တော်လှန်ရေးအင်အားစုများ အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း ဖက်ဒရယ်ယူနစ် အစိုးရ ဖွဲ့စည်းနိုင် ရေးအတွက် စိစစ်ရွေးချယ်ရေးကော်မရှင်ကို အောက်တိုဘာလ ၁ ရက်နေ့က ကျင်းပခဲ့သည့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တွင် အတည်ပြုလိုက်သည်။
ဇွန်လက အတည်ပြုပြဋ္ဌာန်းလိုက်သည့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေအရ ထိုစိစစ်ရွေးချယ်ရေးကော်မရှင်တွင် အစုအဖွဲ့ ၇ ခုမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ကြားကာလစစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးအရအဖွဲ့ စိစစ်ရွေးချယ်ရေးကော်မရှင်တွင် အဖွဲ့ဝင် ၃၅ ဦး ရှိပြီး စစ်တပ်နှင့်ပူးပေါင်းခြင်းမရှိသည့် ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားပြုသူများ၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များ၊ CDM နိုင်ငံ့ဝန်ထမ်းများ၊ သပိတ်အင်အားစုများ၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ)များနှင့်ပါဝင်သင့် ပါဝင်ထိုက်သူများ စသည့် အစုအဖွဲ့ ၇ ခုမှ ကိုယ်စားလှယ် ၅ ဦးစီ ပါဝင်ကြသည်။
ထိုသူများ၏ စီစစ်မှုဖြင့် ယခုနှစ်ကုန်တွင် ဒေသန္တရ အစိုးရတစ်ခုဖြစ်သော ကြားကာလစစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ကို ဖွဲ့စည်းနိုင်ရန် မျှော်လင့်ထားကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ပြောသည်။
“စိစစ်ရွေးချယ်ရေးကလည်း တက်လာတဲ့ ပရိုဖိုင်တွေကိုကြည့် ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ သတ်မှတ်အရည်အချင်းနဲ့ကိုက်ညီခြင်း ရှိမရှိ စစ်ဆေးပြီးတော့ လွှတ်တော်တင်မယ်။ လွှတ်တော်ကလည်း အတည်ပြုမှာပေါ့ဗျာ။ ဒီပုံစံနဲ့ နောက်အကျဆုံး အနီးစပ်ဆုံးမျှော်မှန်းချက်ကတော့ တစ်လ၊ တစ်လခွဲအတွင်းမှာတင် ပေါ်ပေါက်နိုင်တယ်လို့ မျှော်မှန်းထားတယ်”ဟု ဦးမြင့်ထွေးက ဆိုသည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရ အဖွဲ့တွင် ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများ၊ ရှေ့နေချုပ်တို့ ပါဝင်မည်ဖြစ်သည်။
ပေါ်ထွက်လာမည့် ကြားကာလအစိုးရအနေဖြင့် လူထုနှင့်တစ်သားတည်းဖြစ်ပြီး လူထုအကျိုး ဆောင်ရွက် ပေးနိုင်ရန် စစ်ကိုင်းဒေသခံများက မျှော်လင့်နေကြသည်။
“ကြားကာလအစိုးရအပေါ် မျှော်လင့်ထားတာကတော့ ပြည်သူတွေကိုအပြည့်အဝ အကာအကွယ် မပေးနိုင်ရင်တောင် စာနာနားလည်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ စာနာနားလည်ဖို့ကလည်း အပြောနဲ့ အလုပ် ထပ်တူဖြစ်ဖို့လိုသေးတယ်။ တော်လှန်ရေးအပေါ် ကိုယ်ကျိုးမဖက်ဘဲ စေတနာထားပြီး လုပ်တဲ့သူတွေ ပါဝင်သင့်တယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
ကလေးမြို့နယ် ဒေသခံတစ်ဦးက “ တော်လှန်ရေးရဲ့တောင်းဆိုမှုအရ အစိုးရတစ်ရပ်ဖြစ်ကောင်းဖြစ် နိုင်တယ်။ ဒါပေမယ့် တစ်ဘက် ကနေလည်း နိုင်ငံရေးအရ ကြေလည်တဲ့ Bottom up approach Federalism ကို ကောင်းကောင်း လက်ခံထားမယ်လို့ ကြွေးကြော်သလို အောက်ခြေမှာတကယ်ကြေလည် တဲ့အခင်းအကျင်းတစ်ရပ်ကို ပြင်ဆင်ထားသင့်တယ်”ဟု မှတ်ချက်ပြုသည်။
ဖက်ဒရယ်အခြေခံဖြစ်သည့် ယူနစ်အစိုးရတစ်ရပ်ပေါ်ထွက်လာမည်ကို ကြိုဆိုကြောင်း တော်လှန်ရေး အင်အားစုများက ဆိုသည်။
စစ်ကိုင်းတိုင်းမှာ မြို့ပေါင်း ၄၀ ကျော်အနက် ခမ်းပတ်၊ ရွှေပြည်အေး၊ မြို့သစ်၊ မော်လူး၊ ပင်လယ်ဘူး၊ အင်းတော်၊ ဗန်းမောက်မြို့တို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်မြို့နယ်များ တွင်လည်း ကျေးလက်ဒေသအများစုကို စိုးမိုးထားကာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်။
ပသုံးလုံးကို ပြင်ဆင်ရေး ဆောင်ရွက်မည်
စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအင်အားစုများ၏စိုးမိုးနယ်မြေကျယ်ပြန့်သလို တစ်ဘက်တွင်လည်း “ပသုံးလုံး”ဟု လူသိများသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေး အဖွဲ့ များနှင့် လူထုကြား ပွတ်တိုက်မှုများလည်း ဆက်တိုက်ဖြစ်နေသည်။
ပေါ်ပေါက်လာမည့် ယူနစ်အစိုးရသည် မြေပြင်တွင် အခြေချနေထိုင်သူများဖြင့် ဖွဲ့စည်းမည့် ဖြစ်သည့် အတွက် ပသုံးလုံးပြဿနာများ အပါအဝင် စီမံခန့်ခွဲမှု ပိုမိုမြန်ဆန် ထိရောက်နိုင်မည်ဟု ဦးမြင့်ထွေးက ဆိုသည်။
“ ဒေသန္တရအစိုးရအဖွဲ့ရဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းပြီးရင်တော့ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်ရောက်သွားပြီလို့ ပြောလို့ရပါတယ်။ ပုဒ်မ ၁၉၂အရ ဒေသန္တရ အုပ်ချုပ်ရေးဥပဒေကို မပြဋ္ဌာန်းနိုင်ခင်စပ်ကြားမှာတော့ ယူနစ်အစိုးရက အနီးကပ်စီမံမှာဖြစ်တဲ့အတွက် ပြည်ထောင်စုအစိုးရက ညွှန်ကြားချက်ကို အကြာကြီး စောင့်စရာမလိုသလို ယူနစ်အစိုးရမှာလည်း ချက်ချင်း Update ဖြေရှင်းနိုင် တဲ့ အခြေအနေရှိတဲ့အတွက် မြန်ဆန်နိုင်မယ်လို့တွေးတာပေါ့။ ပသုံးလုံးကတော့ Reform တော့ ဖြစ်မယ်။ သို့သော် ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီအောင်အတွက် ကျွန်တော်တို့ ဥပဒေတွေရေးဆွပြဋ္ဌာန်းဖို့ ဆက်လက်ကြိုး စားသွားမှာပါ”ဟု ၎င်းက ဆိုသည်။
ဆားလင်းကြီး၊ ယင်းမာပင်ကျေးရွာပေါင်းစုံသပိတ် ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုလွမ်းသူက “ပွင့်ပွင့် လင်းလင်းပြောရရင် အခုအစိုးရကြီးပေါ် အခုဖြစ်သမျှကိစ္စတွေအကုန်ကောင်းမယ်လို့တော့ ကျွန်တော်တို့ ချက်ချင်းကြီးတော့ ပြောလို့မရဘူးပေါ့။ ရန်သူ့ဘက်ကအခြေအနေ၊ ကိုယ့်ဘက်က အင်အားစုတွေရဲ့ စုဖွဲ့နိုင်မှု၊ အစိုးရထဲမှာပါမယ့်ခေါင်းဆောင်တွေ၊ ဦးဆောင်သူတွေရဲ့အမျှော်အမြင်နဲ့ ပေးဆပ်ထည့်ဝင်မှု ရယ်၊ သူတို့ရဲ့လုပ်နိုင်စွမ်းတွေပေါ်မှာအများကြီးမူတည်မယ်လို့မြင်ပါတယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်က နှစ်ကုန်တွင်ရွေးကောက်ပွဲကျင်းပရန် စိုင်းပြင်းနေချိန်တွင် တော်လှန်ရေးအင်အားစုများက စိုးမိုးနယ်မြေများရထားပြီးဖြစ်သည့် ကြားကာလ အစီအမံများရေးဆွဲအတည်ပြုခြင်းလုပ်ငန်းစဉ်များကို အရှိန်ဖြင့် လုပ်ဆောင်လာသည်။
မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်က ဇူလိုင်လ တွင် ပထမမူကြမ်းကို ထုတ်ပြန်ခဲ့ပြီးနောက် အလွှာအသီးသီးမှအကြံပြုချက်များ ဖြည့်စွက်ကာ ဒုတိယမူကြမ်းကို အချောသတ်ရေးဆွဲပြီး ထုတ်ပြန်ရန် ပြင်ဆင်နေသည်။
မန္တလေးတိုင်းလွှတ်တော်ကလည်း မန္တလေးဒေသကြားကာလနိုင်ငံရေးအစီအမံကို စက်တင်ဘာလ ၁၆ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။
“ ပေါ် လာမယ့် အစိုးရတွေက ရပ်ကျေးမှသည် မြို့နယ် ခရိုင်အထိ လူထုဆန္ဒပါတဲ့ ရွေးချယ်တင်မြှောက်မှု တွေ ပြောင်းလဲလုပ်ဆောင်နိုင်မယ်ဆိုရင် စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်တန်ပြန်ပြီးသား ဖြစ်သလို တစ်ဘက်မှာလည်း လူထုဆန္ဒကိုထင်ဟပ်တဲ့ လူထုကို ကိုယ်စားပြုတဲ့တော်လှန်ရေးယန္တရားတွေဟာ အင်အားကောင်းလာမယ်”ဟု ကိုလွမ်းသူက သုံးသပ်သည်၊



