ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း၊ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ယမန်နေ့ (သြဂုတ်လ၊ ၂၆ ရက်နေ့) က အင်ဂျင်တပ်လေထီး (ပါရာမိုတာ) ၊ စစ်လေယာဉ်များဖြင့် ဗုံးကြဲခဲ့ပြီး မုံရွာမြို့အခြေစိုက်စစ်ဌာနချုပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် အရပ်သားသုံးဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ဒေသခံများထံက သိရသည်။
ယမန်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် ဘုတလင် – အရာတော်လမ်းပိုင်း (ဒေသအခေါ် ဘုန်းကြီးလမ်းခွဲအနီး) တစ်နေရာတွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသည့် အင်ဂျင်တပ်လေထီး က တိုက်ခိုက်ခဲ့သည်။
ပါရာမိုတာက ဗုံးကြဲချသည့်အပြင် လက်နက်ငယ်နှင့်လည်း ပစ်ခတ်ရာ အသက် ၁၉ နှစ်အရွယ်၊ Grade-12 ကျောင်းသူတစ်ဦး သေဆုံးကြောင်း ဘုတလင်မြို့နယ် တပ်ရင်းတစ်ခုမှ ရဲဘော်တစ်ဦးက ပြောသည်။
ထို့နောက် ညနေပိုင်း ၅ နာရီခွဲဝန်းကျင်တွင် ဘုတလင်နယ်အနာက်ခြမ်း၊ သခွတ္တနယ်ကျေးရွာအနီး ကနီမြို့နယ်နှင့် ထိစပ်နေရာတွင် တိုက်ခိုက်ရေးလေယာဉ်များ၊ ည ၈ နာရီဝန်းကျင်ခန့်တွင် အင်ဂျင်တပ်လေထီးများဖြင့် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ အသက် ၂၀ ဝန်းကျင် အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။
“ ညနေပိုင်းတစ်ခုလုံး လေကြောင်းတိုက်ခိုက်ခံရတယ်လို့ ပြောရမယ်။ သေဆုံးတာကတော့ ဘုန်းကြီးလမ်းခွဲဘက် စစ်ရှောင်မိန်းကလေးတစ်ဦးနဲ့ သခွတ္တနယ်ဘက်ခြမ်း၊ အမျိုးသားနှစ်ဦးရောဆို သုံးယောက်ရှိသွားပြီ” ဟု ဘုတလင်မြို့နယ် တပ်ရင်းတစ်ခုမှ ရဲဘော်က ယမန်နေ့ည ၈ နာရီဝန်းကျင်တွင် ပြောသည်။
သခွတ္တနယ်ကျေးရွာသည် ဘုတလင်မြို့အနောက်မြောက်ဘက်၊ ၁၃ မိုင်ကျော်ခန့် အကွာတွင် တည်ရှိသည်။ လေကြောင်း တိုက်ခိုက်ခံရမှုတွင် ရွာအနီး စက်သုံးဆီဆိုင်ဝန်းကျင်၌ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အအုံ အချို့ထိခိုက်ပျက်စီးသည်ဟု သိရသည်။
လေယာဉ်များ ဗုံးကြဲခဲ့သည့်နေရာသည် တော်လှန်ရေးတပ်ဖွဲ့များအခြေချခြင်း မရှိသကဲ့သို့ ထိတွေ့တိုက်ပွဲ မရှိသော အရပ်သားများနေထိုင်သည့် လူစည်ကားရာနေရာဖြစ်သည်ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တပ်ရေးဗိုလ်ကလည်း ပြောသည်။
“ညနေ ၅ နာရီခွဲလောက်ကတည်းက လေယာဉ် သုံးစီးနဲ့ လာပစ်တယ်။ စုစုပေါင်း ရှစ်ကြိမ်ကြဲတယ်။ ည ၈ နာရီ ပတ်ချာလည်မှာ ပါရာမိုတာနှစ်စီးနဲ့ လာချတာ။ နှစ်ယောက်က ချက်ချင်း သေတာ ၊ နှစ်ယောက်က ဒဏ်ရာရတယ်။ ပြည်သူတွေချည်းပဲ” ဟု ဘုတလင် အနောက်ခြမ်းအခြေအနေကို ၎င်းက ရှင်းပြသည်။
ဘုတလင်မြို့နယ် ပအဖ အဖွဲ့ဝင် အမျိုးသားတစ်ဦးက“ ဆီဖြန့်ဖြူးတဲ့နေရာပေါ်ကို ဒဲ့တွေချည်း ကြိတ်သွားတာ၊ ချသွားတာပေါ့ဗျ၊ အဲဒီဆီကို ပိုက်ဆံလာရှင်းတဲ့ အမျိုးသား နှစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်၊ ကျန်တဲ့သူတွေကတော့ အစမှန်ပြီးဒဏ်ရာရတာတွေတော့ ရှိတယ်” ဟု ပြောသည်။
မုံရွာမြို့နမခထဲမှလည်း ဘုတလင်အနောက်ခြမ်းသို့ ယမန်နေ့၊ ညဦးပိုင်းအချိန်အထိ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်ဟု သိရသည်။
“လက်နက်ကြီး ၁၁ ချက်ရှိပြီ ၊ နမခ ဘက်ကနေပစ်နေတာ” ဟု ဘုတလင်မြို့နယ် အနောက်ခြမ်းကျေးရွာ တစ်ရွာမှ ရွာသားတစ်ဦးက ပြောသည်။

မုံရွာမြို့ နမခမှ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းတစ်ခုသည် ယခုလလယ်ပိုင်းမှ စတင်ကာ ဘုတလင် မြို့နယ်အတွင်း တကျော့ပြန်စစ်ကြောင်းထိုးနေရာ ထိုစစ်ကြောင်းက မြို့နှင့် တစ်မိုင် ၊ နှစ်မိုင် ဝန်းကျင် ကျေးရွာများကို စစ်တပ်၏ မဲစာရင်းအတွက် အမည်ကောက်ခံခြင်းများ ပြုလုပ်သွားကြောင်းလည်း ဒေသခံများထံက သိရသည်။
ယမန်နေ့၊ ည ၇ နာရီ ဝန်းကျင်တွင် ဘုတလင်မြို့မြောက်ဘက်၊ သုံးမိုင်အကွာ ပဲပြစ်တောအရှေ့ရွာအထွက် တက်လှိုင်းရွာအနီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပဲပြစ်တောရွာဘက်မှ တဆင့် မြို့ပေါ်သို့ တပ်ပြန်ဆုတ်သွားကြောင်း ဘုတလင်ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ထိတွေ့မှုတွင် စစ်တပ်ဘက်မှ သေဆုံးသူ ခုနစ် ဦး ရှိခဲ့ပြီး သေနတ် နှစ်လက်လည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ယနေ့နံနက်တွင် ဘုတလင်မြို့ တောင်ဘက် ရှစ်မိုင်ခန့်အကွာ ဇီးတောရွာကို စစ်တပ်က မီးရှို့နေကြောင်း သိရသည်။
“ပဲပြစ်အရှေ့ရွာမှာ ညအိပ် တပ်စွဲထားတာ ခုမနက် ပြန်ခေါက်နေတယ်။ ဘုတလင်မြို့အနီး ရောက်နေတဲ့ နမခ ထွက်လာတဲ့ စစ်ကြောင်းကလည်း ဇီးတောအနောက်ရွာမှာ မီးရှို့နေတယ်” ဟု ယနေ့နံနက်တွင် အထက်ပါ ဘုတလင်ဒေသခံကပြောသည်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ရက်စက်စွာသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သော စစ်တပ်သည် ၂၀၂၄ ခုနှစ်၊ နှစ်ကုန်တွင် စစ်ကြောင်းထိုးခဲ့ပြီး လနှင့်ချီ ကြာမြင့်ပြီးမှ ယခုလအတွင်း စစ်ကြောင်း ထိုးလာခြင်းဖြစ်သည်။
မုံရွာအခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)နှင့် မိုင် ၂၀ ကျော်သာကွာဝေးသည့် ဘုတလင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကုန်က အင်အား ၈၀ နီးပါး ရှိသော စစ်ကောင်စီ စစ်ကြောင်း တစ်ခု ချုံခိုတိုက်ခိုက်ခံရချိန်တွင် အများအပြားအဖမ်းခံရပြီး စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်တပ်က အောက်တိုဘာလ၊ ဒုတိယပတ်မှစတင်၍ အင်အား ၁၀၀ ကျော် ဖြင့် ဘုတလင်မြို့အနီးတဝိုက်ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ခြင်း၊ ဓားစာခံ ဖမ်းဆီးခြင်း ၊ ကိုယ်လက် အင်္ဂါများ ခုတ်ထစ် သတ်ဖြတ်ခြင်းတို့ပြုလုပ်ပြီး လက်တုံ့ပြန်ခဲ့သည်။
ထိုစစ်ကြောင်း၏ လက်ချက်ကြောင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် အရပ်သား ၂၄ ဦး ထက်မနည်း သတ်ဖြတ်ခံရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။



