ရန်ကုန် – အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က လူမျိုးရေး၊ ဘာသာရေး အကဲဆတ်တဲ့ မြန်မာနိုင်ငံမှာ လတ်တလော အငြင်းပွားစရာ အဖြစ်ဆုံး အဖွဲ့အစည်း ဖြစ်နေပါတယ်။
မဘသလို့ အတိုကောက် ခေါ်ကြတဲ့ ဒီအဖွဲ့ဟာ ၂ဝ၁၂ ခုနှစ် ရခိုင်ပြည်နယ်အတွင်း ဘာသာရေး၊ လူမျိုးရေးပဋိပက္ခ ဖြစ်ပွားပြီး နောက်တစ်နှစ်မှာ ပေါ်ပေါက်လာတာပါ။ မဘသ ဆရာတော်အများအပြားရဲ့ ဟောပြောချက်တွေမှာ မွတ်စလင် ဆန့်ကျင်ရေး၊ အမုန်းတရားပွားများစေတဲ့ အသုံးအနှုန်းတွေ ပါဝင်တာကြောင့် အပြင်းအထန် ဝေဖန်ခံနေရပါတယ်။
မန္တလေးမြို့၊ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယဝံသာ ဘိဝံသက မဘသအဖွဲ့ရဲ့ လုပ်ရပ်ဟာ ဗုဒ္ဓရဲ့ လမ်းစဉ်နဲ့ ကိုက်ညီမှုမရှိဘူးလို့ မိန့်ပါတယ်။
“မဘသကို သံဃာထုတွေက မနှစ်မြို့ကြပါဘူး။ သူတို့လုပ်နေတာကလည်း မနှစ်မြို့စရာတွေလေ။ ဒါပေမဲ့ သံဃာထုထဲမှာ သံဃာကောင်းတွေက ဘာမှမပြောချင်လို့သာ သူတို့အသံတွေ ကျယ်နေတာ” လို့ ဆရာတော်က မိန့်ပါတယ်။
မဘသ ပေါ်ပေါက်စမှာ သံဃာအများအပြားက အမျိုးသားရေးတာဝန်အတွက်ဆိုပြီး ပူးပေါင်းပါဝင်ကြပေမယ့် နောက်ပိုင်းမှာ ထောက်ခံမှုလျော့နည်းလာတယ်လို့ ဆရာတော်က သုံးသပ်ပါတယ်။
အငြင်းပွားဖွယ်ရာအဖွဲ့အစည်းဖြစ်တဲ့ မဘသအဖွဲ့ရဲ့ လှုပ်ရှားမှုကြောင့် သံဃာထုကြား စိတ်ဝမ်းကွဲပြားမှု ပိုမို ဖြစ်ပေါ်လာနိုင်တယ်လို့ အထင်ကရ သံဃာတချို့က မိန့်ကြားကြပါတယ်။
မဘသအဖွဲ့ တည်ရှိမှု
မကြာသေးမီက ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မဘသအဖွဲ့ဟာ မလိုအပ်တဲ့ အဖွဲ့ဖြစ်တယ်လို့ နှစ်ကြိမ် ပြောဆိုခဲ့ပါတယ်။ မြန်မာပြည်အတွင်း အတော်လေး ဂယက်ရိုက်ခတ်ခဲ့၊ သတင်းစာမျက်နှာဖုံးသတင်းတွေ ဖြစ်ခဲ့တဲ့ သူ့ရဲ့ ပြောဆိုချက်ကြောင့် မဘသအဖွဲ့ခေါင်းဆောင်ပိုင်းက ဇူလိုင်လဆန်းပိုင်းမှာ အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး လတ်တလော ရင်ဆိုင်ရတဲ့အခြေအနေအကြောင်း ဆွေးနွေးကြပါတယ်။
ဒီအတောအတွင်း သံဃာတွေကို လူသိထင်ရှား ဝေဖန်လေ့မရှိတဲ့ မြန်မာနိုင်ငံမှာ မဘသအဖွဲ့ မရှိသင့်တော့ဘူးလို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသူ အများအပြား ပေါ်ပေါက်နေပါပြီ။
အခြားတစ်ဖက်မှာတော့ မဘသအဖွဲ့ ဆက်လက်တည်ရှိရေးကို လိုလားကြောင်း ပြောဆိုသူတွေကိုလည်း အများအပြားတွေ့ရမှာပါ။
မဘသအဖွဲ့ထဲမှာ အထင်ရှားဆုံးဖြစ်တဲ့ ဦးဝီရသူက ဇူလိုင် ၁၃ ရက်နေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။
“အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့ မလိုအပ်ကြောင်း ပြောဆိုလာခြင်းသည် အာဏာရပါတီနှင့် နိုင်ငံတော်အစိုးရ၏ သဘောထားဖြစ်မှန်း သိသာထင်ရှားသည်” လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မဘသအဖွဲ့ကို မည်သည့်အခါကမျှ အသိအမှတ်မပြုခဲ့ဘူးဆိုတဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ ကြေညာချက်ထွက်ပေါ်လာပြီး နောက်တစ်နေ့မှာ ဦးဝီရသူက အဲဒီလို တုံ့ပြန်လိုက်တာပါ။ သာသနာရေးဝန်ကြီးဌာနရဲ့ “အစိတ်အပိုင်းတစ်ခု” ဖြစ်တဲ့ သံဃမဟာနာယကအဖွဲ့ရဲ့ ကြေညာချက်ကြောင့် ဘုရားသားတော် ညီနောင်အချင်းချင်း စိတ်ဝမ်းကွဲစရာ အကြောင်းမရှိဘူး လို့လည်း ဦးဝီရသူက တုံ့ပြန်ပါတယ်။
မဘသအဖွဲ့ ရှိသင့်ကြောင်း ထုတ်ဖော်ပြောကြားသူများထဲမှာ ထင်ရှားကျော်ကြားတဲ့သူ အရေအတွက် နည်းပါးပါတယ်။ ယခင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က မဘသအဖွဲ့ရှိသင့်တယ်လို့ သဘောထားပေးသူပါ။
“ဗုဒ္ဓဘာသာမှာသာမက ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူ ဘာသာတွေမှာလည်း အဲဒီလို အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ မဘသတစ်ခုတည်းကို ရွေးထုတ်ပြီး ပြောဖို့ မသင့်ဘူး” လို့ ဝန်ကြီးဟောင်းက သူ့ရဲ့ Facebook စာမျက်နှာမှာ ဇူလိုင်လ ၇ ရက်နေ့က ရေးလိုက်ပါတယ်။
မဘသအဖွဲ့အစည်းနဲ့ အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်တစ်ဦးချင်းကြားမှာ ခွဲခြားမြင်နိုင်ဖို့ လိုတယ်၊ ပြီးခဲ့တဲ့ မဘသညီလာခံမှာ ဆွေးနွေးချက်များ၊ မိန့်ခွန်းများကို လေ့လာရင် မဘသဟာ ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းမဟုတ်ဘူးဆိုတာ တွေ့နိုင်ပါတယ်လို့ ဝန်ကြီးဟောင်းက ဆိုပါတယ်။
မဘသကို ဝေဖန်ပြောဆိုမှု၊ ကာကွယ်ပြောဆိုမှုတွေ အပြန်အလှန်ရှိနေချိန် မဘသဗဟိုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဦးသောပါကက “မဘသမှာက ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေ ရှိတယ်။ ကိုယ့်ရည်ရွယ်ချက်အတိုင်း၊ ကိုယ်လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ဆက်လက် ဖော်ဆောင်သွားမှာပါ” လို့ သတင်းထောက်တွေကို မိန့်ပါတယ်။
ပြည်ပရောက် သံဃာတို့အပေါ် သက်ရောက်မှုတချို့
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဘသအဖွဲ့ ဦးဆောင်ဆရာတော်တချို့က ပြည်ခိုင်ဖြိုးပါတီဘက်ယိမ်းတဲ့အသံတွေ ထင်ထင်ရှားရှားပြသတဲ့နည်းနဲ့ မဲဆွယ်ပေးခဲ့ကြတယ်လို့ ၂ဝဝရ ရွှေဝါရောင်သံဃအရေးအခင်းမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာတော်တစ်ပါးဖြစ်တဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့၊ နောက်ပတုတ်ကျေးရွာ ဝိမုတိသုခဝိဟာရ ကျောင်းတိုက်ဆရာတော် ဦးဣဿရိယက ဝေဖန်လိုက်ပါတယ်။
“အမျိုးကို စောင့်ရှောက်ဖို့ဆိုပြီး ခေါင်းစီးတပ်ထားပေမယ့် တစ်ချိန်လုံး သမ္မတဟောင်းဦးသိန်းစိန်တို့ဘက်ကို ထောက်ခံခဲ့တယ်။ မှားတာတွေကို ထောက်ပြဝေဖန်တာတွေ မလုပ်ခဲ့ဘူး။ NLD ကို တိုက်ခိုက်ပြီး အမုန်းတရားတွေ၊ အစွန်းရောက်တရားတွေ ဟောခဲ့ကြတယ်” လို့ ဆရာတော်က ဝေဖန်ပါတယ်။
မဘသအဖွဲ့မှာထင်ရှားတဲ့ ဆရာတော်ဦးဝီရသူဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူ မစ္စရန်ဟီးလီကို သူ့ရဲ့ ၂ဝ၁၅ ဇန်နဝါရီလ မြန်မာပြည်ခရီးစဉ်အတွင်း လူသိထင်ရှား ဆဲရေးတိုင်းထွာတာခြင်းဖြင့် ဝိနည်းနဲ့ မညီတဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့ပေမဲ့ အဖွဲ့က အရေးယူခြင်းမပြုခဲ့ဘူး၊ မဘသအဖွဲ့က ဦးစီးထုတ်ဝေတဲ့ စာစောင်တွေမှာ သူ့လုပ်ရပ်မှန်ကန်လို့ ထောက်ခံတယ်ဆိုပြီး ရေးသားခဲ့ကြောင်း ဆရာတော်က ဆက်မိန့်ပါတယ်။
“မဘသအဖွဲ့ ပေါ်လာပြီးနောက်မှာ လူတွေ၊ သံဃာတွေ စိတ်ဝမ်းတွေ ကွဲတယ်၊ မညီမညွတ်တွေ ဖြစ်လာတယ်။ အမျိုးကို စောင့်ရှောက်ပုံက လွဲမှားပြီး ဖျက်ဆီးသလိုကို ဖြစ်နေတာ” လို့ ဆရာတော်က မှတ်ချက်ပြုပါတယ်။
မြန်မာပြည် ဒေသအများအပြားမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားတာကို ကမ္ဘာက သိရှိနေပြီး မဘသအဖွဲ့ရဲ့ လှုပ်ရှားမှုဟာ ပြည်ပရောက် သံဃာတွေ သီတင်းသုံးမှု၊ သာသနာပြုမှုကို ထိခိုက်စေတယ်လို့လည်း ဥရောပကို ၂ ကြိမ်သွားရောက်၊ ထိုင်းနိုင်ငံမှာ ၈ နှစ်ကြာ သီတင်းသုံးခဲ့ဖူးတဲ့ ဆရာတော်က မိန့်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ဒိန်းမတ်နိုင်ငံမှာ ရှိနေစဉ် အစ္စလာမ်ဘာသာဝင်တချို့က သူ့ကို နှောင့်ယှက်ခဲ့တယ်လို့ ဆိုပါတယ်။
“ဘယ်နိုင်ငံကလာတာလဲလို့ မေးတယ်။ မြန်မာကလို့ပြောရော မင်းတို့နိုင်ငံက ငါတို့ဘာသာဝင်တွေကို နှိပ်စက်နေတဲ့နိုင်ငံ၊ မင်းတို့ဘာသာက ငါတို့ဘာသာကို ဖိနှိပ်နေတဲ့ဘာသာဆိုပြီး နောက်ကနေ တကောက်ကောက်လိုက် ပြောဆိုနေတာ” လို့ ဆရာတော်က မိန့်ပါတယ်။
“မဘသပေါ်လာပြီးမှ ဒီလိုဖြစ်ရပ်တွေ ဖြစ်ပေါ်လာရတာလို့ အဲ့ဒီဥရောပမှာရှိတဲ့ ကိုယ့်မိတ်ဆွေတွေကလည်း ပြောကြတယ်”
သူ့မိတ်ဆွေတွေ ဖြစ်တဲ့ ပြင်သစ်ရောက် ဦးကုမာရ၊ ဆွီဒင်ရောက် ဦးသောမနတို့လည်း အစ္စလာမ်ဘာသာဝင်တွေရဲ့ နှောင့်ယှက်ခြင်းကို ခံခဲ့ရတယ်လို့ ဆရာတော်က မိန့်ပါတယ်။
လူသားတိုင်းကို မေတ္တာထားပြီး ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ဆောင်ရွက်ရေးက သံဃာတော်တွေရဲ့ တာဝန်ဖြစ်တာကြောင့် ဘာသာမတူသူကို ပစ်မှတ်ထားတဲ့ မဘသရဲ့ လုပ်ငန်းစဉ်တွေဟာ ဗုဒ္ဓလမ်းစဉ်ကို ဖျက်ဆီးသလိုဖြစ်စေတယ်လို့ မန္တလေးမြို့၊ မဟာဝိဇိတာရာမ ကျောင်းတိုက်က ဆရာတော် ဦးစိန္တိတက မိန့်ကြားပါတယ်။
“သာသနာအကျိုး ယှဉ်တွဲဆောင်ရွက်ရာကနေ သံဃာထုကြားမှာ ထောက်ခံတဲ့အုပ်စုနဲ့ မထောက်ခံတဲ့အုပ်စု ဆိုပြီး သူ့ဘက်ကိုယ့်ဘက် အပြစ်တွေ အပြန်အလှန်ပြောနေကြရတဲ့အဆင့်ကို ရောက်နေပြီ” လို့ ဆရာတော် ဦးစိန္တိတက မိန့်ကြားပါတယ်။
သူက လွန်ခဲ့တဲ့ ၄ လကျော်က မဘသ ဦးဆောင်ဆရာတော်ဖြစ်တဲ့ ဦးဝီရသူကို ဝေဖန်ခဲ့ပါသေးတယ်။ ဦးဝီရသူကို ထောက်ခံသူတချို့က သူ့ကို ဖုန်းဆက်ပြီး သတ်ဖြတ်မယ်၊ ဓားနဲ့ ခုတ်မယ် ဆိုပြီး ခြိမ်းခြောက်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
ပြီးခဲ့တဲ့လကလည်း ညပိုင်း မဟာမြတ်မုနိဘုရားက အပြန်မှာ နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်တိုက်ခံရပေမဲ့ ဘာကြောင့်တိုက်တယ်၊ ဆိုင်ကယ်သမား ဘယ်သူဆိုတာတွေကို အခုထိ မသိရဘူးလို့ ဆရာတော်က မိန့်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီနဲ့ဆက်ဆံရေး
မဘသအဖွဲ့ဟာ ပြီးခဲ့တဲ့ ပြည်ခိုင်ဖြိုးအားကောင်းတဲ့ လွှတ်တော်၊ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာတုန်းက မျိုးစောင့်ဥပဒေ ၄ ခု ပေါ်ပေါက်လာအောင် လှုံ့ဆော်နိုင်ခဲ့ပါတယ်။
မဘသအဖွဲ့ဟာ ယခင် စစ်အာဏာရှင်တွေဘက်ကို ယိမ်းခဲ့တာ မှားတယ်လို့ ၂ဝဝရ ရွေဝါရောင် သံဃာ့အရေးအခင်း ဦးဆောင်သံဃာ တစ်ပါးဖြစ်တဲ့ ရန်ကုန်မြို့ ရွှေသိမ်ကျောင်းတိုက် ဆရာတော် ဦးသန္တာသီရိက မိန့်ပါတယ်။
“သံဃာ့အဖွဲ့အစည်းဟာ မြန်မာနိုင်ငံကို ထေရဝါဒသာသနာ ရောက်လာခဲ့တဲ့ အချိန်ကစပြီး ဒီနေ့ဒီအချိန်လို သံဃာ သင်းကွဲတာတွေ၊ သံဃာဂိုဏ်းကွဲတာတွေ တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး။
ဒါကြောင့် မဘသရဲ့ လုပ်ရပ်တွေဟာ ဝိနည်းတော်နဲ့ မညီညွတ်ပါဘူး။ သံဃာထု မလိုလားတဲ့ ကိစ္စတွေကို ရပ်တန့်သင့်ပါတယ်” လို့ သူက တိုက်တွန်း မိန့်ကြားလိုက်ပါတယ်။
မဘသ အထွေထွေအတွင်းရေးမှူး ဦးဝိမလဗုဒ္ဓိကတော့ သူတို့အဖွဲ့ဟာ ပြည်ခိုင်ဖြိုးပါတီနဲ့ အပေးအယူ ရှိခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်တွေ၊ စွပ်စွဲချက်တွေကို ပယ်ချပါတယ်။
စစ်ခေါင်းဆောင်ဟောင်းတွေ ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ အသုံးချခံဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ယူဆချက်တွေဟာလည်း ယုတ္တိမရှိဘူး၊ မဘသ ဥက္ကဋ္ဌဆရာတော် ဦးတိလောကာဘိဝံသဟာ စစ်အာဏာရှင်ခေတ်က အကျဉ်းကျခံခဲ့ရဖူးတယ် ဆိုတဲ့ အချက်ကို သူက ထောက်ပြပါတယ်။
“ဒါပေမဲ့ မျိုးစောင့်ဥပဒေကို လျှောက်ထားရတော့မယ် ဆိုတော့ (ဦးသိန်းစိန်ဦးဆောင်တဲ့) အစိုးရဆီမှာ လျှောက်ထားရတာလေ။ အဲဒီတော့ အစိုးရနဲ့ပဲ ပူးပေါင်းပြီး လုပ်ရတာပေါ့” လို့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြစေတီကျောင်းတိုက်ဆရာတော် ဦးဝိမလဗုဒ္ဓိက မိန့်ပါတယ်။
မဘသအဖွဲ့ ဆက်ရှိနေသင့်တယ်၊ မရှိသင့်တော့ဘူးဆိုတဲ့ အငြင်းပွားမှုတွေ ပြင်းထန်နေတဲ့ အချိန်မှာပဲ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က ရန်ကုန်မှာ အစည်းအဝေး ပြုလုပ်နေပါတယ်။
ဇူလိုင် ၁၃ ရက်နေ့မှာ အစည်းအဝေးတက်ရောက်တဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ကြည်ညိုလေးစားဖွယ်ရာ ထေရ်ကြီးဝါကြီး သံဃာတော် အများအပြား ပါဝင်တဲ့ မဘသအဖွဲ့ဟာ ဒီမိုကရေစီကို နောက်ပြန်သွားလိုတဲ့ လူပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့ရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးချခြင်း မခံရဘူးဆိုရင် ရေရှည်ရပ်တည် နိုင်မယ်လို့ ယုံကြည်ကြောင်း သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ ။