အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းအနီး စစ်ကြောင်းထိုးသတ်ဖြတ်မှုများလုပ်နေချိန် စီမံကိန်းကို တုံ့ပြန်တိုက်ခိုက်

အနီးဝန်းကျင် ကျေးရွာများကို တစ်ပတ်ကြာ စစ်ကြောင်းထိုး စီးနင်းမှုများပြုလုပ်နေသော စစ်တပ်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှု ဝမ်ပေါင် စီမံကိန်းဝင်းကို တော်လှန်ရေးအဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု ဝမ်ပေါင်ကြေးနီစီမံကိန်းအနီး စစ်တပ်က တစ်ပတ်နီးပါး စစ်ကြောင်းထိုးနေရာ တော်လှန်ရေးအင်အားစုများက ယမန်နေ့ (အောက်တိုဘာလ ၂၃ ရက်နေ့) ညတွင် စီမံကိန်းဝင်းကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ည ၈ နာရီဝန်းကျင်ခန့်က  စစ်တပ် တပ်စွဲထားသည့် အဆိုပါစီမံကိန်းဝင်းအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ကလည်း အနီးဝန်းကျင်ကျေးရွာများကို လက်နက်ကြီးများဖြင့် တုံ့ပြန် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ 

“ည ၈ နာရီခွဲလောက်က လက်နက်ကြီးအသံတွေတော့ ကြားရတယ်။ အထဲကို ကျတယ်ထင်တယ်။ ဥဩ ဆွဲသံတွေနဲ့ မီးတွေပိတ်သွားတယ်” ဟု ဆားလင်းကြီးမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါစက်ရုံဝင်းအတွင်းပေါက်ကွဲမှုသည် မည်မျှထိခိုက်သွားသည်ကို မသိရသေးပေ။ 

ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင်မူ အထက်ပါဝမ်ပေါင်စီမံကိန်းထဲရှိ  စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က စက်ရုံ အရှေ့ဘက်နှင့် အနောက်ဘက်ကို စစ်ကြောင်းနှစ်ခု ခွဲကာ စီးနင်းခဲ့ကြောင်း သိရသည်။ 

“ဒီမနက် လှုပ်ရှားတာက ဝမ်ပေါင်အရှေ့ခြမ်းမှာ စစ်ကြောင်းဝင်လာလို့ တုံ၊ လယ်တီ (ရွာတွေ) အဲ့ဒီဘက်က ရှောင်ကြတယ်။ ဝမ်ပေါင်အနောက်ခြမ်းက ကျေးရွာသုံးရွာကလည်း ရှောင်ကြတယ်။ တပြိုင်တည်း ဖြစ်သွားတာ အချိန်က”ဟု ဆားလင်းကြီးမြို့နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံနောက်တစ်ဦး ဖြစ်သော  အမျိုးသားတစ်ဦးကလည်း  ပြောသည်။ 

ချင်းတွင်းမြစ်တစ်ဖက်ကမ်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ထွက်လာသည့် အင်အားရာနှင့်ချီပါဝင်သည့် စစ်ကြောင်းတစ်ခုသည် မြစ်ကိုဖြတ်ကူးကာ အောက်တိုဘာလ ၁၈ ရက်နေ့ကစပြီး ကြေးနီ စီမံကိန်းအနီးဝန်းကျင် ကျေးရွာများကို စစ်ကြောင်းထိုးစီးနင်းခဲ့သည်။

မြေပြင်စစ်ကြောင်းသာမက လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများအပြင် အင်ဂျင်တပ်လေထီး၊ ဂျိုင်ရို ကော်ပတာတို့ဖြင့်ပါ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် အရပ်သား သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။

ထိုစစ်ကြောင်းက အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုသလို၊ သတ်ဖြတ်ခံရသူများ ရှိနေကြောင်း၊ လက်ရှိတွင် ထိုစစ်ကြောင်းက ရွာများအနီး ရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန် ရေးအင်အားစုများထံက သိရသည်။ 

ထို့ကြောင့် တော်လှန်ရေးအဖွဲ့များက  စစ်တပ်နှင့်ရဲများ လုံခြုံရေးယူထားပေးသော တရုတ်စက်ရုံဝင်း အတွင်း လက်နက်ကြီးပစ်ခတ်မှုများ ယမန်နေ့ညက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

လက်ပံတောင်းကြေးနီစီမံကိန်း

ပြီးခဲ့သည့်နှစ်ပိုင်းတွင် ကြေးနီသယ်ယာဉ်များကို လုံခြုံရေးယူရန်၊ စစ်တပ်အတွက် ရိက္ခာပို့ဆောင်ရန် ကာလတို စစ်ကြောင်း  ထိုးလေ့ရှိသော်လည်း စီမံကိန်းအနီးကျေးရွာများကို အင်အားအလုံးအရင်းနှင့် ရက်ရှည် စစ်ကြောင်းမထိုးသည်မှာ တစ်နှစ်ကျော်နီးပါး ကြာမြင့်နေပြီဖြစ်သည်။ 

စစ်တပ် အာဏာသိမ်းပြီးနောက် လက်ပံတောင်း ကြေးနီစီမံကိန်းမှ ဝန်ထမ်းအများစုလုပ်ငန်းခွင်မဝင်ဘဲ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် အစောပိုင်းကာလများတွင် ကြေးနီတူးဖော်မှုလုပ်ငန်းများ ရပ်တန့်သွားသည်။

စစ်တပ်ထံ ဒေါ်လာသန်းနှင့်ချီစီးဝင်ပြီး ဝင်ငွေရ လမ်းတစ်ခုဖြစ်သည့် စီမံကိန်းကို ရပ်တန့်ထားရန် တော်လှန်ရေးအင်အားစုများက တောင်းဆိုထားသော်လည်း စီမံကိန်းတကျော့ပြန် လည်ပတ်နိုင်ရန် ကုမ္ပဏီက ယမန်နှစ်မှ စတင်၍ ကြိုးပမ်းလာသည်။

CDM ဝန်ထမ်းများကို စည်းရုံးသိမ်းသွင်းပြီး လုပ်ငန်းပြန်စနိုင်ရေး ကြိုးပမ်းခဲ့ရာ ယခုနှစ် နှစ်လယ်ပိုင်းတွင် စီမံကိန်းရာနှုန်းပြည့်နီးပါး ပြန်လည်ပတ်လာကြောင်း ဒေသခံများက ဆိုသည်။ 

စီမံကိန်းပြန်လည်အရှိန်ရလာချိန်တွင် တော်လှန်ရေးအင်အားစုများကလည်း ဩဂုတ်လကုန်ပိုင်းစပြီး စီမံကိန်းထဲ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ကာတုံ့ပြန်ခဲ့သည်။ 

၁၀၂၇ စစ်ဆင်ရေးအပြီးတွင် စစ်တပ်နှင့်ဆက်ဆံရေးပိုမိုနီးကပ်သွားသည့် တရုတ်က မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံ စီမံကိန်းများလုံခြုံရေးအတွက် အစဉ်တစိုက်တောင်းဆိုနေသည်။ 

ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် စစ်တပ်ကိုလက်ခံထားပြီး အနီးဝန်းကျင်ရွာများကို စစ်ကြောင်းထိုးနိုင်ရေး ထောက်ပံ့ကူညီမှုများလုပ်နေသည်ဟု  ဒေသခံများကဆိုသည်။ 

“ သူတို့က စစ်ကောင်စီတပ်သားတွေကို သူတို့ဝင်းထဲမှာ နေရာထိုင်ခင်းပေးတယ်။ စားနပ်ရိက္ခာ ထောက်ပံ့တယ်။ လက်နက်ကြီးတွေလည်း ပစ်ကူပေးတယ်။ လက်နက်ခဲယမ်းကအစ ထောက်ပံ့ပေးနေတာ ဒီကုမ္ပဏီ ကလေ။ ကျွန်တော်တို့ကတော့ ဒါကိုလက်သင့်မခံဘူး။ သူ့အကျိုးစီးပွားကာကွယ်ချင်တာဆိုရင်တောင်မှ သူ့အကျိုးစီးပွားတစ်ခုကိုပဲလုပ်လေ။ အခုက သူ့အကျိုးစီးပွားကို လုပ်ရုံတင် မကဘဲနဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ပြည်သူတွေရဲ့ အသက်၊အိုးအိမ် စည်းစိမ်တွေကိုပါခြိမ်းခြောက်လာ တယ်”ဟု ဒေသခံ အမျိုးသားနောက်တစ်ဦးကပြောသည်။ 

စစ်ကြောင်း ဆက်ရှိနေဆဲဖြစ်သည့်အတွက် စီမံကိန်းအနီးကျေးရွာများဖြစ်သည့် ဆည်တည်း၊ ဇီးတော၊ ကျောက်ဖြူတိုင်၊ ဖောင်းကတာ၊ ရေခါး စသည့် ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများသည် နေရပ်မပြန်ရဲသေးဘဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးတို့ လိုအပ်နေ ကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများထံက သိရသည်။ 

“ စားနပ်ရိက္ခာလေးတွေအခက်အခဲဖြစ်တယ်။ တတ်နိုင်သလောက် နေရာစုံထောင့်စုံရောက်အောင်တော့ လုပ်နေတယ်။ ဒါပေမဲ့ အခက်ခဲတော့ရှိနေတယ်။ ရွာတွေကလည်းအများကြီးဆိုတော့ နေစရာမရှိတော့ အပင်အောက်တွေမှာဆိုတော့ သောက်သုံးရေ အခက်အခဲရှိတော့ ကျွန်တော်လည်း တတ်နိုင်သလောက်တော့ ဖြန့်ပို့နေတာပဲ” ဟု စစ်ရှောင်အရေးကူညီနေသည့်အမျိုးသားတစ်ဦးက ပြောသည်။ 

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်အစိုးရပိုင် လက်နက်ခဲယမ်းထုတ်လုပ်သည့် နိုရင်ကို (NORINCO)၏ လက်အောက်ခံ ဝမ်ပေါင်ကုမ္ပဏီတို့ပူးပေါင်းလုပ်ကိုင်နေသည့် ကြေးနီစီမံကိန်းမှ ဒေါ်လာသန်းနှင့်ချီပြီး အာဏာသိမ်းစစ်တပ်က အကျိုးအမြတ်ရရှိနေသည်။ 

ဩစတြေးလျအခြေစိုက် Publish What you pay အဖွဲ့က ၂၀၂၁တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ စစ်ကိုင်းတိုင်းအတွင်းရှိ လက်ပတောင်းကြေးနီစီမံကိန်းမှ အမေရိကန်ဒေါ်လာ ၄၁၇ သန်းနှင့် စပယ်တောင် နှင့်ကြေးစင်တောင်စီမံကိန်းမှ ဒေါ်လာ ၁၈၇ သန်း စီးဝင်ခဲ့ကြောင်းသိရသည်။ 

Related Articles

Back to top button