အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တရုတ်အကူအညီဖြင့်TNLAနှင့်အပစ်ရပ်ပြီးနောက် စစ်တပ်ကရခိုင်တွင် အဆက်မပြတ်ဗုံးကြဲနေ

စစ်ကော်မရှင်သည် အောက်တိုဘာ ၂၉ တွင် TNLA နှင့်အပစ်ရပ်ခဲ့ပြီး၊ နောက်ရက်များဖြစ်သည့် အောက်တိုဘာ ၃၀ နှင့် ၃၁ တို့တွင် ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်း၊ကျောက်ဖြူနှင့်ရသေ့တောင်မြို့နယ်တို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့ကဆိုသည်။

တရုတ်အစိုးရ၏အကူအညီဖြင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အပစ်ရပ်နိုင်ခဲ့သည့် စစ်ကော်မရှင်သည် ရခိုင်တွင်လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

စစ်ကော်မရှင်သည် အောက်တိုဘာ ၂၉ တွင် TNLA နှင့်အပစ်ရပ်ခဲ့ပြီး၊ နောက်ရက်များဖြစ်သည့် အောက်တိုဘာ ၃၀ နှင့် ၃၁ တို့တွင် ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်း၊ကျောက်ဖြူနှင့်ရသေ့တောင်မြို့နယ်တို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့ကဆိုသည်။

ထိုတိုက်ခိုက်မှုများကြောင့် အနည်းဆုံး အရပ်သား ၁၁ ဦးသေဆုံးပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟုလည်း မြေပြင်စစ်ရေးသတင်းအရင်းအမြစ်များကထံမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ပန်းနီလာရွာကို အောက်တိုဘာ ၃၁၊ နံနက် ၁၁ နာရီ ၄၀ ခန့်က လေယာဥ်ဖြင့် ဗုံးလေးကြိမ်ကြဲချခဲ့ရာ လေးဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ကလေးသူငယ်၊မိန်းမတွေအပါအဝင်လေးယောက်သေဆုံးသွားတယ်။၁၀ ဦးဒဏ်ရာရပြီး အဲဒီထဲက ရှစ်ဦးလောက်က ဒဏ်ရာပြင်းထန်တယ် “ဟု ၎င်းကပြောသည်။

အလားတူ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းရွာကို ဗုံးကြဲခဲ့ရာ ဒေသခံခြောက်ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရရှိသွားသည်။သေဆုံးသွားသူများမှာ မစံပယ်ဝင်း(၂၁ နှစ်)၊ ဒေါ်သန္ဒာငြိမ်း(၅၃ နှစ်)၊ ဒေါ်မေမြတ်သူ (၃၁နှစ်)၊ ဦးမောင်မြင့်စိုး(၃၅ နှစ်)၊ ကိုအောင်ပိုင်ထွေး(ခ)ဗမာချေ (၂၇နှစ်) နှင့် မစုမယေ(၁၇နှစ်)တို့ ဖြစ်ကြကြောင်း စုံစမ်းသိရှိရသည်။

ထို့ပြင် ယမန်နေ့ (အောက်တိုဘာလ ၃၀ ရက်နေ့) မွန်းတည့်၂ နာရီခန့်က ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းရွာကို စစ်တပ် က ဒရုန်းဖြင့်ဗုံးကြဲရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းအေးလှိုင် (၅၂ နှစ်) သေဆုံးပြီး ကိုဖြိုးဝေထွန်း (အသက် ၂၃ နှစ်)၊ ကိုမောင်မောင်ဌေး (အသက် ၃၈ နှစ်)တို့ ဒဏ်ရာရသွားသည်။

ယင်းနေ့တွင် ပုဏ္ဏားကျွန်းမြို့ ရပ်ကွက်တချို့ ကိုလည်း လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူ အထိအခိုက်မရှိကြောင်း ဒေသခံများထံက သိရသည်။

စစ်မျက်နှာအများအပြားဖွင့်ထားသည့် အာရက္ခတပ်တော်(AA)ကို ဖိအားပေးနိုင်အောင်အတွက် မြို့ရွာများကို ဗုံးကြဲပြီးအုပ်ချုပ်ရေးမတည်မငြိမ်ဖြစ်အောင်ပြုလုပ်နေသည်ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမားတစ်ဦး ကပြောသည်။

 ညီနောင်မဟာမိတ်သုံးဖွဲ့အနက် ကိုးကန့်(MNDAA)နှင့် တအာင်း(TNLA)တို့သည် အာဏာသိမ်းစစ်တပ်နှင့် အပစ်ရပ်သွားပြီဖြစ်သော်လည်း AA သည်း ကျယ်ပြန့်စွာ တိုက်ပွဲ ဖြစ်နေသည်။

TNLA သည် အောက်တိုဘာ ၂၇၊၂၈ က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် အာဏာသိမ်းစစ်တပ်နှင့်အပစ်အခတ်ရပ်စဲရေးဆွေးနွေးကြပြီး သိမ်းပြီးသည့် မိုးကုတ်နှင့်မိုးမိတ်ကို ပြန်ပေးကာ အပစ်ရပ်စဲခဲ့သည်။

ထို့ကြောင့် TNLA နယ်မြေဘက်ရှိ အာဏာသိမ်းစစ် တပ်သည် နိုင်ငံတဝှမ်းသို့ ပြောင်းရွေ့လာနိုင်သော်လည်း AA ထိန်းချုပ်နယ်မြေများကို သိမ်းယူနိုင်ရန် မဖြစ်နိုင်ဟု အထက်ပါဝါရင့်နိုင်ငံရေးသမား ကသုံးသပ်သည်။

“စစ်ရေးအရ အင်အားဖြည့်တင်းတာ ရှိနိုင်ပေမယ့် တိုက်စစ်ဖွင့်လို့ရမယ့်အခြေအနေတော့မရှိသေးလို့မြင်ပါတယ်”ဟု ၎င်းကပြောသည်။ အလားတူ အောက်တိုဘာလ ၂၆ ရက်နေ့က အမ်းမြို့ကို လေယာဉ်က ဗုံးကြဲရာ အသက် ၉ နှစ်အရွယ် ဆလိုင်းသိန်းဇော်သန်း ဒဏ်ရာရသွားသည်။

ထို့ပြင် ယင်းနေ့က စစ်တပ်က ဗုံးကြဲသဖြင့် ပုဏ္ဏားကျွန်း ၊ ကွမ်းတောင်ရွာသို့ လူနာသွားယူသည့် အသက် ၁၄ နှစ်အရွယ် ပရဟိတသမား မောင်ဌေးအောင်ဟိန်း (ခ) ကိုလတ် သေဆုံးခဲ့သည်။ ယင်းနေ့မှာပင် ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းရွာကို ဗုံးကြဲမှုကြောင့် မောင်ငြိမ်းချမ်းစိုး(၁၅ နှစ်)နှင့် ကိုစောဝင်းနိုင် (၁၉ နှစ်)တို့ဒဏ်ရာရရှိသွားသည်။

ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်၏လက်ချက်ကြောင့် ၂၀၂၃  ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ မှ ၂၀၂၅ ၊စက်တင်ဘာလ ၃၀ ရက်နေ့အထိ သေဆုံးသူ ၉၇၀ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀၅၄ ဦး ရှိပြီး လူပေါင်း ၁၀၀၀ ဖမ်းဆီးခံထားရကြောင်း အာရက္ခတပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

စစ်ကော်မရှင်တပ်သည် လူနေထူထပ်သည့် အရပ်သားပြည်သူများနေထိုင်ရာနေရာများ၊ စာသင်ကျောင်းများ၊ ဆေးရုံ ဆေးခန်းများနှင့် သာသနိကအဆောက်အအုံများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်ပစ်မှတ်ထားကာ ရေကြောင်း၊ လေကြောင်းတို့မှ တိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိသည်ဟု AA က အောက်တိုဘာ ၁၀ ရက်က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပင်လယ်ကမ်းနီး မြို့၊ ရွာများမှ မိဘပြည်သူများအနေဖြင့် ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်၏ ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြရန်နှင့် စစ်ရေးသတိရှိကြရန် AA ကတိုက်တွန်းထားသည်။

AA သည် အာဏာသိမ်းစစ်တပ်နှင့် စစ်တွေ၊ကျောက်ဖြူ၊ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင် -မကွေး တိုင်းအစပ်၊ရခိုင် -ဧရာဝတီတိုင်းအစပ် တို့တွင် တိုက်ပွဲဖြစ်ပွားနေသည်။

AA သည် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက်၊ (၉) ကီလိုမီတာအကွာအဝေး၌ရှိသော စစ်ကော်မရှင်၏ (၆၆၆) ပွိုင့်ကုန်းကို အောက်တိုဘာလ (၁၄) တွင် သိမ်းပိုက်ခဲ့သည်။ မကွေးတိုင်း၊နတ်ရေကန်ဗျူဟာကုန်းအား အပြီးသတ်သိမ်းပိုက်ရယူရန်အတွက် အနည်းငယ်သော လက်ကျန်နေရာ အချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု AA ကဆိုသည်။

ထို့ပြင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း AA က အောက်တိုဘာ ၁၅ ကထုတ်ပြန်ထားသည်။

AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မင်းပြား၊မြောက်ဦး၊မြေပုံ၊ပေါက်တော၊မောင်တော၊အမ်း၊တောင်ကုတ်၊ဂွတို့ကိုသိမ်းပိုက်ထားသည်။ထို့ပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်းသိမ်းပိုက်ထားသည်။ သိမ်းပိုက်ရန်ကျန်ရှိသောမြို့နယ်များမှာ စစ်တွေ၊ကျောက်ဖြူနှင့်မာန်အောင်မြို့နယ်တို့ဖြစ်သည်။

Related Articles

Back to top button