စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

မူးယစ်နွံထဲ ရောက်နေတဲ့ မြို့ကလေး

ကလေး — မိုးသဲသဲမဲမဲရွာနေသော ဇူလိုင်ညနေခင်းတစ်ခုတွင် ကိုစည်သူဝင်းက ဘိန်းဖြူကို သွေးကြောထဲထိုးပြီး လက်တည့်စမ်းကြည့်သည်။

လက်တည့်စမ်းသပ်မှုက မူးယစ်နွံသို့ ပထမခြေလှမ်းဖြစ်လာလိမ့်မည်ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ကြီးပြင်းလာသော၊ ထိုအချိန်က ဆယ်တန်းတက်နေသော ကိုစည်သူဝင်း မတွေးမိခဲ့ပေ။

“ကျွန်တော်တို့ဒေသမှာ မူးယစ်ဆေးကို ဘီယာတစ်ခွက်တန်ဖိုးထက်နည်းတဲ့ ငွေကြေးပမာဏနဲ့ အလွယ်တကူ ဝယ်ယူသုံးစွဲလို့ ရပါတယ်” ဟု ကြုံလှီပြီး နာမကျန်းဖြစ်နေသူ၊ ၂၆နှစ်အရွယ် ကိုစည်သူဝင်းက ပြောသည်။

ကလေးမြို့နှင့်ဝန်းကျင်တွင် ကိုစည်သူဝင်းကဲ့သို့ ဆေးစွဲသူ ထုနှင့်ထည်နှင့်ရှိသကဲ့သို့ ရောင်းဝယ် ဖောက်ကားသူလည်း များပြားလွန်းသောကြောင့် မူးယစ်ဆေး၏ ဝါးမြိုမှုကို အကြီးအကျယ်ခံနေရသောမြို့ ဖြစ်လာသည်ဟု ဒေသခံတို့က ပြောသည်။

မူးယစ်ဆေး ရောင်းဝယ်မှုဖြင့် အကျဉ်းထောင်အတွင်း သုံးနှစ်နေခဲ့ရပြီး ယခင်လက ပြန်လည် လွတ်မြောက်လာသူ ၃၆ နှစ်အရွယ် ကိုထွန်းထွန်းကလည်း “ကလေးမြို့က မူးယစ်ဆေး သုံးစွဲတဲ့ လူစာရင်းကို ရေးပြရမယ်ဆိုရင် ဗလာစာအုပ် တစ်အုပ်သာ ကုန်သွားမယ်၊ စာရင်းကတော့ ပြည့်မှာ မဟုတ်ဘူး” ဟု ကလေးမြို့ရှိ သူ၏နေအိမ်သို့ ရောက်သွားသော Myanmar Now သတင်းထောက်တို့ကို ပြောပြသည်။

မူးယစ်နွံထဲမှ ထွက်လိုသူတို့ကို အာဏာပိုင်တို့ အကူအညီပေးမှုများထဲတွင် ဘိန်းဖြတ်လျှင်ရလာမည့် ဝေဒနာ သက်သာစေသည့် မက်သဒုန်းဆေး ထောက်ပံ့ခြင်းလည်း ပါဝင်သည်။
ကလေးမြို့နယ်ဆေးရုံတွင် မက်သဒုံး လာရောက်ထုတ်ယူသူ နေ့စဉ် ၂ဝဝ ခန့် ရှိနေကြောင်း၊ ပြီးခဲ့သည့် ၃ နှစ်အတွင်း ထိုဆေး အစားထိုး သုံးစွဲပြီး ကုသမှု ခံယူသူ ၇၅၉ ဦး ရှိကြောင်း ထိုဆေးရုံမှ ဒေါက်တာထက်မြတ်စိုးက ပြောသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ကမူ ကလေးမြို့တွင် မူးယစ်ဆေး သွေးကြောထဲ ထည့်ပြီး သုံးစွဲနေသူ ၁,၂ဝဝ ဝန်းကျင် ရှိမည်ဟု ခန့်မှန်းထားသည်။

ကလေးမြို့သည် မူးယစ်ဆေးစီးဆင်းရာလမ်းကြောင်း ဖြစ်သည့် အိန္ဒိယ-မြန်မာ နယ်စပ်နှင့် ကီလိုမီတာ ၈ဝ ခန့်သာ ကွာဝေးခြင်း၊ ဒေသတွင်း မြင့်မားသည့် တောင်တန်းများ၊ လုပ်ငန်းအသုံးစရိတ် နည်းပါးမှုတို့က ရဲတပ်ဖွဲ့၏ မူးယစ်ဆေး နှိမ််နင်း တိုက်ဖျက်ရေး လုပ်ငန်းများကို အဟန့်အတား ဖြစ်စေသည်ဟု အာဏာပိုင်တို့က ဆိုသည်။

ဘိုးဘိုးအောင် ဝလုံးများ

စီမံချက်တစ်ရပ်အနေဖြင့် အဖမ်းအဆီးများပြုလုပ်သောအခါ သာမန်သုံးစွဲသူများ၊ ရောင်းလက် အငယ်စားများပါ ဖမ်းဆီးခံရတတ်ကြောင်း UNODC ရုံးမှ HIV ရောဂါကာကွယ်ရေး နှင့် ကုသရေး မြန်မာနိုင်ငံတာဝန်ခံ ဒေါက်တာဝင်းမာက ပြောသည်။

မြန်မာ အပါအဝင် နိုင်ငံအများအပြားက မူးယစ်ဆေး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ကြသည့် ဇွန် ၂၆ ရက်နေ့က ကလေးမြို့တွင် ၃ ဦး အနည်းဆုံး ဖမ်းဆီးခံရသည်။

ထိုနေ့က အိန္ဒိယနယ်စပ် တမူးမြို့သို့သွားရာလမ်းရှိ ရွာတစ်ရွာအနီးတွင် ကလေးမြို့နယ် ရဲစခန်းမှ နယ်ထိန်း ဒုရဲအုပ် ဘိုဘိုဝင်းထွဋ်က ရဲတပ်ဖွဲ့ဝင်တချို့၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်တို့နှင့်အတူ ကင်းပုန်းဝပ်ခဲ့သည်။

နှစ်နာရီနီးပါး စောင့်ဆိုင်းပြီး မှောင်စပျိုးတော့မည့်အချိန်တွင် လူလတ်ပိုင်းအမျိုးသားတစ်ဦး၊ လူငယ်တစ်ဦးတို့ ရွှံ့ပေနေသည့် ဆိုင်ကယ်ဖြင့် ဖြတ်သန်းလာရာ ပစ္စတိုတစ်လက် ခါးကြားထိုးထားသော နယ်ထိန်းဒုရဲအုပ်က မြက်ရှည်ပင်ချုံထဲမှ လွှားခနဲခုန်ထွက်ပြီး ဆိုင်ကယ်ကို တားဆီးလိုက်သည်။

အနီးတွင် ပုန်းခိုနေသူများလည်း ဝိုင်းလာပြီး ဆိုင်ကယ်စီးသမားနှစ်ဦးကို လက်နောက်ပြန်ချုပ်ကာ လက်ထိတ်ခတ်လိုက်ကြသည်။ ဆိုင်ကယ်မောင်းလာသူ၏ ပုဆိုးခါးပုံစထဲတွင် ဘိန်းဖြူဟု ယူဆရသည့် အမှုန့် ထည့်ထားသည့် ဖန်ပုလင်း၊ စိတ်ကြွဆေးဟုယူဆရသည့် အဝါရောင်အလုံးတချို့ ပါရှိသောကော်ဘူးငယ်တို့ကို တွေ့ရသည်။

ထိုပစ္စည်းများကို မြို့မြောက်ဘက် အနောက်ခုံသာကျေးရွာရှိ ကိုမောင်မောင်ဦးဆိုသူထံမှ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုသဖြင့် ရဲတပ်ဖွဲ့ဝင်တို့က မူးယစ်ဆေး ကိုယ်တိုင်ရောင်း၊ ကိုယ်တိုင်လည်းသုံးသော “ရောင်းသုံး”များ အုံနှင့်ကျင်းနှင့် နေထိုင်သည်ဟု ဒေသခံတို့ကပြောသည့် ထိုရွာသို့ ဆိုင်ကယ်များဖြင့် ညတွင်းချင်း သွားရောက်ကြသည်။

မိုးရွာထားသဖြင့် ရွှံ့အတိပြီးနေသော ရွာလမ်းအသွယ်သွယ်ကို အမှောင်ထဲတွင် ဆိုင်ကယ်များဖြင့် စမ်းတဝါးဝါး ဖြတ်သန်းအပြီး ည ၈ နာရီတွင် မူးယစ်ဆေးရောင်းသည်ဟုယူဆရသူ၏ တဲအိမ်အနီးအနားသို့ ရောက်ရှိသွားသည်။ အိမ်ထဲတွင် ကိုမောင်မောင်ဦး ရှိနေသည်။ သို့သော်လည်း သူ့အိမ်တွင် မည်သည့်မူးယစ်ဆေးမှ ရှာမတွေ့။

“ဟိတ်ကောင် … မောင်မောင်ဦး၊ မင်း နာမည်ကြီးပဲ။ မင်း ရှိရင်ထုတ်ပေး၊ ရှာမှ တွေ့ရင်တော့ သေပြီသာမှတ်တော့” ဟု ရဲတပ်ကြပ်ကြီးတစ်ဦးက ကိုမောင်မောင်ဦးကို လက်ထိတ်ခတ်ရင်းပြောသည်။

ကိုမောင်မောင်ဦးက မူးယစ်ဆေးရောင်းဝယ်မှုကို လုပ်ကိုင်ခြင်း မရှိတော့ကြောင်း၊ ဆေးစွဲနေသည်ကိုလည်း ဖြတ်ရန် ကြိုးပမ်းနေကြောင်း ပြန်လည်တုံ့ပြန်ပြီး ဆေးမှတ်တမ်းယူကြည့်နိုင်သည်ဟု သက်သေထူလိုက်သည်။

ကလေးတွင် ယခုနှစ် ပထမ ၆ လ အတွင်း မူးယစ်ဆေးဖမ်းဆီးမှု အကြိမ် ၈ဝ ခန့် ရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဒေသတွင်း မူးယစ်ဆေး သုံးစွဲ၊ အရောင်းအဝယ်လုပ်သူ အရေအတွက် ပွားများလာပုံသည် မြန်မာပြည်သား တချို့ ကိုးကွယ်သည့် ထွက်ရပ်ပေါက် ပုဂ္ဂိုလ် ဘိုးဘိုးအောင်၏ ဝလုံးများနှင့် ဆင်တူသည်ဟု ဒုရဲအုပ် ဘိုဘိုဝင်းထွဋ်က ဆိုသည်။

“ဘိုးဘိုးအောင် ဝလုံးဖျက်နေရသလိုပဲ။ တစ်လုံးဖျက်ရင် ဆယ်လုံးပေါ်နေသလိုဖြစ်နေတယ်” ဟု ဒုရဲအုပ်က ပြောသည်။

တစ်ရွာမပြောင်းလူကောင်းမဖြစ်

Myanmar Now က ရရှိထားသော အစိုးရ မှတ်တမ်းများအရ ၂ဝ၁၁ မှ ၂ဝ၁၅ အတွင်း မူးယစ်ဆေးနှင့် ပတ်သက်၍ ၃၅,၄၈၁ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။ ထိုသူတို့အနက် ၅,၂ဝဝ မှာ အမျိုးသမီးများဖြစ်သည်။

မူးယစ်ဆေးတိုက်ဖျက်ရေး လုပ်ဆောင်နေသည့် ရန်ကုန် UNODC ရုံးမှ ဒေါက်တာဝင်းမာက မူးယစ်ဆေးသုံးသူတို့ကို ဖမ်းဆီးထောင်ချခြင်းအစား ဆေးဖြတ်စခန်းများသို့ ပို့ဆောင်ပေးခြင်း၊ ပညာပေး ဟောပြောခြင်းများ ပိုမိုပြုလုပ်နေပြီဖြစ်ကြောင်း ပြောသည်။

ကလေးမြို့တွင် ပြည်သူ့ဆေးရုံနှင့် ဆက်သွယ်ပြီး မူးယစ်ဆေးဖြတ်ရန် ကြိုးစားကြသကဲ့သို့ AHRN ဟု ခေါ်ကြသည့် အာရှဒေသဆိုင်ရာ မူးယစ်ဆေးနှင့် ဆက်နွှယ်သော အန္တရာယ်လျော့ပါးရေးအဖွဲ့ (မြန်မာ) ၏ ဆေးခန်းသို့ သွားရောက်သူများလည်း ရှိသည်။

ဆယ်တန်းကျောင်းသားဘဝမှ ဆေးစွဲခဲ့သော ကိုစည်သူဝင်းသည် ယမန်နှစ်က စတင်ပြီး ဆေးဖြတ်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိသေးဘဲ အကြိမ် ၂ဝ ထက်မနည်း ဆေးပြန်သုံးမိနေသောကြောင့် မူးယစ်ဆေးပေါများသည့်ဒေသတွင် မနေဘဲ နေပြည်တော်ရှိ သူ့အစ်ကိုထံတွင် ပြောင်းရွှေ့နေထိုင်မည်ဟု ဆိုသည်။

ကလေးမြို့တွင် မကြာသေးမီက တွေ့ခဲ့ရသည့် ၃၅ နှစ်အရွယ် ကိုကြည်ရအောင်သည် မူးယစ်ဆေးကို ကာလအတန်ကြာ သုံးစွဲခဲ့သူဖြစ်သည်။

“ဒီမှာက ပစ္စည်းပေါတော့ မူးယစ်ဆေးဖြတ်မယ်ဆိုရင်တော့ ဒီမြို့ကထွက်ပြီး ပတ်ဝန်းကျင်အသစ်ကို အမြန်ရှာမှဖြစ်မယ်ဆိုပြီး ကျွန်တော် စိတ်ကူးရခဲ့တယ်” ဟု ဒေသခံ ပရဟိတသမား ကိုကြည်ရအောင်က ရှင်းပြသည်။

ကိုကြည်ရအောင်က ပတ်ဝန်းကျင်အသစ် ရန်ကုန်သို့ ယာယီပြောင်းရွှေ့ နေထိုင်ခဲ့သည်။

“မြို့ပြန်ရောက်တော့လည်း လူတွေက ဘိန်းစားဆိုပြီး မယုံကြည်ကြဘူးဗျာ။ ပရဟိတအလုပ်တွေ အချိန်အကြာကြီး လုပ်ပြီးတော့မှ ခုလိုအခြေအနေမျိုးကို ပြန်ရတာပါ” ဟု ကိုကြည်ရအောင်က ရှင်းပြသည်။

ဆင်းရဲမှုနှင့် ခြစားမှု

UNODC ၏ ၂ဝ၁၅ ကိန်းဂဏန်းများအရ မြန်မာပြည်သည် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာတွင် ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံ ဖြစ်နေသည်။

ဘိန်းမည်း စိုက်ပျိုးထုတ်လုပ်မှုကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် အဓိကတွေ့ရပြီး ချင်းတောင်တန်းတွင်လည်း စိုက်ပျိုးမှု ရှိနေသည်။

ချင်းတောင်တန်းမှ ထွက်သော ဘိန်းမည်း၏ အနီးဆုံးစျေးကွက်မှာလည်း ကလေးမြို့ ဖြစ်နေကြောင်း ဒေသအရေး လှုပ်ရှားဆောင်ရွက်နေသော ချင်းတိုင်းရင်းသူ မလားရမ်ထန်းက ဆိုသည်။

စိတ်ကြွဆေးပြားပြုလုပ်ရာတွင် အသုံးပြုသည့် ဆူဒိုအက်ဖီဒရင်း ဆေးမှုန့်သည်လည်း အိန္ဒိယ မြန်မာ နယ်စပ်ဘက်မှ ဝင်နေပြီး ဆေးမှုန့်သယ်ဆောင်ရေးလုပ်ငန်းတွင် ပါဝင်သူ အများစုသည် ဆင်းရဲတွင်းနက်သော ချင်းပြည်နယ်မှ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ရာဇဝတ်မှု မကင်းသော ဆေးမှုန့်သယ်သည့် အလုပ်သည် ငွေရလွယ်ပြီး အရင်းအနှီး မလိုအပ်ဟု ဒေသခံတချို့က ပြောသည်။

မြို့ပေါ်ရှိ ချင်းတိုင်းရင်းသားအများအပြားနေထိုင်ရာ တာဟန်း၊ ပင်လုံ ရပ်ကွက်တို့သည် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသည့်နေရာများတွင် ပါဝင်သည်။

တာဟန်းဒေသခံ ၃၈ နှစ် အရွယ် ကိုထန်းက ဆေးမှုန့်သယ်ဆောင်ရာမှ အဖမ်းခံရပြီး အကျဉ်းထောင်တွင် နှစ်အနည်းငယ် နေထိုင်ခဲ့ဖူးသူဖြစ်သည်။

“အဲဒီပစ္စည်းတွေကို ဘယ်အိမ်မှာစု ဆိုပြီးတော့ ကျွန်တော်တို့အထက်ကလူက ညွှန်ကြားတယ်။ ပြီးတော့မှ အဲဒါတွေကို စုစည်းပြီး သူက မန္တလေးကို သယ်တယ်” ဟု ချင်းတိုင်းရင်းသား ကိုထန်းက ပြောပြသည်။

ကလေးမြို့ အကျဉ်းထောင်၊ ရဲဘက်စခန်းတို့ရှိ အကျဉ်းသား ၆ဝ ရာခိုင်နှုန်းမှာ မူးယစ်မှုနှင့် ဆက်စပ်နေကြောင်း သူက ဆက်ပြောသည်။

ဒေသတွင်း မူးယစ်ဆေး ရောင်းလက်အငယ်စားများသာ ဖမ်းဆီးရမိပြီး အကြီးအကျယ် ဖြန့်နေသူတို့ လွတ်မြောက်နေခြင်းမှာ ရဲတပ်ဖွဲ့တွင်း ခြစားနေခြင်းကြောင့်ဖြစ်မည်ဟု ကလေးမြို့ခံတချို့က သံသယ ရှိနေကြသည်။

ကလေးခရိုင်၊ ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး တင်ဇော်ထွန်းက ခရိုင်အတွင်း ရဲတပ်ဖွဲ့ဝင်များ သန့်ရှင်းနေပြီဟု ဆိုသည်။

၂ဝ၁၃ ခုနှစ်တွင် ရဲဌာနချုပ်မှ အရာရှိများ လာရောက် စစ်ဆေးပြီးနောက် ဤဒေသမှ ရဲအများအပြား တာဝန်မှ ရပ်ဆိုင်းခံရခြင်း၊ ထောင်ဒဏ် ချမှတ်ခံရခြင်းတို့နှင့် ရင်ဆိုင်ခဲ့ရသည်ဟု ပြောသည်။

“အဲဒီတုန်းကတည်းက မူးယစ်ဆေးနဲ့ပတ်သက်တဲ့ တပ်ဖွဲ့ဝင်၊ အရာရှိ တော်တော်များများကိုလည်း ပြောင်းရွှေ့လိုက်ပြီဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုး လုံးဝမရှိတော့ပါဘူး” ဟု ဒုရဲမှူးကြီးက ရှင်းပြသည်။

မူးယစ်ရာဇာတို့ကို ခြေရာခံနိုင်ခြင်းမရှိသေးဟူသော အချက်မှာ ယုံရခက်ကြောင်း ကလေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူက ယူဆသည်။

“တကယ် မသိတာလား၊ သိပြီးတော့ မလုပ်နိုင်တာလားပေါ့။ လျှို့ဝှက်ချက်တော့ အများကြီး ရှိနိုင်ပါတယ်” ဟု ချင်းတိုင်းရင်းသူ ဒေါ်အေးအေးမူက ပြောသည်။ ။

Show More

Related Articles

Back to top button