
စစ်ကောင်စီတပ်များကို ကြံ့ကြံ့ခံ ခုခံကာကွယ်နေသည့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ရန် အာဏာသိမ်းစစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာလိုက်သော်လည်း ချင်းဝိသေသတိုင်းအက်ဥပဒေ (Chin Special Division Act) ဖြင့် အန်တုသွားမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
မင်းတပ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးသတ်မှတ်ကြောင်း စစ်ကောင်စီက ယမန်နေ့တွင် ကြေညာခဲ့သည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မည်သည့်အုပ်ချုပ်မှုပုံစံမျိုးမှ အကျုံးမဝင်ဘဲ ၎င်းတို့၏ ပြည်သူ့အုပ်ချုပ်ရေးယန္တရား အပြည့်အဝသက်ရောက်ပြီဖြစ်ကြောင်း ယမန်နေ့ (မေ ၁၃) ၌ပင် ထုတ်ပြန်ကြေညာခဲ့သည်။
“ကျွန်တော်တို့ ပြည်သူ့အုပ်ချုပ်ရေးမှာ အစကတည်းက ဖွဲ့ထားပြီးသား။၊ တရားဥပဒေအရ ချင်းရိုးရာ၊ ချင်းအက်ဥပဒေတွေ၊ ချင်းထုံးတမ်းစဉ်လာတွေနဲ့ ရှေ့ဆက်သွားမယ်။ ကျန်းမာရေးပိုင်းကို သွားမယ်။ ပညာရေးပိုင်းကို သွားမယ်။ စည်ပင်ပိုင်းကို သွားမယ်။ လုံခြုံရေး၊ ကာကွယ်ရေး ကော်မတီတွေလည်း ဖွဲ့ပြီးသား” ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်က ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ချင်းဝိသေသတိုင်းအက်ဥပဒေ (Chin Act) မှာ လက်ရှိအချိန်ထိ တရားဝင်ရှိနေဆဲဖြစ်ကာ အဆိုပါဥပဒေနှင့် ကိုင်တွယ်သွားမည်ဟု ဆိုသည်။
“ချင်းအက်တွေက မပယ်ဖျက်ရသေးတော့ တရားဝင်နေတုန်းပဲ။ တည်ဆဲဥပဒေတွေရှိတယ်။ ဥပမာ ကျွန်တော်တို့ဘက်မှာ အမှုအခင်းဖြစ်လို့ တရားလိုနဲ့ တရားခံတွေက တရားရုံးရောက်ပြီးမှ အမှုကို ဆက်ရှင်းတာမျိုး ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် ချင်းထုံးတမ်းနဲ့ အောင်တမန်တွေလွှတ်ပြီး ဆွေးနွေးတာဖြစ်ကောင်းဖြစ်မယ်” ဟု အထက်ပါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
မင်းတပ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဝန်ထမ်းအင်အား ၂၀၀၀ နီးပါးရှိသည့်အတွက် အုပ်ချုပ်ရေးယန္တရားလည်ပတ်ရန် အခက်အခဲမရှိနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
မင်းတပ်တိုက်ပွဲများ စတင်ဖြစ်ပွားရသည့် အကြောင်းရင်း
စစ်ကောင်စီက ဧပြီ ၂၄ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်သူ မင်းတပ်မြို့ခံအချို့ကို ဖမ်းဆီးခဲ့ခြင်းမှာ ပဋိပက္ခ၏ အစဖြစ်သည်။ ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန် ဒေသခံများက တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီက ပြန်လွှတ်ပေးခြင်း မရှိသဖြင့် စစ်ကောင်စီနှင့် ဒေသခံများကြား ပဋိပက္ခစတင်ကြီးထွားခဲ့သည်။
ဧပြီလကုန်ပိုင်းတွင် စစ်ကောင်စီတပ်များနှင့် ဒေသခံများ လေးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မင်းတပ်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်များကို ဒေသခံများက ရိုးရာလက်လုပ်တူမီးသေနတ်များအသုံးပြုကာ ပြောက်ကျားနည်းဖြင့် လမ်းတစ်ဝက်မှ ချုံခိုတိုက်ခိုက်ခဲ့သည်။
ထိုလေးရက်ကြာတိုက်ပွဲများအတွင်း ၃၀ နီးပါး ထိခိုက်ကျဆုံးသည်အထိ အထိနာခဲ့ပြီးနောက် နှစ်ဖက် ဖမ်းဆီးထိန်းသိမ်းထားသူများ အပြန်အလှန်လဲလှယ်ရန် စစ်ကောင်စီက ဧပြီ ၂၇ တွင် စတင်ညှိနှိုင်းခဲ့သည်။ ထို့နောက် ထိတွေ့တိုက်ပွဲအတွင်း ပိတ်မိနေသည့် စစ်ကောင်စီလက်နက်ကိုင် ၂၀ ဦးနှင့် ဖမ်းဆီးခံထားရသည့် မင်းတပ်မြို့ခံ လူငယ် ၇ ဦးကို အပြန်အလှန်လဲလှယ်ခဲ့ကြသည်။
ထို့နောက် မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်ကောင်စီကြား အပစ်အခတ်ရပ်စဲကာ ဆွေးနွေးခဲ့သဖြင့် ရက်အတန်ကြာ ငြိမ်သက်နေခဲ့ရာမှ တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားရန် ဖြစ်လာသည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုခဲ့ရာတွင် စစ်ကောင်စီက မလိုက်လျောသည့်အတွက် မေ ၁၂ တွင် နှစ်ဖက်ဆွေးနွေးပွဲများ ပျက်ပြယ်ခဲ့သည်။
တစ်ကျော့ပြန်တိုက်ပွဲများ စတင်

မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်ကောင်စီကြား ဆွေးနွေးပွဲများ ပျက်ပြယ်အပြီး မေ ၁၂ ညပိုင်းတွင် မြို့မရဲစခန်းနှင့် မြန်မာ့စီးပွားရေးဘဏ်အနီးတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။
နောက်တစ်ရက်ဖြစ်သည့် မေ ၁၃ ရက် နံနက်ပိုင်းတွင် မင်းတပ်မြို့အရှေ့ဘက် ၃ မိုင်အကွာ ထင်ချောင်းလမ်းခွဲအနီးတွင် ကျောက်ထုမြို့မှ စစ်ကူတက်လာသည့် စစ်ကား ၇ စီးကို ဒေသခံကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က စက်သေနတ်များ၊ ပခုံးထမ်းလောင်ချာများသာမက မင်းတပ်မြို့နှင့် ၁၈ မိုင်အကွာရှိ ကျောက်ထုမြို့ရှိ အမြောက်တပ်မှပါ တရစပ်ပစ်ခတ်တိုက်ခိုက်သည့်အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အသက် ၁၇ နှစ်အရွယ် မောင်ဟုန်းထန်းဟုန်းမှာ လက်နက်ကြီးထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
မင်းတပ်မြို့ပြင်တွင် ထိုသို့တိုက်ပွဲများ ပြင်းထန်နေချိန် မင်းတပ်မြို့တွင်း၌လည်း မွန်းလွဲ ၂ နာရီဝန်းကျင်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်ကောင်စီတပ်က လူနေရပ်ကွက်များအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် စံပြရပ်ကွက် ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူ အသက် ၃၀ အရွယ် ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်သဖြင့် ခွဲစိတ်ကုသခဲ့ရကြောင်း ဒေသခံများက ပြောသည်။
မင်းတပ်မြို့တွင်းရှိ ခလရ ၂၇၄ တပ်ရင်းအပါအဝင် မြို့တွင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးအဖွဲ့အကြား ဖြစ်ပွားခဲ့သော မြို့တွင်းတိုက်ပွဲများမှာ နေ့ခင်းပိုင်းမှ ည ၉ နာရီဝန်းကျင်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ (မေ ၁၃) က မင်းတပ်မြို့အရှေ့ဘက်နှင့် မြို့တွင်း၌ ထိုသို့တိုက်ပွဲများဖြစ်ပွားခဲ့သည့်နည်းတူ မြို့အနောက်ဘက်တွင်လည်း မတူပီမြို့မှ စစ်ကူလာသည့် စစ်ကားခြောက်စီးကို မြို့နှင့် မိုင် ၃၀ ကျော်အကွာတွင် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စောင့်ဆိုင်းတိုက်ခိုက်ခဲ့သည်။
ပေ ၈၀၀၀ ခန့်မြင့်မားသော တောင်တန်းများပေါ်ရှိ အဆိုပါနေရာတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တို့က ရိုးရာလက်လုပ်တူမီးသေနတ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့တွင် စစ်ကောင်စီတပ်များက မြို့တွင်းမြို့ပြင် သုံးနေရာမှ အပြင်းအထန်တိုက်ခိုက်ခဲ့ကာ မင်းတပ်မြို့ကို သိမ်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ကောင်းကောင်းခုခံနိုင်ခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
နှစ်ရက်ဆက် တိုက်ပွဲများ ဆက်လက်ပြင်းထန်

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် ယနေ့ (မေ ၁၄) တွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။ ယနေ့တွင် မင်းတပ်မြို့အရှေ့ဘက်ရှိ တိုက်ပွဲမှာ မြို့နှင့် ပိုမိုနီးကပ်လာခဲ့သည်ဟု သိရသည်။
မြို့အရှေ့ဘက်တိုက်ပွဲများမှာ မြို့နှင့် ၂ မိုင်အကွာရှိ ဂေါက်ကွင်းအနီး ရောက်ရှိလာကာ နံနက် ၆ နာရီဝန်းကျင်မှစ၍ နှစ်ဖက်ပစ်ခတ်မှုများ စတင်ခဲ့သည်ဟု သိရသည်။
သို့သော် ကျောက်ထုမြို့ဘက်မှ လက်နက်ကြီးပစ်ကူအင်အား သိသိသာသာလျော့နည်းသွားပြီးနောက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်အရေးသာခဲ့သည်ဟု ဆိုသည်။
“လက်နက်ကြီးတွေ တဒိန်းဒိန်းကျတဲ့ကြားထဲမှာ တူမီး၊ တူမောင်းတွေကိုင်ပြီးတော့ ရှေ့ကို ကိုက် ၃၀၀၊ ၄၀၀ လောက်ကို မရမကတိုးပြီးတော့ ယှဉ်ပစ်ရတာပေါ့။ သူတို့က သေနတ်ချင်း၊ သေနတ်ချင်း ယှဉ်မပစ်ဘဲနဲ့ အမြောက်နဲ့ပဲပစ်ပြီးမှ တိုးလာတာလေ။ အဲ့တော့ ကိုယ်တွေက ဘယ်လိုမှ တိုးလို့မရတော့ အမြောက်ကျည်ဆန်တွေကြားထဲမှာ မရမက တွားသွား ရှေ့တိုးပြီးမှ အနီးကပ်တိုက်ပွဲလို ပစ်ရတာပေါ့” ဟု မြို့အရှေ့ဘက် ယနေ့နံနက်တိုက်ပွဲနှင့် ပတ်သက်၍ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
မင်းတပ်မြို့တွင်း၌လည်း နံနက် ၁၀ နာရီဝန်းကျင်တွင် အပြန်အလှန် စတင်ပစ်ခတ်ခဲ့သည်။ စစ်ကောင်စီတပ်က လက်ဖြောင့်သေနတ်သမား (စနိုက်ပါ) များ အသုံးပြုလျက် လူနာတင်ယာဉ်များကိုပါ ပစ်ခတ်နေသည့်အတွက် ဒဏ်ရာရသူများကို ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အတူ မြို့အနောက်ဘက်တွင် ဖြစ်ပွားနေသော တိုက်ပွဲများမှာလည်း မြို့နှင့် ၁၆ မိုင်အကွာအထိ ရောက်ရှိလာပြီး ယနေ့ညနေပိုင်းအထိ အပြင်းအထန်ပစ်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။
ယနေ့ နေ့ခင်းပိုင်းတွင် စစ်ကောင်စီက ရဟတ်ယာဉ်များအသုံးပြုကာ မင်းတပ်မြို့တွင်းရှိ ခလရ ၂၇၄ တပ်ကို အင်အားဖြည့်တင်းမှုများ လုပ်ဆောင်ခဲ့သည်ဟု ယူဆရပြီး ညနေပိုင်းတွင် မြို့တွင်း၌ စစ်ကောင်စီတပ်က ဒရုန်းများအသုံးပြု၍ စုံစမ်းထောက်လှမ်းခဲ့သည်ဟု သိရသည်။
မင်းတပ်မြို့ မြို့တွင်းမြို့ပြင် သုံးနေရာ၌ ဖြစ်ပွားသော ယနေ့တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ လေးဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်တွင်လည်း သေဆုံးသူ ၅ ဦးခန့်ရှိနိုင်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ယနေ့ည ၉ နာရီအချိန်တွင် Myanmar Now ကို ပြောသည်။
စစ်အာဏာရှင်ပြုတ်ကျရေး ပြည်သူ့စစ်ကူများ
ယမန်နေ့က မင်းတပ်မြို့တွင် စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေချိန်၌ ချင်းပြည်နယ်တောင်ပိုင်းမြို့တစ်ခုဖြစ်သော ကန်ပက်လက်မြို့နှင့် ချင်းပြည်နယ်အစပ်ရှိ မကွေးတိုင်း ဆောမြို့နယ်တို့တွင်လည်း ဒေသခံများက စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
မင်းတပ်မြို့၏ အရှေ့ဘက် မိုင် ၂၀ အကွာရှိ ဆောမြို့နယ်တွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သားငါးဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထိုနည်းတူ မင်းတပ်မြို့တောင်ဘက် မိုင် ၂၀ အကွာရှိ ကန်ပက်လက်မြို့တွင်လည်း ယမန်နေ့ညပိုင်း၌ ပြည်သူ့ကာကွယ်ရေးတပ်က စစ်ကောင်စီတပ်များကို လက်ဦးမှုရယူပြီး တိုက်ခိုက်ခဲ့သည်။
မင်းတပ်မြို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေချိန် အခြားမြို့များတွင်လည်း တစ်ပြိုင်တည်းတိုက်ခိုက်ခြင်းဖြင့် စစ်ကောင်စီတပ်များအတွက် စစ်ကူပို့ရန် အခက်တွေ့စေနိုင်သည်ဟု ဒေသခံများက ဆိုသည်။
“အခုချိန်မှာ ညီညီညွတ်ညွတ် ထကြွရင် ဘယ်နေရာကိုမှ သူတို့ စစ်ကူပို့ဖို့ အချိန်ရှိမှာ မဟုတ်ဘူး။ ခုလိုမျိုး မင်းတပ်ကို အရမ်းပြန်ဖိနေတဲ့အချိန်မှာ လက်ခုပ်တီးနေရုံနဲ့ ပြီးသွားရင် အာဏာရှင်တွေ ဆက်ပြီးသက်ဆိုးရှည်နေမှာပဲ။ ရရာနည်းနဲ့ ကျန်တဲ့မြို့ရွာတွေ အကုန်ထကြွတဲ့အခါမှသာလျှင် သူတို့အကျပ်ရိုက်မယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီကို အပြင်းအထန်ခုခံနေသည့် မင်းတပ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အဆက်အသွယ်ရရှိထားသော်လည်း ထိရောက်သည့် ထောက်ပံ့မှုတစ်စုံတစ်ရာ မရရှိသေးဟု ဆိုသည်။
မင်းတပ်မြို့တွင် တိုက်ပွဲများ တစ်ကျော့ပြန်စတင်နေသည်မှာ ၄၈ နာရီကျော်လာပြီး လက်နက်အင်အား၊ လူအင်အား သာလွန်သည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များက ရိုးရာလက်လုပ်တူမီးသေနတ်များ၊ နှစ်လုံးပြူးသေနတ်များ၊ လက်လုပ်မိုင်းများဖြင့် ခုခံတိုက်ခိုက်လျက်ရှိသည်။