စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးခဲ့သည့် ယခုအပတ်အတွင်း ပရဟိတဆေးရုံတစ်ခု အပါအဝင် ကျေးရွာ ၁၀ ရွာ ထက်မနည်း မီးရှို့ခံရပြီး အရပ်သား ၅ ဦး ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း ဒေသခံ စစ်ရေးရင်းမြစ်များထံက သိရသည်။
သြဂုတ်လ ၃၁ ရက်နေ့က ဘုတလင်မြို့မှ ထွက်ခွလာသည့် အင်အား ၈၀ ကျော်ပါ စစ်တပ်စစ်ကြောင်း သည် ဘုတလင်မြို့နယ်အရှေ့တောင်ခြမ်းကို စစ်ကြောင်းထိုးခဲ့ပြီး ယနေ့ (စက်တင်ဘာလ ၄ ရက်နေ့) နံနက်ပိုင်းတွင် ဘုတလင်မြို့ပေါ်ကို ပြန်လည် ဝင်ရောက်သွားသည်။
အဆိုပါစစ်ကြောင်းက ၄ ရက်တာအတွင်း ဘုတလင်မြို့နယ်အရှေ့တောင်ခြမ်းကျေးရွာများဖြစ်သော ရွှေတောင် ၊ ကံသာ ၊ ပေါက်ဆိတ်ပေါက်၊ ကုန်းသာ၊ ဇီးတော (အရှေ့) ၊ သနပ်ကျင်း ၊ မန်ကျည်းအုပ် ၊ မုံထူး၊ ထူးကြီး ၊ ကျွန်း ချောင်းနှင့် သပြေပင်တို့ကို စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။
စစ်တပ်သည် ၎င်းတို့စစ်ကြောင်းထိုးရာ ကျေးရွာတိုင်းလိုလိုကို မီးရှို့သွားပြီး စက်တင်ဘာလ ၂ ရက်နေ့ တွင် ထူးကြီးကျေးရွာရှိ ပရဟိတဆေးရုံအဆောက်အအုံကိုပါ မီးရှို့သွားကြောင်း ဒေသ ပြည်သူ့ကာကွယ် ရေးတပ်တစ်ခုမှ ရဲဘော် တစ်ဦးက ပြောသည်။
“သူတို့ရောက်တဲ့ ရွာတိုင်းကို မီးရှို့တယ်။ နည်းတာ များတာပဲ ကွာမယ်။ အခုလောဆယ်တော့ အိမ်ခြေ စာရင်းတွေ မသိရသေးဘူး။ ရွှေတောင်ရွာက ရွာလုံးကျွတ်နီးပါးပဲ။ ထူးကြီးနဲ့ ကံသာကတော့ ပျက်စီး ဆုံးရှုံးမှုများတယ်” ဟု ဆိုသည်။
ဒေသခံ အရပ်သား ၅ ဦးထက်မနည်းကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပြီး ၊ စစ်ကြောင်း ၏ရှေ့ဆုံးမှထားကာ သွားလာခဲ့ကြောင်း၊ အဆိုပါ ဓားစာခံများအနက်မှ တစ်ဦး မိုင်းထိကြောင်းလည်း သတင်းများထွက်ပေါ်နေသည်ဟု အထက်ပါ ရဲဘော်က ဆက်ပြောသည်။
ဓားစာခံအရပ်သားတစ်ဦး မိုင်းထိသည်နှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြား အတည်ပြု ချက် မရရှိသေးပေ။
ထူးကြီးရွာရှိ ပရဟတိဆေးရုံ မီးရှို့ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်တပ်ထံ ဘက်ပြောင်းခိုလှုံသွားသူ တစ်ဦး၏ လက်ချက်ဟု ၎င်းက ယူဆသည်။
“အခုစစ်ကြောင်းမှာ ၂၀၂၄ တုန်းက ဘက်ပြောင်းသွားတဲ့ မုံရွာမြို့နယ် ဖန်းခါးကျင်းရွာ Local အဖွဲ့ထဲ ကလည်းဖြစ်တဲ့ ပကဖ ဒုတာဝန်ခံ လိုက်လာတယ်။ သူက ဒေသကျွမ်းကျင်သလို ဆေးရုံရှိတဲ့ ထူးကြီးရွာ အကြောင်းလည်းသိနေတယ်” ၎င်းက ပြောသည်။
ဆရာဝန် နှစ်ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၃ ဦးခန့်ဖြင့် လည်ပတ်ခဲ့သည့်ထိုပရဟိတဆေးရုံမှာ စစ်ဘေးရှောင်ပြည်သူများနှင့် လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ထိခိုက် ဒဏ်ရာရ ပြည်သူများကို ကုသမှုပေးနေပြီး ယခင်က ခွဲစိတ်ကုသမှုများပါ လုပ်ဆောင်ခဲ့သည့်နေရာဖြစ်သည်။

ကျေးရွာများကို မီးရှို့သည့်အပြင် နေအိမ်များရှိ အရပ်သားပိုင်ပစ္စည်းများကို ကျေးရွာတွင် ကျန်ခဲ့သည့် ကားများနှင့်ပါ သယ်ဆောင်သွားသည်ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။
“ကားတွေကတော့ ထူးကြီးက ဖြစ်နိုင်တယ်။ လောလောဆယ် စာရင်းအရ Light Truck နှစ်စီးနဲ့ Hi-jet နှစ်စီးဗျ၊ ပါသွားတာကတော့ ကားလေးစီးနဲ့ ဆိုင်ကယ် တော်တော်များများပေါ့။ စစ်ကြောင်းထိုးလာတာ ရုတ်တရက်ဆိုတော့ လမ်းမကောင်းတာရော (ကား၊ ဆိုင်ကယ်ထားခဲ့ပြီး) ကြုံသလို ပြေးရတဲ့သဘောပေါ့ဗျာ” ဟု ထိုရွာသားက ဆိုသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ရှိရာ မုံရွာနှင့် ၁၅ မိုင်ခန့်သာဝေးပြီး တော်လှန်ရေးအင်အားစု များ အားကောင်းရာ ဘုတလင်မြို့နယ်ကို ဩဂုတ်လလယ်ပိုင်းကစပြီး တကျော့ပြန် စစ်ကြောင်းထိုးကာ နယ်မြေပြန်လည်စိုးမိုးနိုင်ရန် ကြိုးပမ်းနေသည်။
၂၀၂၃ အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ကာ ရှမ်းမြောက်တွင် တော်လှန်ရေးတပ်များက အစပြုသော “၁၀၂၇” စစ်ဆင်ရေးကြောင့် စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးမှုများ လျော့နည်းသွားရာမှ ယခုနှစ် ဇူလိုင်လကုန်မှ စ၍ စစ်ကိုင်းတိုင်းအတွင်း တကျော့ပြန်စစ်ကြောင်းများ ထိုးနေသည်၊ တိုင်းအတွင်း မြို့နယ် ၃၇ ခုအနက် ၁၅ မြို့နယ်ထက်မနည်းကို စစ်ကြောင်းထိုးခံနေရသည်။
စစ်တပ်သည် ယခု စစ်ကြောင်းများတွင် အင်အား ရာဂဏန်းအထိ အသုံးပြုလာပြီး အများစုမှာ ၎င်းတို့ကို ပြည်သူ့စစ်မှုထမ်းဟု အမည်တပ်ထားသည့် အဓမ္မစစ်သားစုဆောင်းခံရသူ များဖြစ်ကာ စစ်ကြောင်းတိုင်း တွင်လည်း ဒေသခံဓားစာခံများကို ရှေ့မှတက်ခိုင်းပြီး စစ်ကြောင်းထိုးသည်ကို တွေ့ရကြောင်း ယင်းမာပင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတစ်ခုမှ တပ်ရေးဗိုလ်က ပြောသည်။
ယင်းသို့ စစ်ကြောင်းထိုးရာတွင် စစ်ကိုင်းတိုင်းအတွင်း အချက်အချာကျသည့် လမ်းပိုင်းများကိုလည်း ပြန်လည်စိုးမိုးမှုရယူကာ လမ်းပိုင်း အထိုင်စခန်းများဖြင့် တပ်စွဲရန် ပြင်ဆင်နေကြောင်းလည်း ဒေသခံ တပ်ရင်းတပ်ဖွဲ့များထံက စုံစမ်းသိရှိရသည်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကိုင်း-ရှိမ္မကား-ရွှေဘိုလမ်း၊ စစ်ကိုင်း-အုန်းတော-ဆားတောင်-ဝက်လက်-ရွှေဘို လမ်း၊ မုံရွာ-မန္တလေးလမ်း၊ မုံရွာ -အရာတော်လမ်း ပုလဲ- မင်းတိုင်ပင်_ ဂန့်ဂေါလမ်း နှင့် ကန့်ဘလူ မြို့နယ် အတွင်း ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းများတွင် စစ်တပ်ဘက်က အထိုင်စခန်းများချနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။



