သတင်း

ကျောင်းတက်သူမရှိသည့် ယင်းမာပင် အထကကျောင်းဝင်းအတွင်း ဗုံးပေါက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ရှိ ကျောင်းတက်သူလုံးဝမရှိသည့် အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ယနေ့ (ဇွန် ၂) နံနက် ၁၀ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့သည်။ 

“ကျောင်းဝင်းအတွင်းက ကျောင်းဆောင်လေးတွေနားပဲ၊ အဲဒီနားက သစ်ပင်ပေါ်မှာ ချိတ်ထားခဲ့တာ။ အထုပ်လေးတစ်ထုပ်နဲ့ပဲ ချိတ်ထားခဲ့တာ။ အဲဒီအထုပ်ကနေပြီး ကွဲတာပေါ့” ဟု ယင်းမာပင်မြို့ခံ ဒေသခံတစ်ဦးက Myanmar Now ကိုပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူရှိမရှိကိုမူ အတည်မပြုနိုင်သေးပေ။ ဒေသခံတို့၏ အဆိုအရ ဗုံးပေါက်ပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်များရောက်ရှိလာကာ အထက်တန်းကျောင်းဝန်းကျင်ကို လိုက်လံမေးမြန်းခဲ့သည်ဟု သိရသည်။

အဆိုပါ အထက်တန်းကျောင်းတွင် ကျောင်းဆရာ/ဆရာမ အနည်းငယ်သာရှိပြီး ယမန်နေ့(ဇွန်၁)မှစ၍ ကျောင်းဖွင့်သည်ဟု စစ်ကောင်စီက ကြေညာထားသော်လည်း တက်ရောက်သူတစ်ဦးမျှမရှိဟု ဒေသခံများက အတည်ပြုသည်။

“ရုံးတက်နေတဲ့ ဆရာ/ဆရာမလေးတွေတော့ ရှိတယ်ကြားတယ်။ ယူနီဖောင်းနဲ့တော့ မဟုတ်ဘူး။ ကျောင်းသားတွေတော့ လုံးဝမရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းမာပင်မြို့တွင် အထက်တန်းကျောင်းတစ်ကျောင်းနှင့် မူလတန်းကျောင်းနှစ်ကျောင်းရှိကာ စစ်ကောင်စီကို အာဏာဖီဆန်နေသည့်-CDM ဆရာ၊ ဆရာမနှင့် ကျောင်းအပ်နှံခြင်းမပြုသည့် ကျောင်းသားမိဘအများအပြားရှိခြင်းကြောင့် မည်သည့်ကျောင်းမျှ ဖွင့်လှစ်နိုင်ခြင်းမရှိဟုလည်း သိရသည်။ 

“ကိုယ်တိုင်လဲ ကျောင်းသားမိဘဆိုတော့ ကျွန်တော့်သားသမီးကို ကျောင်းလဲမအပ်ဘူး။ ကျောင်းလဲမထားဘူး။ ဒီမှာ(ယင်းမာပင်)တော့ CDM လုပ်တဲ့ အတိုင်းအတာက အတော်လေးအောင်မြင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် မြို့များတွင် ယင်းမာပင်သည်လည်း ထိပ်ဆုံးမှ ပါဝင်ခဲ့ပြီး ဧပြီနှောင်းပိုင်းက ယင်းမာပင်မြို့နယ် ကပိုင်ရွာတွင် ဒေသခံတို့နှင့် စစ်ကောင်စီတပ်များအကြား အပြန်အလှန်ပစ်ခတ်သည်အထိ ဖြစ်ပွားခဲ့သည်။

အလောင်းတော်ကဿပဘုရား သွားရာလမ်းပေါ်ရှိ ကပိုင်ရွာတွင် အထိုင်ချတပ်စွဲကာ စစ်ကောင်စီတပ်က အနီးအနားဝန်းကျင်ကျေးရွာများကို မကြာခဏဝင်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယင်းမာပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ယနေ့(ဇွန်၂) ပေါက်ကွဲမှုနှင့် ပတ်သက်၍ ညနေပိုင်းအထိ စစ်ကောင်စီထံမှ ဖြေရှင်းချက်တစ်စုံတစ်ရာ မတွေ့ရသေးပေ။

Related Articles

Back to top button