
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ရက်ကြာ တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီက ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ စစ်ကူအင်အား ပို့ဆောင်နေသည်။
တောင်ထူထပ်သော မော်တော်ကားလမ်းကို အာဏာသိမ်းမှုဆန့်ကျင်သူတို့က စိုးမိုးထားနိုင်သောကြောင့် လေကြောင်းကို သုံးခြင်းဖြစ်နိုင်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဒီနေ့မနက် ၇ နာရီခွဲ ၈ နာရီလောက်က စပြီးတော့ ရဟတ်ယာဉ် ၆ စီး၊ လူသူလက်နက်အင်အားတွေ ဖြည့်တင်းတယ်။ ၂၇၄ တပ်ရင်းထဲကို ဝင်ပြီး လူသူလက်နက်အင်အားတွေ ဖြည့်တင်းတယ်“ အမည်မဖော်လိုသော ထိုအဖွဲ့ဝင်က ပြောသည်။
ယမန်နေ့ နေ့လယ်ပိုင်းကလည်း ၂၇၄ တပ်ရင်းအတွင်းသို့ ရဟတ်ယာဉ် ၃ ကြိမ် ဆင်းသက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကျောက်ထုမြို့ဘက်မှ တက်လာသည့် စစ်ကောင်စီ၏ စစ်ကူများ တင်လာသည့် ကားများကို ဒေသခံတို့က လမ်းမှဖြတ်တိုက်နေသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အဲ့ဒီလမ်းကြောကို လုံးဝ ဝင်မလာနိုင်အောင် ကျွန်တော်တို့ တားထားနိုင်တယ်။ အဲ့ဒီလမ်းကို သူတို့က ကားနဲ့မလာတော့ဘူး။ ခြေလျင်နဲ့လည်း မပေါက်တော့ဘူး၊ သူတို့သိတယ်။ အဲ့ဒီတော့ သူတို့ မြို့ကို မြန်မြန်သိမ်းချင်လို့ပေါ့လေ။ ကျောက်ထုလေတပ်ထဲမှာလည်း သူတို့ အင်အားတွေ ဖြည့်နေတယ်” ဟု သူက ပြောသည်။
သင့်လျော်သည့်လက်နက် မရှိသဖြင့် ရဟတ်ယာဉ်ကို ပစ်ချရန် ခက်ခဲနေသည်ဟု သူက ဆက်ပြောသည်။
ယမန်နေ့က တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သည့် မင်းတပ်မြို့အရှေ့ဘက် ဂေါက်ကွင်းအနီးတွင် ယနေ့မနက်ပိုင်း ပစ်ခတ်မှုများမရှိဟု ဒေသခံတို့ထံမှ သိရသည်။
သို့သော်လည်း လူနေရပ်ကွက်များအတွင်းကို စစ်ကောင်စီ၏တပ်များက လက်နက်ကြီးများဖြင့် မနက် ၇ နာရီဝန်းကျင်မှစ၍ ပစ်ခတ်နေသည်မှာ အချက် ၃၀ ကျော်ရှိပြီဟု မင်းတပ်မြို့ ဒေသခံများက ဆိုသည်။
မတူပီမြို့နယ်ဘက်မှ ဆင်းလာသည့် စစ်ကူများကို မင်းတပ်မြို့အနောက်ဘက် ၉ မိုင်အကွာတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ခုခံနေပြီး ယနေ့မနက်ပိုင်းထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။
ယနေ့မနက် ၁၀ နာရီဝန်းကျင်က မင်းတပ်မြို့ စံမင်းသီရိစေတီအနီးတွင် လူငယ် ၁၅ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ စစ်သားများက ထိုလူငယ်တို့ကို စစ်ကြောင်းရှေ့မှသွားခိုင်းပြီး မြို့ထဲ သွားလာနေကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီနှင့် မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု မေ ၁၂ နေ့လယ်ပိုင်းက ပျက်ပြယ်သွားပြီး ထိုနေ့ ည ၇ နာရီဝန်းကျင်တွင် တစ်ကျော့ပြန်တိုက်ပွဲများ စတင်ခဲ့သည်။
အဆိုပါ တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
တိုက်ပွဲများစတင်ပြီး ၂၄ နာရီအကြာတွင် မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မင်းတပ်ကို ချင်းအက်ဥပဒေ၊ ရိုးရာထုံးတမ်းစဉ်လာအတိုင်း အုပ်ချုပ်သွားမည်ဟု တုံ့ပြန်ထားသည်။
မင်းတပ်ကဲ့သို့ပင် မကွေးတိုင်းနှင့် ကပ်လျက်တည်ရှိသည့် ကန်ပက်လက်မြို့နယ်တွင်လည်း ဒေသခံတချို့က တူမီးကိုင်ဆောင်ကာ အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံစစ်ဆင်လျက်ရှိသည်။