စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် နယ်မြေပြန်လည်စိုးမိုးနိုင်ရေး စစ်ကြောင်းထိုးနေသည့် စစ်တပ်က ယနေ့ (စက်တင်ဘာလ ၂ ရက်နေ့) နံနက်၌ ခွဲစိတ်ကုသမှုများပါ လုပ်ဆောင်ပေးခဲ့သည့် ပရဟိတဆေးရုံ တစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဘုတလင်မြို့ပေါ်မှထွက်လာသည့် စစ်ကောင်မရှင်တပ်ဖွဲ့သည် မြို့တောင်ဘက် ကျေးရွာများကို စီးနင်းမီးရှို့နေရာ ယနေ့ နံနက်တွင် ပရဟိတဆေးရုံကို မီးရှို့ခဲ့သည်။
ဒေသခံတော်လှန်ရေးအဖွဲ့တစ်ခုမှ (LPDF)ခေါင်းဆောင် တစ်ဦး စစ်တပ်ထံ ကူးပြောင်းခိုလှုံသွားပြီးနောက် ၎င်း၏ လမ်းပြမှုဖြင့် ဆက်သွယ်ရေးခက်ခဲရာနေရာတွင် တည်ထားသည့်ဆေးရုံနေရာအထိ စစ်ကြောင်း ထိုးလာခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နာယက ဒေါက်တာဇေက ပြောသည်။
“ အဲ့ဒီဘက်တွေက လျိုတွေ ချောက်တွေရှိတယ်။ တော်ရုံတန်ရုံနဲ့စစ်ကြောင်းထိုးလို့မရဘူး။ အဲ့ဒီနားမှာ နေခဲ့တဲ့ Local PDF က ခေါင်းဆောင်တစ်ယောက်က နမခထဲဝင်ပြီး ပူးပေါင်းသွားတာ။ ပူးပေါင်းသွား တော့ အခု စစ်ကြောင်းထိုးရာမှာ သူ ပါလာတယ်လို့ မျက်မြင်တွေကပြောတာ။ သူက လမ်းကြောင်းတွေ လှည့်ပြပေးတယ်”ဟု ဒေါက်တာဇေက ဆိုသည်။
ထိုပရဟိတဆေးရုံမှာ ၂၀၂၃ နှစ်ဆန်းပိုင်းတွင် စတင်လည်ပတ်ခဲ့ပြီး နှစ်နှစ်ကျော်အကြာ အင်ဂျင်တပ် လေထီးအပါအဝင် လေကြောင်းအန္တရာယ်များကြောင့် ယခုနှစ်လယ်တွင် ဆေးရုံ အပြည့်အဝမလည်ပတ် တော့ကြောင်း ၎င်းက ဆိုသည်။
“အတွင်းလူနာတွေမထားတော့ဘဲနဲ့ ပြင်ပလူနာကြည့်တာလောက်ပဲလုပ်တော့တာ။ ခွဲစိတ်ရမဲ့ လူနာတွေဆို မခွဲတော့တာ။ အတွင်းလူနာတွေဆိုမထားတော့တာ။ အကုန်ပိတ်ထားလိုက်ပြီးမှ ပြင်ပလူနာဌာနလောက်ပဲ ဖွင့်ပြီးကြည့်ပေးနေတာ လုံခြုံရေးကြောင့်လေ” ဟု ဒေါက်တာဇေက ဆက်ပြောသည်။
ဘုတလင်နယ်အတွင်း လက်ရှိ စစ်ကြောင်းအခြေအနေနှင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရေး အခက်အခဲတို့ကြောင့် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ရွှေတောင်၊ ပေါက်ဆိန်ပေါက်၊ ထန်းတော၊ ကံသာရွာမှ ပျက်စီးဆုံးရှုံးမှု အိမ်ခြေနှင့် ဆေးရုံပျက်စီးဆုံးရှုံးမှုအခြေအနေ အတိအကျ မသိရသေးပေ။
ဆရာဝန် နှစ်ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၃ ဦးခန့်ဖြင့် လည်ပတ်ခဲ့သည့်ထိုပရဟိတဆေးရုံမှာ စစ်ဘေးရှောင်ပြည်သူများနှင့် လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ထိခိုက် ဒဏ်ရာရ ပြည်သူများကို အခမဲ့စနစ်နှင့် အခြားပြည်သူများကို စရိတ်မျှပေးစနစ်ဖြင့် ကုသမှုပေးခဲ့ကာ နှစ်နှစ်ကျော် အတွင်း လူနာတစ်ထောင်ကျော်ကို ကုသမှုပေးနိုင်ခဲ့ကြောင်းသိရသည်။
အခက်အခဲများကြားမှ ခွဲစိတ်ကုသမှုအချို့လည်း ဆောင်ရွက်နိုင်ခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။

စစ်တပ်က ဆေးရုံဆေးခန်းများ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ခပ်စိတ်စိတ်လုပ်လာသည့် အပြင် ဩဂုတ်လမှ စပြီး စစ်ကိုင်းတိုင်းအတွင်း ဆေးဝါးအပါအဝင် ကုန်စည်သယ်ယူမှုများ ကန့်သတ် တင်းကျပ်ထားသည်။
စစ်သားစုဆောင်းရန် အတင်းအဓမ္မဖမ်းဆီးမှုများ၊ သွားလာရေးကန့်သတ်ချက်များကြောင့် ဒေသခံများ မှာ စစ်တပ်အခြေစိုက်တပ်စွဲထားရာ ဘုတလင်၊ မုံရွာမြို့ပေါ်သို့ သွားရောက်ဆေးကုသရန် ခက်ခဲပြီး ဒေသတွင်း ဖွင့်ထားသည့် ဆေးရုံ၊ ဆေးခန်းများကို အားကိုးနေရသည့်အခြေအနေဖြစ်ကြောင်း ဒေသခံ တို့က ဆိုသည်။
“ တချို့ကတော့ မြို့ပေါ်တွေသွားပြတာရှိပေမယ့်လည်း တော်လှန်ရေးနယ်မြေတွေမှာ ရှိတဲ့ဆေးရုံတွေ ကိုပဲဒေသခံတွေက အားကိုးနေရတာ ။ လက်ရှိတော့ ရပ်ရွာတွင်းမှာရှိတဲ့ ဆရာမလေးတွေ သားဖွားတို့ ကျန်းမာရေးကြီးကြပ်တို့ကို အားကိုးရတာ။ ရပ်ရွာမှာ ရှိတဲ့ ဆရာမတွေ အဆင်မပြေလောက်ဘူး ဆိုရင်တော့ (ဒေသတွင်း) ဖွင့်တဲ့ ဆေးရုံဆေးခန်း တွေသွားရတာ” ဟု ဘုတလင် ဒေသခံတစ်ဦးက ပြောသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ရှိရာ မုံရွာနှင့် ၁၅ မိုင်ခန့်သာဝေးပြီး တော်လှန်ရေးအင်အားစု များ အားကောင်းရာ ဘုတလင်မြို့နယ်ကို ဩဂုတ်လလယ်ပိုင်းကစပြီး တကျော့ပြန် စစ်ကြောင်းထိုးကာ နယ်မြေပြန်လည်စိုးမိုးနိုင်ရန် ကြိုးပမ်းနေသည်။
နမမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ကို ဩဂုတ်လလယ်ပိုင်းက ဘုတလင်မြို့ပေါ် သို့ ရောက်ရှိ လာပြီးနောက် မြို့အနီးဝန်းကျင်ရှိ ကျေးရွာများကိုစီးနင်းကာ စစ်တပ် ဦးဆောင်သော ရွေးကောက်ပွဲတွင် မဲပေးရန် ပြောခဲ့ပြီး အမည်စာရင်းကောက်ခံမှုများလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဩဂုတ်လ ၂၆ ရက်နေ့က ဘုတလင်အနောက်ခြမ်း ကျေးရွာများကို အင်ဂျင်တပ်လေထီးဖြင့်ဗုံးကြဲခဲ့သလို လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၄၀၅ ဦးသေဆုံးခဲ့ပြီး စာသင်ကျောင်း ၂၇၄ ကျောင်း၊ ဆေးရုံဆေးခန်း ၁၀၆ ခုနှင့် ဘာသာရေးအဆောက်ဦ ၄၈၃ ခု ပျက်စီးခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယခင်လက ထုတ်ပြန်ထားသည်။




