
ထောင်ဒဏ် ၁၄နှစ်အထိ ချခံရနိုင်သည့် လျှို့ဝှက်ချက်အက်ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် စစ်ကောင်စီက စွဲဆိုထားသည့်အမှုကို နေပြည်တော်၌ ဇွန် ၂၃ရက်တွင် ကြားနာမည်ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မေ ၃၁ ရက်စွဲဖြင့် ကြေညာသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် စီးပွားရေးအကြံပေးလုပ်ခဲ့သူ ဩစတြေးလျနိုင်ငံသား ရှောင်တာနယ် (Sean Turnell) ကို အဓိကတရားခံနေရာထား၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရအဖွဲ့ဝင် သုံးဦးကို အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)ဖြင့် ဖေဖော်ဝါရီ ၆ရက်ကတည်းက အမှုဖွင့်ထားခြင်းဖြစ်သည်။
အထက်ပါရန်ကုန်အမှုတွင် NLD အစိုးရလက်ထက်အစပိုင်း၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဦးကျော်ဝင်း၊ ၎င်း၏ နေရာကို အစားထိုးဆက်ခံသူ ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဦးဆက်အောင်တို့ကိုပါ အမှုတွဲအဖြစ် စစ်ကောင်စီက ထည့်သွင်းထားသည်။
ယင်းအမှုကို ရာဇဝတ်အထွေထွေလျှောက်လွှာအမှုအမှတ် ၅/၂၀၂၁ဖြင့် လက်ခံထားပြီး တရားလိုနေရာ၌ နိုင်ငံတော်ဟု ဖော်ပြထားသည်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသည့် ကြိုတင်အသိပေးမှုအမှုစာရင်းတွင် တွေ့ရသည်။
“ကျွန်တော်တို့ ဘာမှမသိသေးပါဘူး။ ရန်ကုန်ကအမှုကို နေပြည်တော်ကို ပြောင်းဖို့ လျှောက်တယ်နဲ့တူပါတယ်ဗျ” ဟု ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လိုက်ပါဆောင်ရွက်မည့် ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က Myanmar Now ကိုပြောသည်။
သို့သော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ကြိုတင်အသိပေးမှုအမှုစာရင်းတွင် လျှောက်ထားခံရသူ၏ ရှေ့နေဟူသော နေရာ၌ “ကိုယ်တိုင်” ဟုသာ ရေးထားသည်ကို တွေ့ရသည်။
“အဲဒီဟာက ဘာလို့မှန်းမသိဘူး။ ဒီအမှုအတွက် လိုက်ခွင့်တင်ထားတဲ့ ရှေ့နေတွေကိုလည်း မပြောသေးဘူး” ဟု ဦးခင်မောင်ဇော်က ပြောသည်။ နေပြည်တော်တွင် စွဲဆိုထားသည့် အမှုငါးခုနှင့် ပတ်သက်သည့် ဇွန် ၇ရက်ရုံးချိန်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရသည့်အခါမှ အသေးစိတ်ကို သိနိုင်မည်ဟု ၎င်းက ဆက်ပြောသည်။
လျှို့ဝှက်အက်ဖြင့် စွဲဆိုခံထားရသည့် အမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၌ ရှေ့နေလိုက်ခွင့် တရားဝင်တင်ထားသူတစ်ဦးဖြစ်သည့် ဒေါ်စန်းမာလာညွန့်က ယနေ့(ဇွန်၃)ရုံးချိန်းတွင် တရားရုံးက မည်သည့်အကြောင်းမျှ အသိပေးခြင်းမရှိဘဲ နောက်တစ်ကြိမ်ရုံးချိန်းကို ဇွန် ၁၇သို့ ပြောင်းလဲချိန်းဆိုခဲ့ကြောင်း ပြောသည်။
“နေပြည်တော်မှာ အမှုတစ်ခုပေါ်လို့ တောင်းသွားတယ်လို့ သိရတယ်။ အသေးစိတ်တော့ မသိသေးဘူး”ဟု ၎င်းက Myanmar Now ကို ပြောသည်။
ထို့အပြင် ရန်ကုန်အမှုနှင့် ပတ်သက်၍ လေးလနီးပါးရှိလာချိန်အထိ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်မရသေးကြောင်း ဒေါ်စန်းမာလာညွန့်က ပြောသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီး ရန်ကုန်တွင် တစ်မှု၊ နေပြည်တော်၌ ငါးမှုဖွင့်ကာ ရုံးတင်စစ်ဆေးနေခြင်းဖြစ်သည်။
နေပြည်တော်၌ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသည့် အမှုများတွင် ထောင်ဒဏ်၂နှစ်အထိ ချနိုင်သည့် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ပါဝင်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ပါ အမှုတွဲစာရင်းတွင် ပါဝင်သည်။

ယင်းအပြင် ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပါ ပုဒ်မများဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်၌ အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။
နေပြည်တော်တွင် စွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍မူ မေ ၂၄ ရက်ရုံးချိန်း၌ နေပြည်တော်ကောင်စီဝင်းအတွင်း အဆောက်အအုံတစ်ခုတွင် အထူးတရားရုံးဖွင့်ကာ ပထမဆုံးအကြိမ် လူတွေ့ရုံးထုတ်စစ်ဆေးခဲ့သလို အဆိုပါအမှုများအတွက် လိုက်ပါဆောင်ရွက်မည့် ရှေ့နေအဖွဲ့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးဖူးသည်။
စစ်ကောင်စီခန့်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD ကို ဖျက်သိမ်းမည်ဟု လေသံပစ်ပြီး များမကြာမီတွင် ပြုလုပ်သည့် အဆိုပါတရားရုံးချိန်းတွင် ရှေ့နေများနှင့် တွေ့ခွင့်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူရှိနေသရွေ့ NLD ရှိမည်” ဆိုသော သတင်းစကားပါးခဲ့သလို ၎င်းကို စစ်ကောင်စီက မည်သည့်နေရာတွင်ထားရှိ ထိန်းသိမ်းထားသည်ကိုပင် မသိဟု ထုတ်ဖော်ပြောဆိုထားသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသည့် ကြိုတင်အသိပေးမှုအမှုစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုတွဲဖြစ်သည့် ရှောင်တာနယ်လ်ကို စစ်ကောင်စီက အမှုအမှတ် ၇/၂၀၂၁ဖြင့် နောက်တစ်မှုထပ်ဖွင့်ထားသည်ကို တွေ့ရသော်လည်း မည်သည့်ပုဒ်မ၊ မည်သည့်ကိစ္စကြောင့်ဖြစ်သည်ကို စုံစမ်း၍မရသေးပေ။