သြဂုတ်လကုန်ပိုင်းက အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ဒေသတွင်းနိုင်ငံများ ဆွေးနွေးပွဲတစ်ခုအတွက် တရုတ်နိုင်ငံသို့ ရောက်ရှိနေကြစဉ် သီးခြားတွေ့ဆုံခဲ့ကြသည်။ ထိုစဉ်က ဆွေးနွေးကြသည့်အချက်များတွင် ရွေးကောက်ပွဲ ကျင်းပရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံ စစ်တပ် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များလည်း ပါဝင်ကြောင်း အာဏာသိမ်းစစ်ကော်မရှင်၏ သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
ယခုကာလ မြန်မာ့ပြည်တွင်းရေး အခြေအနေကို ကြည့်မည်ဆိုပါက နောက်ကွယ်တွင် အိမ်နီးချင်း တရုတ် နိုင်ငံ၏ ပါဝင်ပတ်သက်မှုများကြောင့် အာဏာသိမ်းစစ်တပ်ဘက်တွင် အခြေအနေဖန်တီးနိုင်ခွင့်အချို့ ရရှိလာခဲ့သည်ကို တွေ့ရသည်။ တနည်းအားဖြင့် တရုတ်က အာဏာသိမ်း စစ်တပ်ဘက်တွင် ရပ်တည်ပြီး တရုတ်- မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ဖိအားပေးလာမှုကြောင့် နွေဦးတော်လှန်ရေးကို အားနည်းသွားစေသည့် ဖြစ်ရပ်များစွာ ဖြစ်ပေါ်နေခြင်းဟု ဆိုနိုင်သည်။ ထိုသို့သောအချိန်တွင် တရုတ်ကဲ့သို့ပင် နောက်ထပ်အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ်က အာဏာသိမ်းခေါင်းဆောင်ကို တရားဝင်တွေ့ဆုံခဲ့ခြင်းကြောင့် အာဏာသိမ်းစစ်ကော်မရှင်ဘက် လုံးဝ ရပ်တည်သွားမည့်အရေး စိုးရိမ်စရာဖြစ်လာသည်။ တဆက်တည်း တရုတ်နိုင်ငံကဲ့သို့ အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများနှင့် ဆက်စပ်နယ်မြေများရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကိုလည်း ဖိအားပေး လာနိုင်သည့်အရေး စိုးရိမ်စရာဖြစ်ခဲ့ရသည်။
ထိုသို့ စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ရသည့် တွေ့ဆုံမှုအပြီး ၁၀ ရက်ခန့်အကြာ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး (ယခုကစထ-၅မှူး) နှင့် အိန္ဒိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Upendra Dwivedi တို့ နယူးဒေလီမြို့၌ တွေ့ဆုံခဲ့ကြသည်။ ကစထ(၁)သည် အိန္ဒိယနှင့် နယ်မြေအများဆုံး ဆက်စပ်နေသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မြောက်ပိုင်း၊ ချင်းပြည်နယ်)၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ကချင်ပြည်နယ်)၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းတောင်ပိုင်း) စသည့် တိုင်းစစ်ဌာနချုပ်(၃) ခုကို ကွပ်ကဲရသည်။ တွေ့ဆုံကြစဉ် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ စစ်ရေးနှင့်စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ တိုးချဲ့ရေး၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အပြန်အလှန် ကတိကဝတ်များ ထပ်မံအတည်ပြုရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း အိန္ဒိယစစ်တပ်က ထုတ်ပြန်ခဲ့သည်။ ထို့နောက် မကြာမီ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဒုတပ်ချုပ် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးအတွင်းဝန် Mr. Rajesh Kumar Singh တို့ နေပြည်တော်၌ တွေ့ဆုံခဲ့ကြပြန်သည်။ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရေး၊ စစ်တပ်နှစ်ခုကြား ဖွင့်လှစ်နေသည့် သင်တန်းများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားသည်။ ထိုတွေ့ဆုံဆွေးနွေးမှုများသည် အိန္ဒိယက အာဏာသိမ်းစစ်တပ်ဘက်သို့ သာသာထိုးထိုး ရပ်တည်သွားသည်ကို ပြသနေသည်။
ဒီမိုကရေစီ နိုင်ငံကြီးဖြစ်သော အိန္ဒိယ၏ ရပ်တည်ချက်များကိုပြန်၍လေ့လာကြည့်သည့်အခါ စစ်အာဏာ သိမ်းခဲ့သည့် အစောပိုင်းကာလတွင် စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း ထဲထဲဝင်ဝင် ဝေဖန်ထောက်ပြ ခြင်း၊ ကန့်ကွက်ခြင်းမျိုး မရှိခဲ့ပေ။ မီဇိုရမ်၊ မဏိပူရပြည်နယ်များသို့ မြန်မာစစ်ဘေးရှောင် ပြည်သူ အများအပြား ဝင်ရောက်သွားစဉ်ကလည်း အိန္ဒိယအစိုးရက စိုးရိမ်ပူပန်ကြောင်းသာ ပြောဆိုခဲ့ပြီး ဒေသအလိုက် ပြည်နယ်အစိုးရများက လူသားချင်းစာနာမှုဆိုင်ရာကိစ္စများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်ကို တွေ့ရသည်။
အိန္ဒိယစစ်တပ်ကလည်း နှစ်နိုင်ငံစစ်တပ်ချင်း သတင်းအချက်အလက်မျှဝေခြင်း၊ နယ်စပ်ဒေသဆိုင်ရာ တွေ့ဆုံညှိနှိုင်းခြင်းနှင့် အိန္ဒိယနိုင်ငံထဲ ဝင်ပြေးလာသည့် မြန်မာစစ်သားများကို လက်ခံပြီး ပြန်လည် ပို့ဆောင်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် အာဏာသိမ်းတပ်ကို ဒရုန်း၊ ဂျန်ဘာနှင့် ရေဒါပစ္စည်းများ ပေးပို့၊ ရောင်းချခဲ့သည်။
မေလ ၁၄ ရက်နေ့ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(တမူး-ပကဖ) တပ်ဖွဲ့ဝင် ၁၀ ဦး ကို အိန္ဒိယနယ် စပ်လုံခြုံရေးတပ်၊ အာသံရိုင်ဖယ်တပ်က ဖမ်းဆီးသတ်ဖြတ် လိုက်ခြင်းသည်လည်း နှစ်နိုင်ငံစစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှုဟု ယူဆနိုင်သည်။
ထိုသို့ပူးပေါင်းဆောင်ရွက်မှုအားကောင်းခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့နှင့် ဆက်စပ်သူတချို့ အိန္ဒိယတွင် ဖမ်းဆီးခံနေရသည်ဟု ယူဆနိုင်သည်။
ယခင်က အိန္ဒိယဘက် နယ်စပ်ဒေသတွင် လက်နက်မှောင်ခိုရောင်းဝယ်မှုများ ရှိခဲ့သော်လည်း အဖမ်းအဆီးသည် ယခု များပြားလာနေသည်။ စက်တင်ဘာလ လလယ်ပိုင်းတွင်ပင် နှစ်ကြိမ် ရှိခဲ့သည်။
ထိုသို့ ပူးပေါင်းဆောင်ရွက်မှုအားကောင်း လာသလို မြန်မာ့နိုင်ငံရေးဆိုင်ရာတွင် ပါဝင် ပတ်သက်လာသည်။ ဥပမာ- နေပြည်တော်ကိုလာပြီး နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ပေးခဲ့သလို၊ မြန်မာအဖွဲ့အချို့ကို နယူးဒေလီသို့ ခေါ်ယူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၅ ရက်နေ့ နှင့် ၆ ရက်နေ့တို့တွင် ပြုလုပ်ပေးခဲ့သည်ကို တွေ့ရသည်။ ထိုပွဲသို့ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တက်ရောက်သည်ကို တွေ့ရသည်။ ထိုသို့ဖြင့် အိန္ဒိယအစိုးရအနေဖြင့် မြန်မာ၌ တရုတ် နိုင်ငံ၏ အရေးပါမှုကို ထိန်းညှိရန်အတွက် အာဏာသိမ်းစစ်တပ်နှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့်သဘော တွေ့ခဲ့ရသည်။ အိန္ဒိယသတင်းဌာနအချို့၊ နိုင်ငံရေးအဖွဲ့အချို့ကမူ အိန္ဒိယအစိုးရကို စစ်အာဏာရှင်နှင့်အကျိုးတူ ဆက်ဆံမှုအတွက် ဝေဖန်ခဲ့ကြသည်။
၂၀၂၅ ခုနှစ် အိန္ဒိယ၏ အခြေအနေကိုကြည့်ပါက ရုရှားထံက ရေနံဝယ်ယူမှုအကြောင်းပြ၍ အမေရိကန် သမ္မတထရန့်က ပို့ကုန် အခွန် ၅၀ ရာခိုင်နှုန်းထိ ကောက်ခံရန် သတ်မှတ်ခြင်းခံထားရသည်။ ထို့ကြောင့် အိန္ဒိယက ဒေသတွင်းပြိုင်ဘက်ဟောင်း တရုတ်နှင့် ပိုမိုနီးကပ်သွားသည့် အခြေအနေ ဖန်တီးလိုက်သကဲ့သို့ ဖြစ်သွားသည်။ မကြာသေးမီက တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် အိန္ဒိယဝန်ကြီးချုပ်မိုဒီက ၎င်းတို့ နှစ်နိုင်ငံသည် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မိတ်ဘက်များသာဖြစ်ပြီး၊ ပြိုင်ဘက်များ မဟုတ်ကြောင်း ပြောဆို သည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် တရုတ်နှင့် နီးစပ်သွားသည့် အိန္ဒိယသည် မြန်မာ့နိုင်ငံရေးတွင်လည်း တရုတ်ကဲ့သို့ နောက်ကွယ်မှ ပါဝင်ပြီး နယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့များကို ဖိအားပေး လာနိုင်ခြေ ရှိသည်။
တကယ်တမ်းဆိုရလျှင် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည့် ဒေသအများစုကို တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်ကို တွေ့နိုင်သည်။ အာရက္ခ တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသည့် ပလက်ဝဒေသ မြောက်ဘက်ပိုင်း၊ ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ချင်းပြည်နယ်တောင်ပိုင်းဒေသတို့သည် မီဇိုရမ်ပြည်နယ်နှင့် ထိစပ်လျက်ရှိသည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ်ဒေသများသည် မဏိပူနှင့်နာဂလန်းပြည်နယ်တို့နှင့် ထိစပ်မှုရှိသည်။ အိန္ဒိယဘက်ရှိ ထိုပြည်နယ်များသည် အတိုင်းအတာတစ်ခုအထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် ဒေသများ ဖြစ်ပြီး မီဇိုရမ်ပြည်နယ်ဆိုလျှင် မြန်မာဘက်က ချင်းတိုင်းရင်းသားများနှင့် မျိုးနွယ်စုတူညီကာ ယခင်ကတည်း က ကူးလူးဆက်ဆံနေခဲ့သည့် ဒေသများဖြစ်ကြသည်။ ထို့ကြောင့် ချင်း လက်နက်ကိုင်များကို အထောက်အကူ ပြုခဲ့သည့် အပိုင်းများလည်းရှိခဲ့သည်။
အလားတူ ထိုဒေသများတွင် အခြေစိုက်သည့် အိန္ဒိယစစ်တပ်နှင့် နယ်ခြားစောင့်တပ်များသည် မြန်မာ စစ်တပ်နှင့် ရင်းနှီးသော အစဉ်အလာ ရှိခဲ့သည်။ ယခင်က နှစ်နိုင်ငံတပ်စခန်းအဆင့် ဆွေးနွေးပွဲများမှသည် နယ်ခြားကော်မတီ အစည်းအဝေးများအထိ ပုံမှန်ပြုလုပ်တတ်ပြီး နယ်နိမိတ် တိုင်းတာရေးအပါအဝင် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများရှိခဲ့သည်။
ယခုနောက်ပိုင်း ထိပ်သီးတွေ့ဆုံမှုများတွင် သတင်းမထုတ်ပြန်သည့် ညှိနှိုင်းမှုများ ပါနိုင်သည်ဟု ယူဆရသည်။ ထိုညှိနှိုင်းမှုများတွင် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်တပ်များကို အိန္ဒိယဘက်က အထောက်အကူ ပြုနေခြင်းနှင့် ပတ်သက်၍ ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုမှုလည်း ပါဝင်နိုင်ကြောင်း ယူဆရ သည်။ ထို့ကြောင့် အိန္ဒိယဘက်ခြမ်း အထောက်အကူပေးရေး လုပ်ငန်းများကို အောက်ခြေအာဏာပိုင်တို့ မသိမသာ ခွင့်ပြုပေးနေခဲ့ရာမှ ယခုနောက်ပိုင်းတွင် ပို၍စစ်ဆေးဖော်ထုတ်လာဖွယ်ရှိသည်။ အလားတူ နယ်စပ်လုံခြုံရေး တင်းကျပ် လာနိုင်သဖြင့် အိန္ဒိယနယ်စပ်တွင် အခြေစိုက်သည့် တော်လှန်ရေးတပ်များ၊ အိန္ဒိယဘက်သို့ ကူးလူးသွားလာရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ၎င်းတို့၏ လုံခြုံရေးကို ယခင်ကထက်ပို၍ ဂရုစိုက်ရမည့်အနေအထား ဖြစ်လာပြီဟု ယူဆနိုင်ပါသည်။
(ဆောင်းပါးရှင် ပိုင်ဖြိုးသည် CDM စစ်တပ်အရာရှိတစ်ဦးဖြစ်သည်။)



