
ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်၊ ဗုဒ္ဓမြတ်စွာဘုရား တာဝတိံသာနတ်ပြည်တွင် ဝါတွင်းသုံးလ တရားဟောကြားပြီးနောက် လူ့ပြည်သို့ ပြန်လည်ကြွချီလာသည့်နေ့ဟု ဗုဒ္ဓဘာသာဝင်တို့က ယုံကြည်ကြပြီး နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တိုင်း ညဘက်တွင် ဘုရားရှင်ကို ဆီမီးထွန်းညှိ ပူဇော်ကြိုဆိုကြသည်။
သို့သော်လည်း မြန်မာနိုင်ငံအလယ်ပိုင်း၊ အညာဒေသ၊ ဘုတလင်မြို့နယ်ထဲမှ စီပါဆိုသည့်ရွာလေးမှ ရွာခံတို့ကမူ ပြီးခဲ့သည့် လပြည့်နေ့တွင် ဆီမီးမထွန်းနိုင်ခဲ့ကြ။ လပြည့်နေ့တွင် ဘုရားရှင်ကိုကြိုဆိုဖို့ထက် ရွာထဲဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့များလက်ထဲ အရှင်လတ်လတ်ငရဲမကျစေရေးအတွက် ပြေးကြလွှားခဲ့ကြရသည်။
ရွာသားအများစုက ခြေဦးတည့်ရာထွက်ပြေးခဲ့ကြသော်လည်း ပြေးမလွတ်ကြသူများ လူ့ငရဲနှင့်ရင်ဆိုင်ခဲ့ကြရသည်။ ဖမ်းခံရသူများသည် လပြည့်ညတွင် ငရဲကျသလို အရှင်လတ်လတ် ညှဥ်းပန်းနှိပ်စပ်ခံခဲ့ရသည်ဟု ဒေသခံတို့ကဆိုသည်။
စစ်တပ်သည် သတင်းကျွတ်လပြည့်ညတွင် စီပါရွာတွင်စခန်းချခဲ့ပြီး ဖမ်းမိသည့် ရွာသားများထဲမှ သုံးဦးကို ခေါင်း၊ ခါး၊ ခြေ၊ လက် တစ်ခုစီ ခုတ်ထစ်သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။
“မျက်နှာတွေမှာ ဓားတွေနဲ့ အကုန်မွှန်းထားတယ်”
“(လိင်) အင်္ဂါ အစိတ်အပိုင်းကို ဖြတ်ထားတဲ့သူကတစ်ယောက်။ ခြေထောက်၊ လက်ထောက်တွေ ဖြတ်ထားတာက သုံးယောက်လုံးပဲ”
“ခေါင်းတွေကို ဝင်းထရံမှာချိတ်ပြီးတော့မှ ကိုယ်လုံးတွေကို (မီးနဲ့) ရှို့တာ”
“အဝတ်အစားတွေလည်း အကုန်ချွတ်ထားတယ်”
ဟု စစ်တပ်ကနှိပ်စက်သတ်ဖြတ်ခဲ့သူတို့၏ ရုပ်အလောင်းများအကြောင်းကို စီပါရွာခံ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးက ပြောသည်။
လပြည့်ကျော်တစ်ရက်နေ့ (အောက်တိုဘာ ၁၈) ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများ တွင်လည်း စီပါရွာထဲ၎င်းတို့စစ်သားများဝင်ရောက်ခဲ့ကြောင်း စစ်တပ်ကဝန်ခံခဲ့သည်။

ငရဲသားများရွာထဲဝင်လာခြင်း
စီပါရွာခံ အသက် ၄၀ကျော်အရွယ် ဒေါ်အေးမြင့်နှင့်သူ၏မိသားစုသည် ရွာဦးကျောင်းသို့ ဆွမ်းချိုင့်ပို့ရန် ပြင်ဆင်နေသည်။ ဒေါ်အေးမြင့် ဆိုသည်က သူ၏အမည်အရင်းမဟုတ်ဘဲ လုံခြုံရေးအရ ယခုသတင်းဆောင်းပါတွင် ပြောင်းလဲထားသည့် အမည်ဖြစ်သည်။
ဆွမ်းချိုင့်အတွက် ချက်ပြုတ်နေစဉ် နံနက် ၇နာရီခန့်တွင် သေနတ်သံများ စကြားခဲ့ရသည်ဟု ဒေါ်အေးမြင့်ကပြောသည်။ ထို့ကြောင့် ဘေးလွတ်မည့်နေရာဆီ ခပ်သုတ်သုတ် ထွက်ပြေးခဲ့သည်။
“ဆွမ်းပို့မယ်ဆိုပြီးတော့ ကြက်ဥလေးတွေ ပြုတ်ထားတာကို မနပ်ခဲ့ဘူး…” ဟု သူက ပြောသည်။
မြို့မြောက်ဘက်လေးမိုင်ခန့်အကွာမှ အိမ်ခြေ ၅၀၀ ခန့်ရှိသည့် စီပါရွာထဲသို့ သီတင်းကျွတ်လပြည့်နေ့ နံနက်ခင်းတွင် စစ်သား ၁၀၀ ခန့်က သေနတ်များပစ်ဖောက်ကာ ဝင်ရောက်လာကြခြင်းဖြစ်သည်။
နံနက် ၉ နာရီခန့်တွင် ရွာတောင်ဖျားမှ မီးခိုးလုံးများ တလိပ်လိပ် တက်လာသည်ကို သူ မြင်ခဲ့သည်။ မွန်းတည့်ချိန်တွင်မီးခိုးအထွက်ရပ်သွားသည်။ မွန်းလွဲ ၃ နာရီခန့်တွင် မီးခိုးလုံးများ နောက်တစ်ကြိမ် ထပ်မြင်ရသည်။ ရွာမြောက်ဘက်ပိုင်းမှ မီးခိုးထွက်ခြင်း ဖြစ်သဖြင့် ရွာလုံးကျွတ်မီးရှို့နေခြင်းဖြစ်ကြောင်း ဒေါ်အေးမြင့်နှင့်ရွာသားများ နားလည်ခဲ့ကြသည်။
ရွာနားမကပ်ရဲဘဲ ခပ်ဝေးဝေးမှ အခြေအနေကို စောင့်ကြည့်နေသည့် ဒေါ်အေးမြင့်နှင့်ရွာသားများသည် သီတင်းကျွတ်လပြည့်ညကို တောထဲတောင်ထဲတွင် ဖြတ်သန်းခဲ့ကြရသည်။
နောက်တစ်ရက်နံနက်လင်းချိန်တွင် စစ်တပ်ကရွာထဲမှပြန်ထွက်သွားပြီဟု သတင်းရခဲ့ပြီးနောက် သူတို့ ရွာထဲ ပြန်ခဲ့ကြသည်။ ရွာထိပ်ရောက်ချိန်တွင် သတင်းဆိုးက သူတို့ကို စောင့်ကြိုနေသည်။
အရပ်သားသုံးယောက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့်ရုပ်အလောင်းများကြောင့် ရွာခံများ တုန်လှုပ်ခြောက်ခြားခဲ့ကြသည်။ သေဆုံးသူသုံးဦးတွင် အသက် ၅၀ ဝန်းကျင်အရွယ် ဦးရာစိန်နှင့် ဦးဌေးလွင်တို့မှာ စီပါရွာသားများဖြစ်ပြီး ကျန်အမျိုးသားတစ်ဦးမှာ စစ်တပ်က ဓားစာခံအဖြစ် ဖမ်းခေါ်လာသူ ဖြစ်နိုင်ကြောင်း ဒေါ်အေးမြင့်သည်။
ရွာထိပ်ကရုပ်အလောင်းများထက် ဆိုးရွားသည့်မြင်ကွင်းကို ရွာသားများရွာလယ်ပိုင်းရောက်ချိန်တွင် ထပ်မံမြင်တွေ့ရပြန်သည်။ မျက်နှာ ဓားမွှန်း၊ ဦးခေါင်း၊ ကိုယ်လက်အင်္ဂါများ ဖြတ်တောက်ခံထားရသည့် ရုပ်အလောင်း သုံးလောင်းကို ရွာလယ်တိုက်ပျက်ကြီးအနီးတွင် ထပ်မံ ရှာတွေ့ ခဲ့ကြသည်။
သတ်ဖြတ်ခံရသူများသည် စီပါရွာသားများဖြစ်ကြပြီး အသက် ၈၀ ကျော်အရွယ် ဦးတင်လှိုင်၊ ၄၂ နှစ် အရွယ်ဦးတက်အောင်၊ ၄၀ ကျော်အရွယ် ဦးကြောင်ပိုတို့ဖြစ်ကြောင်း ရွာခံများက ပြောသည်။
Myanmar Now က ရရှိထားသည့် ရုပ်သံနှင့်ဓာတ်ပုံများတွင် ခေါင်းပြတ်သုံးခုကို ဝါးထရံခြံစည်းရိုးတွင် စိုက်ထားသည်။ ထိုအထဲမှ ဦးခေါင်းပြတ် နှစ်ခုပေါ်တွင် ဖြတ်တောက်ထားသည့် ခြေလက်တစ်စုံကို ထပ်ဆင့် တင်ထားသည်။ ထိုခြံစည်းရိုးအနီး ခြံဝန်းထဲတွင် ခြေလက်များ ခုတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ၃ ခုကို တွေ့ရပြီး ၎င်းတို့အနက်တစ်ခုမှာ မီးကြွမ်းနေသည်။
ဒေသခံအများစုမှာ ကြိုတင်ပြီးစစ်ဘေးရှောင်ကြသော်လည်း သက်ကြီးရွယ်အိုအချို့မှာ အန္တရာယ် မဖြစ်နိုင်ဟု ယူဆချက်ဖြင့် ရွာထဲ ကျန်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“(အသက်ကြီးတဲ့သူတွေကို) ဘာမှ မလုပ်လောက်ပါဘူးဆိုတဲ့ ဒီလိုစိတ်နဲ့ပေါ့။ ဒါပေမယ့် ဟိုကောင်တွေကကျတော့ လူစိတ်မှ မရှိတာကိုး”ဟု ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ဘုတလင်-ပအဖ) အဖွဲ့ဝင်တစ်ဦးကဆိုသည်။
ခေါင်းတခြား၊ ကိုယ်တခြား ခုတ်ထစ်သတ်ဖြတ်ခံခဲ့ရသူများထဲမှ ဦးတက်အောင်မှာ ရွာထဲ ခေတ္တပြန်ပြီး ဟင်းရွက်ခူးစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည် ဒေါ်အေးမြင့်က ပြောသည်။
“ရှောင်ရင်းနဲ့ ထမင်းချက်စားနေတာ။ ပင်စိမ်းရွက်ကို သွားခူးတယ်။ မခူးပါနဲ့ကွာလို့ပြောတော့ ‘ဟာ… မှိုချက်ထဲ ခရမ်းသီးချက်ထဲ ခပ်ရအောင်ကွာ’ ဆိုပြီး သွားခူးတာ” ဟု ဒေါ်အေးမြင့်က ဆိုသည်။
စီပါရွာမှ ထွက်သွားပြီးနောက် စစ်တပ်က ကပ်လျက်ရှိ ဆယ်ဝရွာကို ဝင်ရောက်စီးနင်းခဲ့သည်။ ထိုရွာတွင်လည်း အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများ ကျန်ခဲ့သည်၊ တစ်ဦးမှာ ကိုယ်လက်အင်္ဂါများ ဖြတ်တောက်ခံထားရသည်ဟု အောက်တိုဘာ ၂၁ ရက်နေ့တွင် တော်လှန်ရေးအင်အားစုက ပြောသည်။
ဆယ်ဝရွာနှင့် တစ်မိုင်ခန့်အကွာ စိုင်ပြင်လေးရွာတွင် စစ်တပ်က တပ်စွဲထားသည့်အတွက် ဒေသခံများမှာ ရွာထဲ နယ်မြေရှင်းလင်းရေး သေချာဝင်ရောက်ရှာဖွေနိုင်ခြင်းမရှိသေးကြောင်း ဘုတလင် ပအဖအဖွဲ့ထံက သိရသည်။
PDF မနိုင်၊ ရွာကိုမီးရှိူ့သည့် စစ်တပ်
အနောက်မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ မုံရွာမြို့နှင့် မိုင် ၂၀ခန့်သာကွာဝေးသည့် ဘုတလင်မြို့ နယ်တွင် စက်တင်ဘာလကုန်ပိုင်းက အင်အား ၈၀ ကျော်ပါ စစ်ကြောင်းတစ်ခုကို တော်လှန်ရေး အင်အားစုက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ဆယ်နှင့်ချီ သေဆုံး၊ ၄၀ ကျော် အရှင် ဖမ်းဆီးရမိကာ စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်သည်အထိ ဖြစ်ခဲ့ရသည်။
ထိုတိုက်ခိုက်ခံရမှုအပြီး စစ်တပ်က အရပ်သားများကို ဖမ်းဆီး၊ ခုတ်ထစ်၊ သတ်ဖြတ်ပြသည့်နည်းဖြင့် လက်တုံ့ပြန်နေခြင်းဖြစ်ကြောင်း ဒေသခံတို့က ယူဆကြသည်။

အောက်တိုဘာ ဒုတိယပတ်ကစပြီး နမခ ဌာနချုပ်မှ ထွက်ခွာလာသည့် စစ်ကြောင်းကြောင့် ဘုတလင်မြို့ပေါ်ရပ်ကွက်တချို့၊ စီပါ၊ မြောက်ကြည်၊ တက်လှိုင်း စသည့် ကျေးရွာတို့မှ ကလေးသူငယ်များအပါအဝင် အရပ်သား ၂၀ ကျော် သတ်ဖြတ်ခံခဲ့ရသည်ဟု တော်လှန်ရေးအင်အားစုက အတည်ပြုထားသည်။
ယခင်က စစ်ကြောင်းထိုးလာလျှင် စီပါရွာကို စီးနင်းသော်လည်း ယခုတစ်ကြိမ်တွင် အဆိုးဆုံး ပြုမူသွားခြင်းဖြစ်သည်ဟု ရွာခံဒေါ်အေးမြင့်က ဆိုသည်။
စက်တင်ဘာလကုန်ပိုင်းက ကူတော်ရွာမှထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို စီပါရွာနှင့် ကျွဲသေချောင်းရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်အထိနာခဲ့ပြီးနောက် စစ်တပ်က တုံ့ပြန်မှုများ လုပ်လာနိုင်ကြောင်း ဒေါ်အေးမြင့်အပါအဝင် ဒေသခံများက ကြိုတင်တွက်ဆခဲ့ကြသည်။
အောက်တိုဘာ ဒုတိယပတ်တွင် ဘုတလင်နယ်ထဲစစ်ကြောင်းဝင် လာချိန်ကတည်းက စီပါရွာခံများလည်း အခြားသော အိမ်နီးချင်းရွာများနည်းတူ စစ်ကြောင်းသတင်းကို နားစွင့်ပြီး တိမ်းရှောင်ရန် ပြင်ဆင်ထားကြသည်။
စစ်တပ်သည် မုံရွာ နမခ မှ ထွက်လာစဉ်ကတည်း ကပင် လမ်းတလျှောက် ကျေးရွာများမှ
သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများ အပါအဝင် ဒေသခံတို့ကို ဖမ်းခေါ်ကာ လူသားဒိုင်းသဖွယ်အသုံးပြုနေ သဖြင့် တော်လှန်ရေးအင်အားစုက စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရန် အခက်ကြုံနေသည်။
တကျော့ပြန်ထိုးလာသည့် ထိုစစ်ကြောင်းနှင့် တိုက်ပွဲမရှိသေးသော်လည်း စစ်တပ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကျေးရွာများသို့ ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုကဆိုသည်။
အရပ်သား ပြည်သူများနှင့်အိုးအိမ်စည်းစိမ်များကို ရည်ရွယ်ချက်ရှိရှီ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဘုတလင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက မှတ်ချက် ပြုသည်။
“အကြောက်တရားသွင်းပေးနေတဲ့ ပုံစံမျိုးပေါ့။ ဒါသူတို့လုပ်နေကြ ဖော်မြူလာကြီးလေ”ဟု ၎င်းက ဆိုသည်။
တော်လှန်ရေးအင်အားစုကို ရိက္ခာဖြတ်တောက်လေ့ရှိသည့် စစ်တပ်သည် ဘုတလင်မြို့နယ်တွင် လက်ရှိစစ်ကြောင်းထိုးချိန်တွင်လည်း အိမ်ခြေ ရာနှင့်ချီပြီး မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်တပ် စီးနင်းဝင်ရောက်ခဲ့ရာ အိုင်ပေါင်းချောင်၊ ဆယ်ဝရွာသစ်၊ ရွာဟောင်း၊ စီပါနှင့် လက်ရှိ အထိုင်ချ တပ်စွဲထားသည့် စိုင်ပြင်ရွာတို့တွင် မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၅၀၀ နီးပါး ပျက်စီးခဲ့ရကြောင်း ဘုတလင်မြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
စီပါရွာထဲ ဝင်ရောက်စီးနင်းခဲ့သည့် စစ်တပ်သည် ရွာကို တောင်မြောက်နှစ်ဘက်ညှပ်ပြီး မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၅၀၀ ခန့်ရှိသည့် စီပါရွာမှာ အိမ်ခြေ ၂၀၀ ခန့်သာ မီးဘေးလွတ်သည်ဟု သိရသည်။
“လောင်စာကောင်းတဲ့အိမ်တွေပဲရှို့တာ။ အခု နွားစာပုံတွေ၊ နွားစာတိုက်တွေရှိတဲ့အိမ်တို့၊ ထန်းရွက် အိမ် တို့ တစ်အိမ်နဲ့ တစ်အိမ်ကို ကူးနိုင်တဲ့အနေအထားမှာ ထားပြီးရှို့တာ” ဟု ဒေါ်အေးမြင့်က ဆိုသည်။
စစ်တပ်က စီပါရွာကို ထိုနေ့က ရောက်ခဲ့ကြောင်း ဝန်ခံထားသည်။
သို့သော်လည်း တော်လှန်ရေးအင်အားစုက ပစ်ခတ်သည့် လက်နက် ကြီး ကျရောက်ပေါက်ကွဲသဖြင့် ရွာ မီးလောင်ခြင်းဖြစ်သည်ဟု စစ်တပ်၏ အင်တာနက်စာမျက်နှာတွင် အောက်တိုဘာ ၂၀ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် ဖော်ပြထားသည်။
စီပါရွာထဲတွေ့ရသည့် ရုပ်အလောင်းများမှာ သတင်းပေးဟု စွပ်စွဲသတ်ဖြတ်ခံရသူတို့၏ ရုပ်အလောင်းများ ဖြစ်သည်၊ တော်လှန်ရေးအင်အားစုက သတ်ခြင်း ဖြစ်သည်ဟု စစ်တပ်က ဆိုသည်။
“ရက် စက် ယုတ်မာပြီး လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များ” ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တပ်၏ ထုတ်ပြန်ချက်မှာ ၎င်းတို့လုပ်လေ့ရှိသည့် စိတ်ဓာတ်ရေးရာအရ တိုက်ခိုက်မှုများသာ ဖြစ်သည်ဟု ဘုတလင်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက တုံ့ပြန်သည်။
စစ်တပ်ကရွာခံများကို ရက်စက်စွာသတ်ဖြတ်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုကမူ ၎င်းတို့ ဖမ်းထားသည့် စစ်ကောင်စီလက်နက်ကိုင်တို့ကို ပုံမှန်အတိုင်း ဆက်ဆံသည်ဟု မြို့နယ် ပအဖ အဖွဲ့ဝင် တစ်ဦးကပြောသည်။
စက်တင်ဘာလကုန်ပိုင်းတွင် လက်နက် ချခဲ့သည့် စစ်ကောင်စီတပ်သားများကို ကောင်းစွာထိန်းသိမ်းထားသည်ဟု ၎င်းက ဆက်ပြောသည်။
“သူတို့လို ကျနော်တို့က မရက်စက်ဘူး။ သူတို့လိုသာဆိုရင် တစ်ယောက်မှ ကျန်စရာအကြောင်း မရှိဘူးလေ” ဟု၎င်းကပြောသည်။