လေ့လာသုံးသပ်ချက်

ခြေလှမ်းကျဲလာသော စစ်ကောင်စီ၏ NLD ဖျက်သိမ်းရေးစီမံကိန်း   

စစ်ကောင်စီက အသစ်ဖွဲ့ထားသည့် ရွေးကောက်ပွဲကော်မရှင်သည် လူထုထောက်ခံမှု အားကောင်းနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ရန်လိုသည့်အပြုအမူ ထင်ထင်ရှားရှား ဆက်တိုက်ပြသနေသည်။

ဧရာမပုဒ်မတပ်ပြီး အရေးယူမည်ဟုပင် ကော်မရှင်ဥက္ကဋ္ဌ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးက မေ ၂၀ တွင် နေပြည်တော်၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ပြောလိုက်သည်။

“ဥပဒေနဲ့မညီ ကြိုတင်ကြံစည်ပြီး ဆောင်ရွက်ခဲ့တဲ့ NLD ပါတီကို မှတ်ပုံတင်ဖျက်သိမ်းပစ်ရပါမယ်။ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို နိုင်ငံတော်သစ္စာဖောက်အနေနဲ့ ကျွန်တော်တို့ အရေးယူမယ်” ဟု  စစ်ဗိုလ်ချုပ်ဟောင်းက ပြောလိုက်သည်။

ထိုသို့ပြောကြားခဲ့ပြီးနောက် တစ်ပတ်ကျော်အကြာ ဇွန် ၁ တွင် “နိုင်ငံရေးပါတီများကို စိစစ်ပေးရန်” ရွေးကောက်ပွဲကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့သည့် အကြောင်းကြားစာတစ်စောင်မှာ အင်တာနက်လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်။

မေ ၂၄ ရက်စွဲတပ်ထားသည့် စာတွင် နိုင်ငံတော်ကို လက်နက်ကိုင်ဆန့်ကျင်နေသည်ဟု နိုင်ငံတော်က သတ်မှတ်ထားသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်၊ အားပေးကူညီနေသည့် နိုင်ငံရေးပါတီများကို စိစစ်ပေးရန် ပါရှိသည်။

ထိုအကြောင်းကြားစာမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သည့် NLD ပါတီနှင့် ၎င်း၏ မိတ်ဖက်ပါတီများကို မြေပေါ်နိုင်ငံရေးပါတီအဖြစ် ဆက်လက်မရပ်တည်နိုင်စေရန် ရည်ရွယ်သည့် အာဏာသိမ်းစစ်ကောင်စီ၏ ထိုးနှက်ချက်ဖြစ်သည်ဟု လေ့လာသူများက ယူဆသည်။

NLD လွှတ်တော်ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ထိုကော်မတီက ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) တို့ကို စစ်ကောင်စီက မတရားအသင်းအဖြစ် ကြေညာထားခြင်းကို ဆက်စပ်ပြီး ၎င်းတို့က သုံးသပ်ပြောကြားခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လုပ်ရပ်များသည် တရားဝင်မှုမရှိသလို ၎င်းတို့အနေဖြင့် အသိအမှတ်ပြုသွားမည်မဟုတ်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် NLD အမတ်ဟောင်းတစ်ဦးက ပြောသည်။

“အာဏာစသိမ်းကတည်းက ဒီလမ်းစဉ်လာတော့မှာပဲဆိုတာကို ကျွန်မအနေနဲ့က သိပြီးသားပဲ။ သို့ပေမဲ့ NLD ပါတီကို ဘယ်တုန်းကများ ဖျက်သိမ်းလို့ ရခဲ့ဖူးလားဆိုတာကိုလည်း ပြန်မေးချင်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ အာဏာသိမ်းမှုသည် တစ်နိုင်ငံလုံး စစ်ကျွန်ဘဝသို့ ပြန်ရောက်စေသည့် လုပ်ရပ်ဖြစ်သည့်အတွက် CRPH နှင့် NUG တွင် ပါဝင်နေသည့် တိုင်းရင်းသားပါတီများအနေဖြင့် မှန်ကန်သည့် လမ်းကြောင်းကိုသာ ရပ်တည်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

“တကယ်မှန်ကန်တဲ့ လမ်းကြောင်းအပေါ်ကို ဘယ်လိုရပ်ကြမလဲဆိုတာမျိုးကိုတော့ တကယ့်ကို တရားတဲ့ဘက်မှာ ရပ်တည်တဲ့ ပါတီတိုင်းလဲ စဉ်းစားမိကြမယ် ထင်ပါတယ်။ သူတို့ပါတီတွေအနေနဲ့လည်း စဉ်းစားရမယ့်အခြေအနေမှာ ရှိတာပေါ့” ဟု အထက်ပါ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းက ပြောသည်။

NLD က ဦးဆောင်ဖွဲ့စည်းထားသည့် လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးပါဝင်သော CRPH တွင် တိုင်းရင်းသားပါတီများဖြစ်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည်။ 

ထို့နောက် CRPH က ဦးဆောင်ပြီး ဧပြီ ၁၆ တွင် ဖွဲ့စည်းခဲ့သည့် NUG အစိုးရအဖွဲ့တွင် ယာယီဒုသမ္မတ မန်းဝန်းခိုင်သန်းက ဝန်ကြီးချုပ်ဖြစ်လာပြီး အထိန်းသိမ်းခံထားရသည့် NLD ခေါင်းဆောင်များဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ စသည့် မူလရာထူးများကိုပင် ပြန်လည်ပေးအပ်ထားသည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နိုင်ငံရေးပါတီများကို အရေးယူနိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် စတင်ပြင်ဆင်နေခြင်းဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဋ္ဌ စိုင်းညွန့်လွင်က သုံးသပ်သည်။

“နိုင်ငံရေးပါတီလုပ်ကြတယ်ဆိုတာ မြေပေါ်မှာပဲ လုပ်ကြတာလေ။ တရားဝင်လုပ်ကြတာ။ တရားဝင်လုပ်တယ်၊ မြေပေါ်မှာ လုပ်တယ်၊ စည်းကမ်းဘောင်ထဲမှာ လုပ်ကြတယ်။ စည်းကမ်းဘောင်ထဲမှာ လုပ်တဲ့ လူတွေကို ဖျက်သိမ်းလိုက်မယ်ဆိုရင် အဲဒီလူတွေက စည်းကမ်းဘောင်နဲ့ မညီတဲ့နေရာမှာ သွားပြီးဆက်လုပ်ကြမှာပဲ” ဟု ၎င်းက ပြောသည်။

ကော်မရှင်၏ အရေးယူမှုမှာ CRPH နှင့် NUG တို့နှင့် ဆက်စပ်သည့် နိုင်ငံရေးပါတီများကို အဓိက ဦးတည်လာနိုင်ခြေရှိပြီး SNLD ပါတီအနေဖြင့် ဖြစ်လာသမျှကိုသာ ရင်ဆိုင်ရုံသာရှိသည်ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

“CRPH က သူတို့(NLD) လူတွေတော့ ပါတယ်။ ဒါပေမယ့် ပါတီကနေပြီးတော့ ဘယ်လိုသဘောထားမျိုးရှိသလဲ ဆိုတာကိုတော့ ကျွန်တော်တို့ မသိဘူး” ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တွင် လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးပါဝင်ပြီး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ရောဘတ်ညေးရယ်၊ တအာင်း(ပလောင်) အမျိုးသားပါတီမှ ဦးလမင်းထွန်း၊ ကချင်ပြည်သူ့ပါတီမှ ဦးလမာနော်အောင်တို့ သုံးဦးမှာ NLD ပါတီဝင်မဟုတ်သည့် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည်။

CRPH တွင် တအာင်း(ပလောင်) ပါတီမှ ကိုယ်စားလှယ်ပါဝင်နေခြင်းမှာ ၎င်း၏ တစ်ဦးချင်းသဘောထားသာဖြစ်ပြီး ပါတီနှင့် မသက်ဆိုင်ကြောင်း တအာင်း(ပလောင်) အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ မိုင်အုန်းခိုင်က ပြောသည်။ ကျန်တိုင်းရင်းသားပါတီ ၂ခုကိုမူ Myanmar Now က ဆက်သွယ်ဆဲဖြစ်သည်။

အဆိုပါအခြေအနေတွင် အာဏာသိမ်းစ ဖေဖော်ဝါရီ ၁ကတည်းက စစ်ကောင်စီဖမ်းထားသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “ပါတီကိုထောင်ထားတာလည်း ပြည်သူတွေအတွက် ထောင်ထားတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေရှိနေသရွေ့ ပါတီရှိနေမှာပါ“ဟု ၎င်း၏ ရှေ့နေများမှတစ်ဆင့် မေ ၂၄ရက်တွင် ပြည်သူများကို သတင်းစကားပါးထားသည်။

သို့သော်လည်း အသက် ၆၅ နှစ်ပြည့်ခါနီး ပင်စင်မယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို တခြားဗိုလ်ချုပ်တစ်ဦးဦးလက်ထဲ ထည့်ပေးရန် အဆင်သင့်မဖြစ်သေးသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NLD အပါအဝင် ဒီမိုကရေစီအင်အားစုကို အဆက်မပြတ် နှိပ်ကွပ်ထားဆဲဖြစ်သည်။

လတ်တလောအခြေအနေသည် လွန်ခဲ့သော ၁၀ နှစ်ဝန်းကျင်အခြေအနေများနှင့် ဆင်တူနေသည်။

ထိုစဉ်က ရွေးကောက်ပွဲကော်မရှင်၏ဥက္ကဋ္ဌမှာ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးပင် ဖြစ်သည်။ 

ထိုစဉ်က ဗိုလ်ချုပ်ကြီးများက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားသည်။ ယခုလည်း အလားတူပင်။

၂၀၁၀ တွင် လူထုအများအပြားထောက်ခံသည့် NLD ကို ရွေးကောက်ပွဲဝင်မပြိုင်စေရန် ဥပဒေ၊ စည်းကမ်းတို့ကို ရည်ရွယ်ချက်ရှိရှိ ရေးဆွဲပြဋ္ဌာန်းသည့်နည်းဖြင့် NLD ကို ဘေးဖယ်ခဲ့သည်၊ ၎င်းတို့စိတ်ကြိုက် အစိုးရတစ်ရပ် ပေါ်လာစေရန် သေချာ ပြင်ဆင်ကြသည်။

ယခု ဗိုလ်ချုပ်ကြီးတို့ကမူ NLD ကို ဘေးဖယ်ရုံတင်မက ပါတီဝင်များ၊ ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းပြီးဖြစ်သည်။ ၎င်းတို့စိတ်ကြိုက် အစိုးရတစ်ရပ် ပေါ်လာစေရန် သေချာ ပြင်ဆင်နေပြီဖြစ်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော နိုင်ငံတစ်ဝန်းမှ ဒီမိုကရေစီလိုလားသူများကမူ ရွေးကောက်ပွဲနှင့် ကော်မရှင်တို့ကို ခေါင်းထဲ မထည့်ဘဲ အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ရေးကိုသာ နည်းလမ်းမျိုးစုံဖြင့် တစိုက်မတ်မတ် အားကြိုးမာန်တက် ဆောင်ရွက်နေသည်ကို တွေ့ရလေသည်။

Show More

Related Articles

Back to top button