သတင်း

ရိုဟင်ဂျာအရေးအတွက် ၁၉၈၂ နိုင်ငံသားဥပဒေကို NUG ပြန်သုံးသပ်မည်

ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ရပ်တည်ချက်ထုတ်ဖော်ပြောကြားရန် ဖိအားပေးခံနေရသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ယမန်နေ့ (ဇွန် ၃) တွင် ထုတ်ပြန်ကြေညာလိုက်သည်။ 

ရိုဟင်ဂျာများကို နိုင်ငံမဲ့အခြေအနေသို့ တွန်းပို့ပေးလိုက်သည့် အခြေခံအကြောင်းတစ်ခုဖြစ်သည့် ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေကို ဖျက်သိမ်းခြင်း၊ ပြန်လည်ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်း လုပ်ငန်းစဉ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲပြီးချိန်တွင် လုပ်ဆောင်နိုင်ကြောင်း NUG ၏ ထုတ်ပြန်ချက်က ဆိုသည်။ 

“ယင်းဥပဒေသစ်အရ မြန်မာနိုင်ငံသားဖြစ်မှုသည် မြန်မာနိုင်ငံတွင် မွေးဖွားခြင်း သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ မြန်မာနိုင်ငံသားမိဘများမှ မွေးဖွားသူဖြစ်ခြင်းကို အခြေခံစေရမည်” ဟု NUG အစိုးရက ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရာတွင်လည်း တစ်နိုင်ငံလုံးအပြင် ရခိုင်ပြည်နယ်အတွင်း ပြည်သူလူထု၏ အမြင်သဘောထားများကို ရယူသွားမည်ဟုလည်း ဆိုသည်။ 

ထို့ပြင် “ရိုဟင်ဂျာပြည်သူများသည် အခြေခံလူ့အခွင့်အရေးစံနှုန်းများ၊ ဖက်ဒရယ်ဒီမိုကရေစီအခြေခံမူများနှင့် ကိုက်ညီသော ဥပဒေများအတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိပြီး နိုင်ငံသားဖြစ်သူတိုင်းလည်း အခြားနိုင်ငံသားများနှင့် တန်းတူ ပြည်သူရေးရာ အခွင့်အရေးများကို အပြည့်အဝရရှိခံစားနိုင်ရမည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ၂၀၂၀ ရွေးကောက်ခံအမတ်အချို့နှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်သူ တက်ကြွလှုပ်ရှားသူများဖြင့် ဧပြီလလယ်တွင် စတင်ဖွဲ့စည်းခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရသည် ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ထုတ်ဖော်ကြေညာရန် အဆက်မပြတ် ဖိအားပေးခံနေခဲ့ရသည်။ 

မြန်မာနိုင်ငံလက်ရှိအခြေအနေများနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုလွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ မေလ ၄ ရက်နေ့ ကြားနာမှုတစ်ခုတွင် NUG အစိုးရသည် ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး ကတိကဝတ်ပေးနိုင်ခြင်း ရှိမရှိ မေးခွန်းထုတ်ခံခဲ့ရသည်။ 

“မြန်မာနိုင်ငံမှာ သို့မဟုတ် ဒုက္ခသည်စခန်းတွေမှာ မွေးဖွားတဲ့ ရိုဟင်ဂျာတွေကို ဒီ [NUG] အစိုးရက နိုင်ငံသားဖြစ်မှုအထောက်အထား ပေးနိုင်မလား” ဟု အမေရိကန်အထက်လွှတ်တော်အမတ် ဘရက်ရှားမန်းက ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းသံအမတ် ဦးကျော်မိုးထွန်းကို မေးမြန်းခဲ့သည်။ 

NUG အစိုးရ၏ မူဝါဒသည် လက်ရှိဥပဒေကို ပြန်လည်ပြင်ဆင်ထားသည့် ပုံစံပေါ်တွင် အခြေခံသွားမည့် သဘောဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းက NUG ကိုယ်စား တုံ့ပြန်ခဲ့သည်။

၂၀၁၆-၁၇ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သည့် ရိုဟင်ဂျာပြည်သူများ၏ ခက်ခဲကြမ်းတမ်းသောအခြေအနေကို စိုးရိမ်ပူပန်ကြောင်း NUG အစိုးရက မေ ၃၀ တွင် ထုတ်ပြန်ခဲ့သေးသည်။ 

ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ထိုထုတ်ပြန်ချက်တွင် NUG က ဖော်ပြခဲ့သည်။ 

ရခိုင်ပြည်နယ်၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဂမ်ဘီယာနိုင်ငံက လူမျိုသုဉ်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားသည်။ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ သို့ သွားရောက်ဖြေရှင်းခဲ့ပြီး ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံကိုယ်စား ခုခံကာကွယ်ခဲ့သည်။

ICJ တရားရုံးက လူမျိုးသုဉ်းသတ်ဖြတ်မှုများမဖြစ်ပေါ်စေရေး ကာကွယ်ရန် ကြားဖြတ်အမိန့်တစ်ရပ် ချမှတ်ခဲ့ပြီး လိုက်နာဆောင်ရွက်ရမည့် ကိစ္စများနှင့် ပတ်သက်၍ တိုးတက်မှုအစီရင်ခံစာများကို အပြီးသတ် အမိန့်မချမီအထိ ခြောက်လတစ်ကြိမ် မြန်မာဘက်က တင်သွင်းရန် တာဝန်ရှိနေသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီ ၁ရက်တွင် အရပ်သားအစိုးရကို ဖယ်ရှားကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးချိန်တွင် စစ်တပ်က ငြင်းပယ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းခဲ့သည့် NUG အစိုးရက အထက်ပါအတိုင်း သဘောထားထုတ်ပြန်လာခြင်းဖြစ်သည်။ 

အာဏာမသိမ်းမီအချိန်က နိုင်ငံတကာက စွပ်စွဲပြစ်တင်ထားသည့် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထည့်သွင်းပြောကြားခြင်း မရှိသော်လည်း ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီ၏ ပြစ်မှုကျူးလွန်မှုများအပေါ် ICJ တရားရုံး၌ စီရင်ခွင့်ရရန် NUG က မျှော်လင့်ထားသည်။ 

Show More

Related Articles

Back to top button