
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ၇၂ နာရီကြာ အပြင်းအထန်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက မြို့ကို သိမ်းပိုက်လိုက်သည်။
စစ်ကောင်စီက လူသူလက်နက်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နောက်ဆုတ်ပေးခဲ့ရကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ (မေ ၁၅) ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
“အပြီးဆုတ်ခွာတာမျိုးတော့ မဟုတ်ဘူး။ မြို့ထဲမှာ ကျန်သေးတယ်။ ကျွန်တော်တို့ကို ညှပ်တိုက်ချင်တဲ့ ဗျူဟာမျိုးဖြစ်လို့ အတွင်းဝင်ပြီးခါမှ မြို့ကို အပျက်ခံပြီး တိုက်တာမျိုး ကျွန်တော်တို့မလုပ်ဘူး” ဟု မင်းတပ်မြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ရွှေချိုးဖြူဆိုသူက Myanmar Now ကို ပြောသည်။
စစ်ကောင်စီတပ်များသည် စက်သေနတ်များ၊ စိန်ပြောင်းများ၊ ပခုံးထမ်းလောင်ချာများသာမက မင်းတပ်မြို့နှင့် ၁၈ မိုင်အကွာရှိ ကျောက်ထုမြို့မှနေ၍ လက်နက်ကြီးများဖြင့်ပါ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမူ ရိုးရာလက်လုပ် တူမီးသေနတ်များ၊ နှစ်လုံးပြူးများ၊ လက်လုပ်မိုင်းများဖြင့်သာ ခုခံခဲ့ရခြင်းဖြစ်သည်။
စစ်ကောင်စီက ရဟတ်ယာဉ်အသုံးပြုကာ မင်းတပ်မြို့တွင်းရှိ ခလရ ၂၇၄ တပ်ရင်းကို စစ်ကူအင်အားနှင့် လက်နက်များ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။
မင်းတပ်မြို့တွင်းရှိ စစ်ကောင်စီတပ်များသည် နံနက် ၉ နာရီဝန်းကျင်မှစ၍ လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းသဖွယ်အသုံးပြုလျက် မြို့တွင်းတိုက်ပွဲဆင်နွှဲကာ ကျူးကျော်သိမ်းပိုက်ခဲ့သည်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
“သူတို့က လက်နက်ကြီးနဲ့ တအုန်းအုန်းထုပြီး အရပ်ဝတ်နဲ့ ထွက်လာပြီးတော့ ဝိုင်းဖမ်းတဲ့ပုံစံမျိုးနဲ့ ဖမ်းသွားတာ။ အဖမ်းခံရတဲ့သူတွေကို ရှေ့ကနေ သွားခိုင်းပြီး သူတို့က နောက်ကနေလိုက်တာ။ အဖမ်းခံရတဲ့သူတွေက ဖြစ်ချင်ရာဖြစ်ပါစေ ပစ်လို့ပြောတာကို သူတို့က သေနတ်ဒင်တွေနဲ့ထုတာ” ဟု ရွှေဂျိုးဖြူက ပြောသည်။
မင်းတပ်မြို့ပေါ်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မွန်းလွဲပိုင်းအထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ထွက်ပြေးတိမ်းရှောင်ရသူ ထောင်နှင့်ချီရှိသည့်အပြင် မြို့ထဲတွင် ပိတ်မိနေသူများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်များသည် နေအိမ်တံခါးများကို ဖျက်ဆီးကာ ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသော်လည်း ဖမ်းဆီးခံရသည့် အရေအတွက်ကို မသိရသေးပေ။
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်များကို စစ်ကောင်စီက ဖမ်းဆီးခဲ့ရာမှ ဒေသခံများနှင့် ပဋိပက္ခစတင်ဖြစ်ပွားကာ ဧပြီ ၂၄ တွင် အပြန်အလှန်တိုက်ပွဲများ စတင်ခဲ့သည်။ ဧပြီလကုန်ပိုင်းတွင် လေးရက်ကြာ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ ၃၀ ဦးနီးပါးရှိသည်အထိ အထိနာခဲ့သည်။
ထို့နောက် ဖမ်းဆီးထိန်းသိမ်းထားသူများ အပြန်အလှန်လဲလှယ်ရန် စစ်ကောင်စီဘက်က ကမ်းလှမ်းခဲ့သည်။ ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကို ပြန်လွှတ်ပေးရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တောင်းဆိုမှုကို စစ်ကောင်စီဘက်က မလိုက်လျောသည့်အတွက် မေ ၁၂ တွင် နှစ်ဖက်ဆွေးနွေးပွဲ ပျက်ပြယ်ပြီး တစ်ကျော့ပြန်တိုက်ပွဲများ စတင်ခဲ့သည်။
မေ ၁၃ ညပိုင်းတွင် မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးသတ်မှတ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ချင်းဝိသေသတိုင်းအက်ဥပဒေ၊ ချင်းရိုးရာထုံးတမ်းစဉ်လာဖြင့် အုပ်ချုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
တစ်ကျော့ပြန် မင်းတပ်မြို့တိုက်ပွဲများအတွင်း ယမန်နေ့ (မေ ၁၄) အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ယနေ့တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေကိုမူ မသိရသေးပေ။
မင်းတပ်မြို့တွင် စစ်ကောင်စီက နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကာ ကျူးလွန်နေသည့် ပြစ်မှုများကို နိုင်ငံတကာစစ်ခုံရုံးများတွင် တိုင်ကြားသွားမည်ဖြစ်ပြီး မင်းတပ်မြို့နေလူထုအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများ အလျင်အမြန်ရရှိနိုင်ရန် ကူညီသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ထုတ်ပြန်သည်။