးဆေးရုံကို ဗုံးကြဲ၊ အစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရ

စစ်ကော်မရှင်လေယာဉ်က ကြဲချသော ဗုံးများသည် ခရိုင်အဆင့် ဆေးရုံကြီးပေါ် ညအချိန် ကျရောက် ပေါက်ကွဲခဲ့သဖြင့် ကလေးသူငယ်များ၊ လူနာများ အပါအဝင် အများအပြားသေဆုံးပြီး ဒဏ်ရာရသူ ဒါဇင်နှင့်ချီ ရှိနေသည်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်၊ ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှု မြို့တော် မြောက်ဦးရှိ ဆေးရုံကြီးကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ည ၉ နာရီကျော်တွင် လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ ကလေးများ၊ လူနာများအပါအဝင် လူ ၃၃ ဦး သေဆုံးကာ ၇၆ ဦး ဒဏ်ရာရခဲ့သည်။ 

ဒီဇင်ဘာလ ၁၁ ရက်နေ့၊ နံနက်အထိ ရရှိသည့် စာရင်းများအရ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦး သေဆုံးပြီး ၊ ဒဏ်ရာရသူ ၇၆ ဦးတွင် ၂၇ ဦး ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်သည်ဟု ဒေသခံများထံက သိရသည်။  

ဗုံးကြဲခံရသည့် မြောက်ဦးဆေးရုံသည် AA ကျန်းမာရေးဝန်ထမ်းများဖြင့် လည်ပတ်နေသည့် ခရိုင်အဆင့် ဆေးရုံကြီးဖြစ်ရာ AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ် ၁၄ မြို့နယ်မှ ဒေသခံများ အားကိုးအားထားပြု နေရသည့် ဆေးရုံကြီးတစ်ခုလည်းဖြစ်သည်။ 

“မနေ့ည ၉ နာရီအချိန်မှာ တိုက်လေယာဥ် နှစ်စီးနဲ့ မြောက်ဦးမြို့ဆေးရုံကြီးကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ ဆေးရုံတက်နေတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေ၊ လူနာတွေ အများအပြား သေဆုံးကြတာ ဖြစ်ပါတယ်” ဟု အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက ဒီဇင်ဘာလ ၁၁ ရက် နံနက်တွင် Myanmar Now ကို ပြောသည်။ 

သေဆုံးသူများထဲတွင် ကလေးငယ်များ၊ မွေးလူနာများနှင့် ရိုဟင်ဂျာအမျိုးသမီးငယ်များလည်း ပါဝင်သည်၊ ဒဏ်ရာရသူများတွင် အပြင်းစားဒဏ်ရာရရှိသူ ၂၇ ဦးနှင့် အလတ်စား ဒဏ်ရာရရှိသူ ၄၉ ဦး ရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ဗုံးနှစ်ကြိမ် ကြဲချခဲ့တယ်။ ကျွန်မတို့လည်း ဗုံးကြဲပြီးမှ မီးခိုးထွက်လို့ မြင်ရတာ။ နောက်တစ်ကြိမ် လာကြဲမှာ ကြိုစိုးရိမ်လို့ ပုန်းခိုကျင်းဝင်ပြီး ပုန်းနေရတယ်” ဟု ၎င်းကပြောသည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်  ဗုံးကြဲခံရသော  ဆေးရုံ တစ်ခုလုံးနီးပါးသည်လည်း ဆိုးဆိုးရွားရွား ပျက်စီးသွားသည်ဟု သိရသည်။

ဆေးရုံဗုံးကြဲခံရမှုကြောင့် သေဆုံးသည့်ရုပ်အလောင်း ဓာတ်ပုံအများအပြားကိုလည်း Myanmar Now က ရရှိထားသည်။  ပေါက်ကွဲမှုကြောင့် လူအများအပြား ဦးခေါင်း၊ ဝမ်းဗိုက်နှင့် ကိုယ်လက်အင်္ဂါများတွင် သွေးထွက်သံယိုဒဏ်ရာဖြင့် သေဆုံးခဲ့ကြသည်ကို တွေ့ရသည်။

လေယာဉ်ပေါ်မှ ကြဲချခဲ့သော ဗုံးတစ်လုံးသည် လူနာဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး၊ နောက်ထပ် ဗုံး တစ်လုံးသည် ဆေးရုံရှေ့ကွင်းပြင်အစပ်တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု မြေပြင်တွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသည့် မြောက်ဦးမြို့ခံ စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

သေဆုံးသွားသော လူနာတစ်ဦး၊ ကလေးငယ်တစ်ဦးနှင့် သေဆုံးသူအချို့။ (ဓာတ်ပုံ-Arakan Princess Media)
သေဆုံးသွားသော လူနာတစ်ဦး၊ ကလေးငယ်တစ်ဦးနှင့် သေဆုံးသူအချို့။ (ဓာတ်ပုံ-Arakan Princess Media)


“ဒီမနက်ပိုင်းအထိ ၃၃ လောင်းအထိ ကျွန်တော်တို့ ကောက်ယူရထားတာရှိတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးနေကြတဲ့ အခင်းအကျင်းမျိုးဆိုတော့ အလောင်းပိုင်ရှင်တွေ ဘယ်သူဘယ်ဝါဆိုတာ ပြောရခက်သေးတယ်။ အလောင်းတွေထဲမှာ သုံးနှစ်အရွယ် ကလေးလေးတစ်ယောက်တွေ့တယ်။ မွတ်ဆလင်အမျိုးသားတွေလည်း ပါတာတွေ့တယ်” ဟု ဦးဝေဟင်အောင်က ဆိုသည်။

ရန်ကုန်အခြေစိုက် ဗြိတိန်၊ ဩစတြေးလျနှင့် ကနေဒါအပါအဝင် နိုင်ငံတကာသံရုံးများက စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများဆက်ရှိနေမှုအား စိုးရိမ်ကြောင်းနှင့် အကြမ်းဖက်မှုများ ရပ်တန့်ရန် လိုကြောင်း ထုတ်ပြန်သည့်နေ့တွင်ပင် လူအစုလိုက်အပြုံလိုက် သေဆုံးသည့် ဗုံးကြဲမှုတစ်ခုကို စစ်တပ်က ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ 

စစ်ဘက်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကို ပစ်မှတ်ထားသည့် ယခုတိုက်ခိုက်မှုသည် အာဏာသိမ်း စစ်တပ်ကျူးလွန်သည့် စစ်ရာဇဝတ်မှုဖြစ်ပြီး ထိထိရောက်ရောက် လက်တုံ့ပြန်သွားမည်ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကော်မရှင်က ထိုလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ယနေ့ နံနက်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးဘဲ စစ်တပ်ဝါဒဖြန့်သူများက AA ဆေးရုံ ဗုံးကြဲခံရပြီး AA တပ်ဖွဲ့ဝင်များ သေဆုံးနေကြောင်း  ရေးသားဖော်ပြနေကြသည်။

စစ်ဗိုလ်ချုပ်ကြီးများကမူ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားနှင့် တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီ အစည်းအဝေးကို ယမန်နေ့က နေပြည်တော်၌ အဆိုပါ ဗုံးကြဲမှုမတိုင်ခင်တွင် ကျင်းပခဲ့ကြသည်။

မြောက်ဦးမြို့သည် ရခိုင်ဘုရင်များနောက်ဆုံးနန်းစိုက်ခဲ့သည့် ရှေးဟောင်းမြို့ဖြစ်သည်။ ထိုမြို့တွင်  ဘုရား၊ ပုထိုးများစွာရှိပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် (ယူနက်စကို) ဝင်ရောက်ရန် ကြိုးပမ်းလျက် ရှိသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို ယခုနှစ်သြဂုတ်လ ၂၅ ရက်နေ့ ၊ည ၁၁ နာရီကျော်တွင် လေကြောင်းမှ ဗုံးကြဲ၍ ဒေသခံ ၁၂ ဦးသေဆုံးကာ ၂၁ ဦးဒဏ်ရာရရှိ ခဲ့မှု ဖြစ်ပွားထားသည်။

၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြောက်ဦးမြို့အနီးရှိ ကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး လေးဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အပြင်းအထန် ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိခဲ့သည်။

ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားသည့် ရခိုင်ပြည်နယ် မြောက်ဘက်တွင်ရှိသည့် မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနပြတိုက်၊ ဘုန်းတော်ကြီးကျောင်း သုံးကျောင်းနှင့် သာသနိကအဆောက်အအုံ အချို့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ရက်နေ့ (ခရစ္စမတ်နေ့) နံနက် ၅ နာရီခွဲဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်ခံရပြီး ယဉ်ကျေးမှုပြတိုက်နှင့် ကျောက်စာချပ်များ၊ အဆောက်အအုံများပျက်စီးခဲ့သည်။ 

မြို့နယ်ပေါင်း ၁၇မြို့နယ်ရှိသည့် ရခိုင်ပြည်နယ်တွင် မြို့တော်စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့နယ်မှလွဲ၍ ကျန် ၁၄ မြို့နယ်ကို AA က သိမ်းပိုက်၊ ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်။ 

ထိုအခြေအနေတွင် စစ်တပ်က မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အများအပြား သေဆုံးမှုများ ဆက်လက်မြင့်တက်နေသည်။

မြောက်ဦးဆေးရုံလေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသူများကို စီတန်းထားစဉ်။ (ဓာတ်ပုံ-Arakan Princess Media Screenshot) 

အထူးသဖြင့် စစ်တပ်သည် ရှမ်းမြောက်ဒေသရှိ တအာင်း(TNLA)နှင့် အပစ်အခတ်ရပ်စဲပြီးနောက် အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်ကာ ရခိုင်ပြည်နယ်ရှိ AA ထိန်းချုပ်နယ်မြေများကို လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်၏လက်ချက်ကြောင့် ၂၀၂၃  ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ မှ ၂၀၂၅ ၊စက်တင်ဘာလ ၃၀ ရက်နေ့အထိ သေဆုံးသူ ၉၇၀ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀၅၄ ဦး ရှိပြီး လူပေါင်း ၁၀၀၀ ဖမ်းဆီးခံထားရကြောင်း အာရက္ခတပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

စက်တင်ဘာလ ၂ ရက်နေ့က ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်စာသင်ကျောင်းကို ဗုံးကြဲမှုသည်အထက်တန်း ကျောင်းသားအများစု အပါအဝင် ၁၈ ဦး သေဆုံးကာ ၂၀ ဦးခန့် ဒဏ်ရာ ရသွားသဖြင့် ထိခိုက်သေဆုံးမှုများသော ဖြစ်ရပ် ဖြစ်ခဲ့သည်။

စစ်ကော်မရှင်သည် အရပ်သားပစ်မှတ်များဖြစ်သော ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများ ကို ပစ်မှတ်ထား တိုက်ခိုက်မှုများကို ရခိုင်တွင်သာမက နိုင်ငံအနှံ့ ကျူးလွန်နေသည်။ 

လေးနှစ်တာကာလအတွင်း စစ်ကော်မရှင်က ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း ၁,၆‌၀၀ ကျော် ကျူးလွန်ခဲ့ပြီး ဆေးရုံဆေးခန်းစုစုပေါင်း ၃၆၅ ခု ထိခိုက်ပျက်စီးခဲ့ရကာ ကျန်းမာရေး ဝန်ထမ်းပေါင်း ၁၃၇ ဦးကို သတ်ဖြတ်ခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပုံစာ-မြောက်ဦးဆေးရုံဗုံးကြဲခံရပြီးနောက် အပျက်အစီးများကို ယနေ့ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ- One Nation News/Arakan Princess Media) 

Related Articles

Back to top button