စစ်အာဏာသိမ်းမှု ၄ နှစ်ကျော် ကာလအတွင်း နွေဦးတော်လှန်ရေး အရှိန်အဟုန်မှာလည်း တစ်နှစ်ထက် တစ်နှစ် ပို၍ စစ်ရေး၊ နိုင်ငံရေးအရ တိုးတက်လာသည်။
မြန်မာစစ်တပ်က အာဏာသိမ်းကာလ အစောပိုင်းတွင် ပြည်သူလူထု၏ ဆန့်ကျင်မှုမှာ ရှေးယခင်ကလိုပင် အကြမ်းဖက် နှိမ်နင်းဖြိုခွဲနိုင်ပြီး အချိန်ကာလ တစ်ခုရောက်လျှင် ရပ်တန့်သွားမည်၊ ရွေးကောက်ပွဲအသစ် တစ်ခု ထပ်မံကျင်းပပေးပြီး နိုင်ငံကို ယင်းတို့ စိတ်ကြိုက် ရှေ့ဆက်နိုင်မည်ဟု ထင်ခဲ့သည်။
ထို့ကြောင့် အာဏာသိမ်းပြီး အရေးပေါ်အခြေအနေ ကြေညာကာ တစ်နှစ်အတွင်း ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်မည်ဟု ထင်ခဲ့သည်။ မည်သို့ပေဆိုစေကာမူ စစ်ကောင်စီ၏ အိမ်မက်ကို မြန်မာပြည်သူလူထု သန်း ၅၀ ကျော်က ရိုက်ချိုးဖျက်ဆီးပစ်ခဲ့သည်မှာ ၂၀၂၁ ခုနှစ်မှ၂၀၂၅ အထိပင်ဖြစ်သည်။
ငလျင်ကြီးမတိုင်ခင်က ရွေးကောက်ပွဲလမ်းကြောင်းအတွက် စစ်ကောင်စီက ပြုလုပ်ခဲ့သော “Talk Show” အစီအစဉ်များ၊ လက်ရှိ ငလျင်ဘေးဒဏ် ခံနေရဆဲကာလ၊ တနိုင်ငံလုံးစစ်ဖြစ်ပွားနေသည့် အချိန်တွင် စစ်တပ်နှင့်အပေါင်းအပါတစ်စု ပြုလုပ်သော အမည်ခံ “ငြိမ်းချမ်းရေးဖိုရမ်” ကျင်းပကာ ရွေးကောက်ပွဲအတွက် စတင် စည်းရုံးနေပြီဖြစ်သည်။
ထိုသို့သော အခြေအနေတွင် မိမိတို့ နွေဦးတော်လှန်ရေး အင်အားစုဘက်ကလည်း စစ်ကောင်စီ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအားဟန့်တားရန် မည်သို့သောပြင်ဆင်မှုများ၊ နိုင်ငံရေးအရ စုဖွဲ့မှု၊ သဘောတူညီမှုများ အတိုင်းအတာအားဖြင့် မည်မျှရောက်နေသည် ဆိုသည်မှာလည်း စိတ်ဝင်စားစရာ ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီပြည်အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ(WLB)၊ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (FRC)၊ အမည်မဖော်လိုသည့် အင်အားစုများနှင့် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းမျိုးရှိသည်။
အဆိုပါ ကြေညာချက် အနှစ်ချုပ်အားဖြင့် “သဘာဝဘေးဒုက္ခသည်များကယ်တင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရမည့်အချိန်တွင် စစ်အုပ်စု၏ တဖက်သတ်ရွေးကောက်ပွဲသည် မြန်မာ့အရေးအတွက် ထိရောက်သော ဖြေရှင်းနည်းမဟုတ်။ ရေရှည်ငြိမ်းချမ်းရေးအတွက် ပြည်သူတို့၏ အသံအမှန်ကိုကိုယ်စားပြုသည့် (Myanmar-Owned and Myanmar-led process ) သာ လိုအပ်ပြီး စစ်ခေါင်းဆောင်နှင့် တဖက်သတ်ဆက်ဆံမှုများကို ရှောင်ရှားရန် အရေးကြီးသည်” ဟူ၍ဖြစ်သည်။
ထိုအပြင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်းကော်မတီက အကြမ်းဖက်စစ်အုပ်စု ကျင်းပရန်စီစဉ်နေသော တရားမဝင် အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသို့ အကြံပြုတိုက်တွန်းခြင်း ဟူသော အကြံပြုကြေညာချက် တစ်စောင်ကို ၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အကျဉ်းချုပ်အားဖြင့် “လက်ရှိကာလသည် ကယ်တင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရေးတကြီးဆောင်ရွက်ရမည့် အချိန်ဖြစ်ပြီး၊ စစ်အုပ်စု၏ တရားမဝင်အတုအယောင် ရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒကို လိမ်ညာသော လုပ်ရပ်ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေသည် ပျက်ပြယ်ပြီးဖြစ်သဖြင့် ယင်း၏အစီအစဥ်ဖြင့် ကျင်းပမည့်ရွေးကောက်ပွဲသည် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်လမ်းကြောင်းသို့ ဆောင်ရွက်ပေးနိုင်မည် မဟုတ်။ တော်လှန်ရေးအင်အားစုများ ဦးဆောင်သော တော်လှန်ရေးလုပ်ငန်းစဉ်တွင်သာ ပြည်သူတို့၏ ရေရှည်ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအနာဂတ်ကို တည်ဆောက်နိုင်မည်” ဟူ၍ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်များကိုကြည့်ပါက ငလျင်ဘေးဒဏ်၊ စစ်ဘေးဒဏ် ခံစားနေရသောအချိန်တွင် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲသည် လက်ရှိ မြန်မာနိုင်ငံရေးပြဿနာများကို ဖြေရှင်းပေးနိုင်မည် ထွက်ပေါက်မဟုတ်ကြောင်း တော်လှန်ရေးအဖွဲ့အစည်းများက တညီတညွတ်တည်း လက်ခံထားခြင်းဖြစ်သည်။
အာဆီယံကလည်း ယခင်က ရွေးကောက်ပွဲလမ်းကြောင်းကို အသံထွက်ခဲ့သည်၊ သို့သော်လည်း ယခုအခါ ၂၀၂၅ ခုနှစ် နောက်ပိုင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို နိုင်ငံရေးလှည့်ဖြားမှုအဖြစ် အာဆီယံ ဥက္ကဋ္ဌက ပယ်ချထားကြောင်း တွေ့မြင်နိုင်သည်။
ဖက်ဒရယ်အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံဥပဒေ အစီအမံ (AFTA) ကို လေ့လာကြည့်ခြင်း။
၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းချိန်မှစ၍ ယနေ့အထိ တပါတီစနစ်နှင့်စစ်တပ်ကြီးစိုးသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများအရသာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လွှတ်တော်အတွင်းရော၊ အုပ်ချုပ်ရေးပိုင်းတွင်ပါ စစ်တပ်ကို အခွင့်အရေး များစွာပေးထားသည်။ လွှတ်တော်အတွင်းတွင်လဲ စစ်တပ်၏ သဘောတူညီမှု မပါဘဲ အရေးကြီးသော ဥပဒေပြင်ဆင်မှုများ၊ ငြိမ်းချမ်းရေးနှင့်ဆိုင်သော ကိစ္စရပ်များကို မပြုလုပ်နိုင်ခဲ့ပေ။
ထိုဥပဒေကြောင့် မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ ထိုက်သင့်သလောက် ရှေ့မရောက်ဘဲ အဟန့်အတားဖြစ်ခဲ့ရသည်။ သို့သော် စစ်တပ်သည် ၂၀၀၈ ခြေဥအောက်မှ ပေးထားချက်များမှ အရပ်သားအစိုးရ၏ နိုင်ငံရေးအရ ထိုးဖောက်ကစားနိုင်သော အာဏာပါဝါ နှင့် စစ်တပ်၏ အကျိုးစီးပွားများ ကန့်သတ်ခံရမည့်အရေးတို့ကို စိုးရိမ်လာကာ မဲစာရင်း အကြောင်းပြကာ ဖွဲ့စည်းပုံဥပဒေကို ဗြောင်ကျကျ ချိုးဖောက်ကာ အာဏာသိမ်းခဲ့သည်။
ရည်ညွှန်းပြီး ပြောရလျှင် စစ်တပ်သည် ယင်းတို့တွက် တနေ့ ရွှေဥ တလုံး ဥပေးနေသော ငန်းမကြီးကို ရိုက်သတ်လိုက်ခြင်းပင်ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်သည် ဖယ်ဒရယ်နိုင်ငံ တည်ဆောက်မည့် နွေဦးတော်လှန်ရေးအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။
သို့သော်တော်လှန်ရေးအတွင်း တိုင်းပြည်ကို မည်သည့် အုပ်ချုပ်ရေးစနစ်ဖြင့်တည်ဆောက်မည်၊ နယ်မြေခွဲဝေမှုများ၊ အရင်းအမြစ်အကန့်အသတ်များ၊ အခြားအရေးကြီးသော နိုင်ငံရေးအဖွဲ့အစည်းများ၊ EAOs stakeholders များ စုံလင်စွာ မပါဝင်နိုင်သေးသော အခြေအနေတွင် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ (Federal Constitution) ကို ဆောလျင်စွာ အတည်မပြုဘဲ လတ်တလော ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းနိုင်ရေးကို ဥပဒေကဲ့သို့ စည်းနှောင်အားရှိသော Federal Transitional Agreement တစ်ခုဖြင့် ဆောင်ရွက်ပါက ပိုမိုမြန်ဆန်၍ အလုပ်ဖြစ်နိုင်မည်ဖြစ်သည်။
ထိုကြောင့် ၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ” အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ လုပ်ငန်းစဉ်တရပ်ဖြစ်သော အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအလုပ်အဖွဲ့ ( TCWG) နှင့် အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ ( AFTA ) ရေးဆွဲမှုဆိုင်ရာ သတင်းအချက်အလက်များကို ပြည်သူလူထုထံသို့အောက်ပါအတိုင်း ထုတ်ပြန်အပ်ပါသည်” ဟူ၍ သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။
အကျဉ်းချုပ်အားဖြင့် The Article of Federal Transitional Agreement (AFTA) သည် ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပေါ် အခြေခံသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်ရွယ်သည့် ( Bottom-Up Federalism) ကြိုးပမ်းမှုဖြစ်သည်။
၂၀၂၄-၂၀၂၅ ကာလအတွင်း တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဟိုက်ဘရစ် အစည်းအဝေး ၅ ကြိမ် ကျင်းပ၍ အာဏာခွဲဝေမှု၊ ဒီမိုကရေစီမူများနှင့် အုပ်ချုပ်ရေးယန္တယားတို့ကို သဘောတူညီခဲ့ပြီး၊ ၂၀၂၅ ဩဂုတ်တွင် မူကြမ်း အပြီးသတ်ထုတ်ပြန်ရန် စီစဉ်ထားသည်။
ဤတွင် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစိုးရကို တရားဝင်မှုဖြစ်အောင် မည်သို့လုပ်မည်နည်းဟု မေးခွန်းထုတ်စရာ ဖြစ်လာနိုင်သည်။
စာရေးသူ ကြားသိ လေ့လာရသော သတင်းအချက်အလက်များအရ ဖက်ဒရယ် အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံဥပဒေ အစီအမံ AFTA ကို အမျိုးသားညီညွတ်ရေးကောင်စီ (NUCC) တွင် အတည်ပြုပြီးပါက Pre-Federal Conference (ဖက်ဒရယ်ညီလာခံ) တစ်ခု ပြုလုပ်ကာ လက်ရှိ နိုင်ငံရေးအစုအဖွဲ့အားလုံး အဆိုပါ Conference တွင် ဆွေးနွေးကြမည်ဖြစ်သည်။
အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်သေးသော နိုင်ငံရေး အစုအဖွဲ့များကိုလည်း အဆိုပါ ညီလာခံတွင် ပါဝင်လာနိုင်အောင် ဖိတ်ခေါ်နိုင်မည်ဖြစ်သည်။ ထိုနောက် အဆိုပါ Conference တွင် ထွက်ပေါ်လာသော နိုင်ငံရေး၊ စစ်ရေး၊ ဖက်ဒရယ်ယူနစ် အစီအမံဆိုင်ရာ သဘောတူညီချက် များကို ဖက်ဒရယ် ညီလာခံက အတည်ပြုပေးမည်ဖြစ်သည်။
ဤညီလာခံမှ တဆင့် စစ်ကောင်စီ၏ အတုယောင် ရွေးကောက်ပွဲ မတိုင်ခင် တော်လှန်ရေး အင်းအားစုများဖက်က NUG အစိုးရကို ပြုပြင်ပြောင်းလဲကာ စုံလင်အားကောင်းသော ကြားကာလ အသွင်ကူးပြောင်းရေး အစိုးရတရပ် ပေါ်ပေါက်လာမည်ဖြစ်သည်။
ထို့ကြောင့် AFTA အစီအမံအရ ပေါ်ထွက်လာမည့် ဖက်ဒရယ်ညီလာခံ နှင့် ဖက်ဒရယ်အသွင်ကူး ပြောင်းရေး အစိုးရ၏ လုပ်ငန်းစဉ်သည် “နု-အက်တလီ” စာချုပ်အရ ဖြစ်ပေါ်လာသော ၁၉၄၇ ခုနှစ်၊ လွတ်လပ်ရေးခေတ် အစောပိုင်းကာလများကဲ့သို့ လူမျိုးစုံပါဝင်သော တိုင်းပြုပြည်ပြု ညီလာခံခေါ်ယူပြီး ဖွဲ့စည်းခဲ့သော ကြားကာလ အစိုးရ သို့တည်းမဟုတ် ကြားဖြတ်အစိုးရ ပုံစံ ဆောင်မည်ဖြစ်သည်။
ထိုမှတဆင့်ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစိုးရသည် ပြည်သူလူထုတောင်းဆိုသော နွေဦးတော်လှန်ရေး၏ မူလရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်သဘောဆောင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ် အတည်ပြုပြဋ္ဌာန်းနိုင်အောင် ဆောက်ရွက်ပေးရမည်ဖြစ်သည်။ ထိုနောက် ဒီမိုကရေစီနည်းလမ်းအရ တက်လာသော ဖက်ဒရယ်အစိုး နှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရများသို့ အာဏာလွဲပြောင်းရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးရမည်ဖြစ်သည်။
ဤနေရာတွင် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစိုးရသည်၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲ ပြုလုပ်ရန် အစီအစဉ်လျာထားသောကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လကုန်တွင် ကာလုံခေါ်ကာ အသစ်ပြန်လည်ဖွဲ့စည်းမည့် စစ်အစိုးရနှင့် နိုင်ငံရေးအရ တရားဝင်မှု တိုက်ပွဲမှာ နိုင်ငံတကာအသိုင်းအဝိုင်းကြားတွင် ယှဉ်ပြိုင်ရနိုင်ချေရှိသည်။
ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစိုးရသည် တတ်နိုင်သမျှ နိုင်ငံရေးအစုအဖွဲ့ စုံလင်အောင် ဖွဲ့စည်းနိုင်ရန် လိုအပ်သည်။ မြင်သာအောင် ပြောရလျှင် ၈၈၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံ ကာလအပြီး၊ မြန်မာပြည်ရှိ အင်အားကြီး တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးနီးပါး စုပေါင်းထားသော မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) ကဲ့သို့ တပ်ပေါင်းစု စုဖွဲ့မှု အသွင်သဏ္ဌာန်ဆောင်ရန် လိုသည်။
စစ်ရေးဘက်တွင်လည်း ရွေးကောက်ပွဲမတိုင်ခင် အထွေထွေထိုးစစ် ဆင်နွှဲ၍ ယခုထက် သိမ်းပိုက်စိုးမိုးနယ်မြေများရရှိရန်လိုအပ်သည်။ သို့မှသာလျှင် နိုင်ငံတကာအဖွဲ့အစည်းများကို နိုင်ငံရေးအရ တရားဝင်မှု အပိုင်းတွင် ယခုထက် ပိုမိုခိုင်မာအားကောင်းစွာ စကားပြောဆိုနိုင်မည်ဖြစ်သည်။
ထိုမှတဆင့် နိုင်ငံတကာနှင့် အာဆီယံ ဒေသေတွင်းအစုအဖွဲ့ နိုင်ငံများအား တိုင်းပြည်ကို စစ်ကောင်စီနှင့်အပြိုင် နယ်မြေစိုးမိုး အုပ်ချုပ်လာနိုင်သော၊ စုံလင်အားကောင်းသော ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစိုးရအား အသိအမှတ်ပြုရေးမှာလည်း အတိုင်းအတာတစ်ခုထိ ခရီးပေါက်လာမည်ဖြစ်သည်။
အပြိုင်အဆိုင်ပေါ်ထွက်လာသော ဖက်ဒရယ် ယူနစ်များ
ဖက်ဒရယ်အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံဥပဒေ အစီအမံ (AFTA) သည် အောက်ခြေမှ ဖက်ဒရယ်စနစ် (Bottom-Up Federalism) သဘောတရားကို အခြေခံထားကာ ပြည်နယ်များက ပြည်ထောင်စုအား အာဏာအပ်နှင်းသည့် အသွင်ပုံစံဖြစ်သည်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတချို့သည် နောက်ပိုင်းတွင် ဖက်ဒရယ်ယူနစ်လွှတ်တော်ဟု ပြောင်းလဲ ခေါ်ဆိုလာခဲ့သည်။
၂၀၂၄ နှစ်ဦးပိုင်းမှစ၍ လက်ရှိ ၂၀၂၅ နှစ် အလယ်ပိုင်းအထိ ကြားကာလ ဖယ်ဒရယ် ယူနစ်အစီအမံများ ပေါ်ထွန်းလာရေးအတွက် နိုင်ငံရေးအရ အင်တိုက်အားတိုက် ဆွေးနွေးအကောင်အထည်ဖော်မှုများ ရှ်ိသည်။
ပထမဦးဆုံးအနေဖြင့် ပြည်မ ဗမာဒေသမှ ဖက်ဒရယ် ယူနစ်ဖွဲ့ရန် အစောဆုံးကြိုးပမ်းခဲ့သည်မှာ စစ်ကိုင်းတိုင်းဖြစ်သည်။ အဆိုပါ စစ်ကိုင်း ဖက်ဒရယ်ယူနစ်အစီအမံ ဖြစ်ပေါ်လာစေရန် စစ်ကိုင်း ဖက်ဒရယ်ယူနစ် လွှတ်တော်သည် စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့၊ မြေပြင်သပိတ်ကော်မတီများ နှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံ ဆွေးနွေးပြီးနောက် စစ်ကိုင်း ဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇွန်လ၊ (၂၅) ရက်နေ့တွင် ပြဋ္ဌာန်းနိုင်ခဲ့ပြီဖြစ်သည်။
ထို့ကြောင့် စစ်ကိုင်းသည် ဖက်ဒရယ်ယူနစ်များကြားတွင် ပထမဆုံးသော ကြာကာလဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းနိုင်သော ဒေသတစ်ခု ဖြစ်လာခဲ့သည်။
ဒုတိယအနေဖြင့် မကွေးတိုင်းသည်လည်း မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် နှင့် မကွေးကြားကာလအစီအမံ ရေးဆွဲရေးကော်မရှင်တို့ တွေ့ဆုံကာ ကြားကာလအစီအမံရေးဆွဲရေးဆိုင်ရာ ရှေ့လုပ်ငန်းများ ညှိနှိုင်းနေပြီဖြစ်သည်။ မကွေး ဖက်ဒရယ်ယူနစ် အနေဖြင့် ဒုတိယမြောက် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုနိုင်မည့် အခြေအနေရှိသည်ဟု သုံးသပ်နိုင်သည်။
ထို့အတူ မန္တလေးတိုင်းအနေဖြင့်လည်း မန္တလေးဒေသရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ နှင့် မန္တလေးတော်လှန်ရေး အင်အားစုများအကြား ညှိနှိုင်းသဘောတူညီမှုနှင့်အညီ မန္တလေးတိုင်း လွှတ်တော် ကိုယ်စားပြုကော်မတီတို့ ချိတ်ဆက်ကာ ကြားကာလအစီအမံရေးဆွဲရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
ပဲခူးတိုင်းအနေဖြင့်လည်း ဒေသတွင်း နိုင်ငံရေးအင်အားစုများဖြစ်သော ပဲခူးဖက်ဒရယ်ဆုံမှတ်အဖွဲ့ နှင့် ပဲခူးဖက်ဒရယ်ယူနစ် ညှိနှိုင်းရေးအဖွဲ့တို့ ပူးပေါင်းကာ ပဲခူးယူနစ်ကြားကာလ ကော်မရှင် ပေါ်ပေါက်လာရေးအတွက်လည်း တွေ့ဆုံဆွေးနွေးနေပြီဟု သိရသည်။
နောက်ဆုံးအနေဖြင့် ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီuလည်း ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလ အစီအမံ(မူကြမ်း) ရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေကို ၂၀၂၅ ခုနှစ်၊ မေလ၊ ၂၃ ရက်နေ့တွင် ပြဋ္ဌာန်းအတည်ပြုခဲ့ပြီး ကြားကာလအစီအမံရေးဆွဲမည့် လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်မည်ဖြစ်သည်။
နိုင်ငံရေးအရ စည်းနှောင်မှုအားကောင်းစွာ တိုင်းဒေသအသီးသီးမှ ဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံရေးဆွဲရေး ကော်မတီ၊ ကော်မရှင်များလည်း လက်ရှိ ဖက်ဒရယ် ယူနစ်အစီအမံရေးများနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးနေသည်ကို တွေ့ရသည်။
ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း ဧရာဝတီပြည်သူလူထုအတွက် မျှော်မှန်းသော ကြားကာလအစီအမံပြီးမြောက်အောင် ဆောင်ရွက်နေပါသည်ဟု ကြာကာလဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့သော စစ်ကိုင်း ဖက်ဒရယ်ယူနစ်လွှတ်တော်သို့ ပေးပို့သော ဂုဏ်ပြုဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် တွေ့ရသည်။
တိုင်းဒေသကြီးများအတွင်း ကြားကာလဖက်ဒရယ်ယူနစ် အစီအမံ ကြိုးပမ်းမှုများအား တနင်္သာရီဒေသမှအပ အခြား သက်ဆိုင်ရာ ယူနစ်အစိတ်အပိုင်းအသီးသီးက ဆောင်ရွက်လျက်ရှိကြောင်းတွေ့ရသည်။ ဤသည်မှာလည်း တနင်္သာရီဒေသ၏ ပထဝီ နိုင်ငံရေးအနေအထား နှင့် နိုင်ငံရေးစုဖွဲ့အင်အားစုများအကြား တစုံတရာ ပွတ်တိုက်မှုရှိနေခြင်း သို့တည်းမဟုတ် နိုင်ငံရေး သဘောတူဘီချက် မရသေးခြင်းကြောင့် ဖြစ်နိုင်သည်။
တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ယင်းတို့ဒေသရှိ အုပ်ချုပ်ရေးလုပ်ငန်းပိုင်းအတွက် သက်ဆိုင်ရာကောင်စီများ ဖွဲ့စည်းထားကာ ဆောင်ရွက်လျက်ရှိသည်။
ဥပမာအားဖြင့် ပအိုးဝ်ဖက်ဒရယ်ကောင်စီ၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)၊ ချင်းပြည်ကောင်စီ (CC)၊ တအောင်းပြည်ကောင်စီ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ စသည်ဖြင့် လည်ပတ်လျက်ရှိနေသည်။
ပြည်နယ်ရှိပြီးသား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း သက်ဆိုင်ရာပြည်နယ်များတွင် ယင်းတို့၏ ဒေသ အုပ်ချုပ်ရေး ယန္တရားများဖြင့် လည်ပတ် လျက်ရှိသည်။
အချုပ်အားဖြင့် လက်ရှိမြန်မာ့နိုင်ငံရေးသည် တဉ်ီးတဖွဲ့ချင်း သွားပါက စစ်ကောင်စီကို ဖြုတ်ချန်ိုင်ရန် မလွယ်ကူချေ။ ထိုကြောင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များအနေဖြင့်လည်း နွေဦးတော်လှန်ရေး ပိုမိုအောင်မြင် မြန်ဆန်လာစေရန် ယခင် DAB တပ်ပေါင်းစုတွင်ဦးဆောင်ပါဝင်သကဲ့သို့ လက်ရှိ နွေဦးအခင်းအကျင်းတွင်လည်း ယခုထက် ပေါ်ပေါ်ထင်ထင် ပါဝင်လာရန်လိုအပ်လာသည့် အချိန်ဖြစ်သည်။
အထက်တွင် သုံးသပ်ဖော်ပြထားသော ဖြစ်စဉ်များကို ကြည့်ရှုပါက ကြားကာလ ဖက်ဒရယ်ယူနစ် အသီးသီး၊ သက်ဆိုင်ရာ တိုင်းရင်းသားကောင်စီများ၊ ပြည်နယ်ရှိပြီးသော EAOs များ၏ တစ်ဖွဲ့ချင်းထုတ်ပြန်မှုများ၊ ပူးတွဲ ထုတ်ပြန်မှုများသည် လက်ရှိ နွေဦးတော်လှန်ရေးအရှိန် နောက်တဆင့် ထပ်တိုးမည့် ဖက်ဒရယ်အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံဥပဒေ အစီအမံ (AFTA) ပီပီပြင်ပြင် ပေါ်ပေါ်လာစေရန် ဝန်းရံလျက်ရှိကြောင်း တွေ့ရသည်။
(သစ်လွင်သည် နိုင်ငံရေးနှင့်လူမှုရေးသိပ္ပံ အထူးပြု လေ့လာနေသော တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည်။)



