စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

မွန်ပြည်နယ်ကို အန္တရာယ်ပေးနေသည့် ကျောက်မိုင်းလုပ်ငန်း

ပေါင် – မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုန်းတစ်ပင်ကျေးရွာအုပ်စုမှ ဒေသခံတို့ ကွမ်းခြံ၊ ရော်ဘာခြံတို့တွင် လုပ်ငန်းခွင်ဝင်နေစဉ် ကုလားမတောင်ဘက်မှ အမြောက်သံ၊ မိုးခြိမ်းသံလို အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ကျောက်မိုင်းလုပ်ငန်းခွင် ဖောက်ခွဲသံများနောက်တွင် ကျောက်ကြိတ်ခွဲသံတို့က အဆက်မပြတ် ပေါ်ထွက်နေသည်။

ရာဘာပင် တစ်ထောင်ကျော် စိုက်ပျိုးထားသူ ဦးဉာဏ်ဌေးက ဖောက်ခွဲမှုများ နေ့စဉ် ဖြစ်ပေါ်နေသော ထိုဒေသသို့ ကုမ္ပဏီအများအပြားက ကျောက်မိုင်းလုပ်ငန်းလုပ်ကိုင်ရန် ဆက်လက်ရောက်ရှိနေကြောင်း၊ သူ၏ ခြံဘေးတွင်လည်း ရာမည ကျောက်မိုင်းကုမ္ပဏီက လုပ်ငန်း လုပ်ကိုင်နေသဖြင့် သူ၏ဝင်ငွေ ထိခိုက်လာကြောင်း ရှင်းပြသည်။

“ အရင်နှစ်တွေက နှစ်ချုပ်စာရင်း လုပ်လိုက်ရင် သိန်း ၆ဝ လောက် ဝင်ငွေရှိတယ်။ ဒီနှစ်တွေမှာတော့ သိန်း ၃ဝ ပဲ ဝင်ငွေရှိတော့တယ်” ဟု ဦးဉာဏ်ဌေးက ပြောသည်။

၂ဝ၁၁မှစ၍ အများအပြားပေါ်ပေါက်လာသော ကျောက်မိုင်းကုမ္ပဏီတို့က ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို ဂရုမစိုက်ကြဘဲ ကျောက်ထုတ်လုပ်ရေးလုပ်ငန်း အကြီးအကျယ် လုပ်ကိုင်လာကြသည်ဟု ဒေသခံ မွန်၊ ကရင်နှင့် ပအိုဝ်း တိုင်းရင်းသားတို့က ပြောသည်။

ကျောက်ထုတ်လုပ်ငန်းကြောင့် စေတီ၊ လူနေအိမ် အဆောက်အအုံများ ထိခိုက်ပျက်စီးရသည်၊ လေထုညစ်ညမ်း၊ ရေအရင်းအမြစ် ဆုံးရှုံးကြရသည်ဟု သူတို့က ဆိုသည်။

ကျေးရွာဝန်းကျင် မျှစ်ချိုး၊ ထင်းကောက်သည့်နေရာအနီး ကျောက်မိုင်းလုပ်ငန်း ခြံခတ်မှုကြောင့် သွားလာမှု အကန့်အသတ် ဖြစ်လာပြီး ဒေသခံတချို့ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

(ဓာတ်ပုံ – ဖြိုးသီဟချို / Myanmar Now)

ရေအရင်းအမြစ်ဆုံးရှုံးမှု

ကျောက်မိုင်းလုပ်ငန်းခွင်ဖောက်ခွဲမှုနောက်ဆက်တွဲ တုန်ခါမှုကြောင့် ရေကြောင်းပြောင်းလဲမှု ဖြစ်ပေါ်လာပြီး ယခုနှစ်တွင် ရေချို သိသိသာသာ ရှားပါးသွားကြောင်း ရွာကလေးကျေးရွာတွင် နေထိုင်သည့် ဒေါ်ခင်လှချိုကပြောသည်။

“ ဒီနှစ်မှာတော့ ရွာကရေတွင်းတွေက ရေမထွက်တော့လို့ တွင်းတိုင်းလိုလို ထပ်တူးနေရတယ်” ဟု သူက ပြောသည်။

ရေတံခွန်ချောင်းအောက်ခြေရှိ ပအိုဝ်းစုကျေးရွာတွင် နေထိုင်သည့် ၅၅ နှစ်အရွယ် ပအိုဝ်းတိုင်းရင်းသား ဦးထိန်လင်းက သူ့လယ်ထဲသို့ ရေတံခွန်ချောင်းရေက သယ်ဆောင်လာသည့် စွန့်ပစ်မြေစာများ ရောက်လာသည်ဟု ဆိုသည်။

“ သူတို့မြေစာတွေကြောင့် လယ်တွေပျက်စီးခဲ့ရတယ်ဆိုပြီး အုပ်ချုပ်ရေးမှူးကိုတော့ သွားပြောတာပဲ၊ (အဆင်မပြေဘူး) သူတို့က အကြီးအကဲဆိုတော့ ဘယ်လို သွားလုပ်ရမလဲ” ဟု သူက စိတ်ပျက်လက်ပျက် ညည်းညူသည်။

ဒေသခံများကြားတွင် မကျေနပ်မှု ပိုမို ကြီးထွားလာနေသည်ကို တွေ့ရသည်။ ကျောက်မိုင်းလုပ်ငန်းကို ဆန့်ကျင်ကန့်ကွက်သည့် လက်မှတ်များ စုဆောင်းပြီး ပြည်နယ်ဝန်ကြီးချုပ်ရုံး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအဖွဲ့၊ သမ္မတရုံး စသည့် နေရာများသို့ ပေးပို့ထားသော်လည်း အရေးယူဆောင်ရွက်မှု မတွေ့ရသေးဟု ၎င်းတို့က ဆိုသည်။

ဇွန်လ ၅ ရက်နေ့က ဒေသတွင်း အထင်ကရ ကုလားမတောင်၏ အနောက်ဘက် အုတ္တံတားကျေးရွာရှိ Long Life ကုမ္ပဏီကို ဒေသခံ တောင်သူလယ်သမားများက ကျောက်မိုင်းလုပ်ငန်း ရပ်ဆိုင်းရန် ဆန္ဒပြကန့်ကွက်ကြသည်။

ကျောက်မိုင်းများ၏ ဖောက်ခွဲအား တုန်ခါမှု၊ မြေစာစွန့်ပစ်မှု၊ သစ်တောပြုန်းတီးမှုတို့ကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုဒဏ်ကို ယခုနှစ်ပိုင်းအတွင်း သိသိသာသာ ခံစားနေရသည်ဟု ရွာကလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေသောင်းက ပြောသည်။

“ပေ တစ်ရာလောက်အကျယ်ရှိတဲ့ ရေတံခွန်ချောင်းဟာ ကျောက်မိုင်းတွေရဲ့မြေစာပုံတွေကြောင့် အခုဆို ခြောက်ပေလောက်ပဲ အကျယ်အဝန်း ရှိပါတော့တယ်” ဟု ၅၅ နှစ် အရွယ် ကရင်တိုင်းရင်းသား ရာဘာစိုက်တောင်သူ ဦးရွှေသောင်းက ပြောသည်။

(ဓာတ်ပုံ – ဖြိုးသီဟချို / Myanmar Now)

ဒေသခံတို့၏ ကန့်ကွက်မှု

မွန်ပြည်နယ်တွင် မကြာသေးခင်နှစ်များအတွင်း ကျောက်မိုင်းလုပ်ငန်းခွင် အများအပြား ပေါ်ပေါက်လာပြီး ၂၂ ခုမှာ ပေါင်မြို့နယ်၊ ၄၈ ခုမှာ ကျိုက်ထိုမြို့နယ်တွင် တည်ရှိသည်ဟု နိုင်ငံတောင်ပိုင်း ကျောက်မိုင်းလုပ်ငန်းတို့၏ ဘေးထွက်ဆိုးကျိုးကို လေ့လာနေသော မွန်ပြည်နယ်လွှတ်တော်မှ NLD အမတ်တစ်ဦးဖြစ်သည့် ဦးအေးဇံက ပြောသည်။

ကျောက်မိုင်းလုပ်ငန်းခွင် မိုင်းဖောက်ကွဲမှုဒဏ်ကို ခံနေရသည့် ပေါင်မြို့နယ်၊ ကျုံကကျေးရွာအနီးတွင် ထွန်းတောက်စ၊ AZAMI, L.M Jwellery စသည့် ကုမ္ပဏီများက လုပ်ကိုင်လျက်ရှိသည်။

မကြာသေးခင်က ရွှေမြင့်မိုရ်ထွန်း အပါအဝင် ကုလားမတောင်ခြေရှိ ကျောက်ထုတ်လုပ်ရေးစခန်းများသို့ Myanmar Now သတင်းဌာနက သွားရောက် လေ့လာခဲ့သည်။

ရွှေမြင့်မိုရ်ထွန်း၏ လုပ်ကွက်မှာ ဧက ၅ဝ အကျယ်အဝန်း ရှိပြီး ထိုနေရာကို အစိုးရထံမှ နှစ် ၃ဝ စာချုပ်ဖြင့် ငှားရမ်းလုပ်ကိုင်နေခြင်းဖြစ်သည်။ ကျောက်တုံးကြီးများကို လမ်းခင်းကျောက် ကျောက်ခဲအရွယ်အစား ရရှိရန် ကြိတ်ခွဲနေသည့်အသံ ဆူညံစွာ ထွက်ပေါ်နေစဉ် ကျောက်သယ်မော်တော်ယာဉ်များက ဝင်ထွက်သွားလာနေကြသည်။ ကျောက်ထုတ်လုပ်ရေး အလုပ်သမားများကလည်း ပူပြင်းသည့် နေရောင်အောက်တွင် မရပ်မနား လုပ်ကိုင်နေကြသည်။

၂ဝ၁၅ တွင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းသို့ ကျောက်တန်ချိန် ၃,၄ဝဝ ခန့် တင်ပို့ခဲ့ကြောင်း၊ ယခုအခါ ရန်ကုန် သီလဝါဆိပ်ကိမ်းသို့ တင်ပို့နေကြောင်း ထိုကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးတင်အုန်းက ပြောသည်။

“သစ်ပင်စိုက်ပျိုးလို့ မသင့်တော်တဲ့ ကျောက်တောင်တွေမှာ ပြည်နယ်နဲ့ပြည်ထောင်စု အစိုးရရဲ့ ခွင့်ပြုချက်နဲ့အညီ လုပ်ကိုင်နေတာပါ” ဟု မြန်မာ့မီးရထားဝန်ကြီးဌာနမှ ပင်စင်စား အင်ဂျင်နီယာ ဦးတင်အုန်းက ဆံပင်ပေါ်တွင် တင်နေသည့် ကျောက်မှုန်များကို ခါချရင်း ပြောသည်။

ကျောက်မိုင်းကြောင့်ပျက်စီးသွားသည့် စိုက်ပျိုးရေးလုပ်ငန်းများကို နစ်နာကြေး ပေးကြောင်း၊ ၂နှစ်သား ရာဘာပင်တစ်ပင်လျှင် ကျပ်တစ်သိန်းနှုန်း လျော်ကြေးပေးပြီးဖြစ်ကြောင်း သူက ရှင်းပြသည်။

(ဓာတ်ပုံ – ဖြိုးသီဟချို / Myanmar Now)

အစိုးရ၏ အခန်းကဏ္ဍ

မွန်ပြည်နယ်အတွင်းရှိ ကျောက်မိုင်းအများစုမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ ဝန်ကြီးဌာနက ချမှတ်ထားသည့် ဥပဒေ၊ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိကြောင်း၊ အစိုးရသစ်လက်ထက်တွင် အရေးယူပေးနိုင်ရေးအတွက် ဒေသခံတို့ကို ကူညီသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး၊ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ပြောသည်။

“ ကျောက်မိုင်းတွေက (လိုင်စင်) တစ်နှစ်တစ်ခါ ပြန်လျှောက်ရတယ်။ အဲဒီအချိန်မှာ ဒေသခံတွေက ကန့်ကွက်လို့ ရတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ညွှန်ကြားရေးမှူးက ပြောထားတာ ရှိပါတယ်” ဟု ထိုအဖွဲ့ချုပ်မှ ပြဿနာဖြေရှင်းရေးတာဝန်ခံ ဦးတင်လှက ပြောပြသည်။

“ဥပဒေအရဆို ကျောက်မိုင်းတွေက ရွာတွေနဲ့ အနည်းဆုံး ၄မိုင် အကွာအဝေးမှာ ရှိရမှာပါ”

ပေါင်မြို့နယ် ပြည်သူ့ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးထွန်းမင်းအောင်ကလည်း ဇွန်လ ၂ရက်နေ့ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အဆိုပါ ကျောက်မိုင်းများနှင့်ပတ်သက်ပြီး အစိုးရကို မေးခွန်းထုတ်ထားသည်။

မြို့နယ်အတွင်း ကျောက်မိုင်းများ ဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းရှိမရှိ စိစစ်သွားမည်ဟု သူက ဆိုသည်။

ဒေသတွင်း ကျောက်မိုင်းတို့နှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်း၊ ဒေသခံများ၏ လူမှုဘဝဝန်းကျင်ထိခိုက်မှုစစ်တမ်းများ ဆက်လက်ပြုလုပ်ရန် လိုအပ်သည်ဟု သူက ဆိုသည်။

(ဓာတ်ပုံ – ဖြိုးသီဟချို / Myanmar Now)

ကျောက်ထုတ်လုပ်ငန်းကြောင့် ပတ်ဝန်းကျင်ပျက်စီးသော်လည်း ဗဟိုနှင့်ပြည်နယ်အစိုးရ၏ ဘဏ္ဍာရေးအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုသည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတရေးရာဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက သုံးသပ်သည်။

“တကယ်လို့ ကျွန်တော်တို့နိုင်ငံက ငွေရေးကြေးရေးလည်း တတ်နိုင်တယ်ဆိုရင်တော့ ဒီတောင်ကြီးတွေကို ဖြိုစရာမလိုဘူးပေါ့ဗျာ” ဟု ပြည်နယ်အစိုးရဝန်ကြီးက ပြောသည်။

Long Life ကျောက်မိုင်းကုမ္ပဏီကို ကန့်ကွက်နေသော အုတ္တံတားကျေးရွာ စိုက်ပျိုးရေးသမားတစ်ဦးဖြစ်သည့် ဦးထွန်းကိုက ဒေသခံတို့၏ စားဝတ်နေရေး အကြီးအကျယ် ထိခိုက်နေသောကြောင့် ကျောက်မိုင်းလုပ်ငန်းဆန့်ကျင်ရေးကို ဆက်လက်လုပ်ကိုင်သွားရန် သန္နိဋ္ဌာန်ချထားသည်ဟု ဆိုသည်။

“ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုကတော့ ရပ်မှာ မဟုတ်ဘူး။ ဒီလုပ်ငန်းတွေ ကျွန်တော်တို့ဒေသကနေ ထွက်သွားတဲ့အထိ ဆက်ပြီး ကန့်ကွက်သွားမယ်” ဟု ဦးထွန်းကိုက ပြောလိုက်သည်။

Show More

Related Articles

Back to top button