
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အာဏာသိမ်းစစ်တပ်က သြဂုတ်လ ၂၅ ရက်နေ့ ၊ည ၁၁ နာရီကျော်တွင် လေကြောင်းမှ ဗုံးကြဲ၍ ဒေသခံ ၁၂ ဦးသေဆုံးကာ ၂၁ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
တိုက်ခိုက်ရေးလေယာဥ်တစ်စီးသည် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့သဖြင့် ကလေး ငါးဦးအပါအဝင် ၁၂ ဦး သေဆုံးသွားခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများတွင်လည်း ကလေးငယ် သုံးဦးပါဝင်ပြီး အရေးပေါ် ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“လူတွေအိပ်နေတုန်း ဗုံးကြဲသွားတာ။ တစ်အိမ်တည်းက လူ ခြောက်ယောက်လောက် သေသွားတယ်။ အိမ် ရှစ်ဆောင်လည်း လုံးဝပျက်စီးသွားတယ်”ဟု ၎င်းက ဆိုသည်။
ထိုသို့ဗုံးကြဲမှုကြောင့် မြောက်ဦးဒေသခံများ စိုးရိမ်ကြောက်လန့်နေကြသည်၊ အရပ်သားများကို ပစ်မှတ် ထားပြီး ဗုံးကြဲခြင်းကို ရပ်တန့်ရန် အမျိုးသမီးတစ်ဦးကပြောသည်။
“ဂျက်လေယာဥ်က တော်တော်ကြာကြာဝဲနေခဲ့တယ်။ကျွန်မတို့ဗုံးခိုကျင်းတွေကိုဆင်းပြီး ပုန်းနေခဲ့ရတာ။ ဗုံးပေါက်သံတွေသိပ်ကျယ်တယ်။အခုထိ ဒူးတုန်နေတုန်း “အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေများတွင် စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရခိုင်ဒေသသို့ လာရောက်ကာ လူထုနှင့်တွေ့ဆုံသည့် ဓာတ်ပုံများ အင်တာနက်ပေါ်တွင်ပျံ့နှံ့လာပြီးနောက် မြောက်ဦးကို ပစ်မှတ်ထားကာ လေကြောင်းမှ ဗုံးကြဲ ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ယူဆကြသည်။
သေဆုံးသူများ၏ အမည်၊ အသက်အရွယ်နှင့် ဒဏ်ရာရမှုအခြေအနေများကို ယနေ့ မွန်းလွဲတွင် AA က ထုတ်ပြန်ခဲ့ပြီး ဆယ်ကျော်သက်များ၊ အငယ်ဆုံး ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦးတို့လည်း ပါဝင်နေသည်။

နိုင်ငံအနှံ့ နေ့စဉ် ရက်ဆက် ကျူးလွန်နေသော စစ်တပ်၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး ထိုလုပ်ရပ်များကို သက်ဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်းများထံ ပေးပို့သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များအား ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း AA က ဆိုသည်။
မြောက်ဦးမြို့သည် ရခိုင်ဘုရင်များနောက်ဆုံးနန်းစိုက်ခဲ့သည့် ရှေးဟောင်းမြို့ဖြစ်သည်။ ထိုမြို့တွင် ဘုရား၊ ပုထိုးများစွာရှိပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် (ယူနက်စကို) ဝင်ရောက်ရန် ကြိုးပမ်းလျက် ရှိသည်။
၂၀၂၄ မတ်လ ၂၁ ရက်နေ့ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြောက်ဦးမြို့အနီးမှ ကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး လေးဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အပြင်းအထန် ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိခဲ့သည်။
ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားသည့် ရခိုင်ပြည်နယ် မြောက်ဘက်တွင်ရှိသည့် မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနပြတိုက်၊ ဘုန်းတော်ကြီးကျောင်း သုံးကျောင်းနှင့် သာသနိကအဆောက်အအုံ အချို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ရက်နေ့ (ခရစ္စမတ်နေ့) နံနက် ၅ နာရီခွဲဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက် ခံရပြီး ယဉ်ကျေးမှုပြတိုက်နှင့် ကျောက်စာချပ်များ၊ အဆောက်အအုံများပျက်စီးမှုများ ရှိခဲ့သည်။
နိုင်ငံအနှံ့စစ်ရှုံးနေသော အာဏာသိမ်းစစ်တပ်သည် နိုင်ငံအနှံ့ဗုံးကြဲနေသောကြောင့် အရပ်သားအများ အပြား သေဆုံးဒဏ်ရာရနေသည်။
AA သည် ရခိုင်ပြည်နယ်တွင် ၂၀၂၃ ၊နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး ၁၄ မြို့နယ်ကို သိမ်းပိုက်ထားသည်။ ထို့ပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်းသိမ်းပိုက်ထားသည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်း အမှတ် (၃၂) ရဲတပ်ရင်းအနီး ၊ သပြုတောင်၊ ပျားတဲ ၊ ပြင်ရှည်၊ လိပ်ခမော်၊ မင်းတက်တောင်စသည့်နေရာများတွင် တိုက်ပွဲဖြစ်ပွားနေသည်။
စစ်တွေမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ရေးတင်းမာနေပြီး အာဏာသိမ်းစစ်တပ် ၏ စစ်ရေယာဥ် ၁၀ စီးကျော်ခန့်လည်း စစ်တွေမြစ်တွင် လှုပ်ရှားနေသည်။




