
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၌ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပြောက်ကျားအဖွဲ့နှင့် တိုက်ပွဲဖြစ်ပြီးနောက် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များက ကျေးရွာအချို့ကို ဝင်ရောက်စီးနင်းရှာဖွေနေသည်ဟု ဒေသခံများက ယနေ့ (ဇွန် ၁)တွင် ပြောသည်။
တိုက်ပွဲမှာ မြို့တောင်ဘက် မိုင် ၂၀ အကွာရှိ ကြည့်ငိုတောင်အနီးတွင် ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း၊ ညနေ ၃နာရီဝန်းကျင်တွင် ကြည့်ငိုတောင်ကြား လမ်းကျဉ်းတစ်ခုအတိုင်း ခြေလျင်တက်လာသည့် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ဝင်များကို လက်လုပ် ဆွဲမိုင်းငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံပြောက်ကျားအဖွဲ့က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးခဲ့သည်ဟု ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယင်းဖြစ်စဉ်ကြောင့် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့သည် ကြည့်ငိုတောင်အနီးအနားရှိ ရွာများကို ရောက်လာသည်ဟု ဆိုသည်။
“ဒီနေ့တော့ တိုက်ပွဲမဖြစ်သေးပါဘူး။ ကျွန်တော်တို့က သူတို့(စစ်ကောင်စီတပ်) လှုပ်ရှားနေတာတွေကို စောင့်ကြည့်နေတယ်။ သူတို့က ရွာတွေထဲ ဝင်လိုက်ထွက်လိုက်နဲ့။ သူတို့က တပ်ဖြန့်ပြီး တော်တော်များများကို လိုက်စစ်နေတယ်” ဟု ဒေသခံပြောက်ကျားအဖွဲ့ခေါင်းဆောင်က Myanmar Now ကို ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များသည် ပေါက်မြို့နယ်တောင်ပိုင်းသို့ မေ ၃၀ ရက်ကတည်းက အင်အား ၂၀၀ ခန့်ဖြင့် ရောက်ရှိနေခြင်းဖြစ်ပြီး ကိုင်းလယ်ရဲစခန်း၌ တပ်စခန်းချထားသည်ဟု ဒေသခံများက ဆိုသည်။
ဇီးတော၊ တပ်ကုန်း၊ ကင်းဆုတ်၊ ကင်းမ၊ တောင်ဘက် စသည့်ရွာများကို တပ်စုခွဲ၍ လိုက်လံစစ်ဆေးသကဲ့သို့ ကြည့်ငိုတောင်ပေါ်လမ်းများကိုလည်း ဒရုန်းများဖြင့် နယ်မြေအခြေအနေကို စစ်ဆေးနေသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
ခင်ဆုတ်ရွာမှ စစ်ကောင်စီက ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးစာရေးတစ်ဦးနှင့် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးတို့ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အသတ်ခံခဲ့ရသည့် ဖြစ်စဉ်နှစ်ခုကြောင့် ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးလာလုပ်သည်ဟု ပေါက်မြို့နယ်တောင်ပိုင်း ဒေသခံများက ယူဆထားကြသည်။
ရုံးစာရေးသည် မေ ၂၅ တွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး စည်းရုံးရေးမှူးမှာ မေ ၃၀ ရက်က ကင်းဆုတ်ရွာနှင့် ဇီးတောရွာအကြားရှိ ကြည့်ငိုတောင်ကြော ကားလမ်းတွင် ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောကြသည်။
“သေနတ်နဲ့ ပစ်သတ်ခံရတာတွေအတွက် ရှင်းလင်းရေးလာတယ်လို့ပဲ ယူဆရတယ်။ ကိုင်းလယ်ရဲစခန်းမှာ စခန်းချပြီး ခြေလျင်တက်လာပြီး ရှာနေတယ်လို့ ပြောတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။
ပေါက်မြို့နယ်တောင်ပိုင်း၌ ဆက်သွယ်ရေးအဆင်မပြေကြောင်း၊ ဖုန်းနှင့် အင်တာနက်အတွက် စစ်တပ်ပိုင် MyTel ကိုသာ သုံးနေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ဒီနေ့(ဇွန် ၁)မနက်ဆို MPT ဖုန်းလိုင်း လုံးဝကိုမရှိ၊ ခေါ်မရဖြစ်နေပါတယ်။ ပေါက်မြို့နယ်ထဲမှာကို ကျန်တဲ့နေရာတွေ MPT သုံးရပါတယ်။ ပေါက်မြို့နယ်တောင်ပိုင်းပဲ ဖြတ်ထားတယ်ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။
ထို့အပြင် ပေါက်မြို့နယ်တောင်ပိုင်းရှိ ရွာများကို စစ်ကောင်စီတပ်က လိုက်လံစစ်ဆေးစဉ် မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာသို့ စစ်ကားသုံးစီး၊ ပေါက်မြို့နယ်နှင့် ဆိတ်ဖြူမြို့နယ်အစပ်တွင် စစ်ကားခြောက်စီးအထိ အင်အားတိုးမြှင့်ချထားလာသည်ဟု ဒေသခံပြောက်ကျားအဖွဲ့က ပြောသည်။
ကာကွယ်ရေးပစ္စည်းစက်ရုံရှိသည့် ထိုနေရာကို လုံခြုံရေးတင်းကျပ်ထားပြီး အဆိုပါစက်ရုံနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ်အတွင်း သတင်းရေးသားဖော်ပြမှုကြောင့် ရန်ကုန်မှ ယူနတီဂျာနယ်အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးကို စစ်တပ်က တရားစွဲသဖြင့် ထောင်ဒဏ် ၁၀နှစ်အထိ ချမှတ်ခံရဖူးသည်။
ပေါက်မြို့နယ်အတွင်းရှိသည့် ကာကွယ်ရေးပစ္စည်းစက်ရုံ (အမှတ် ၂၄)မှာ လျှို့ဝှက်ဓာတုလက်နက်စက်ရုံဖြစ်ကြောင်း ယူနတီဂျာနယ်က စုံစမ်းကာ သတင်းရေးသားခဲ့၍ဖြစ်သည်။