သတင်း

ဘုတလင်တွင် အထိနာသွားသည့်တပ်က အရပ်သား ၁၄ ဦးကို သတ်ဖြတ်

စစ်ကြောင်းတစ်ခုလုံးနီးပါး ချေမှုန်းခံလိုက်ရသည့် ဘုတလင်နယ်ထဲသို့ စစ်တပ် ဝင်ရောက်လာကာ ကလေးများအပါအဝင် တွေ့သည့် ဒေသခံတို့ကို သတ်ဖြတ်နေသည်။

ယခုလအတွင်း စစ်ကိုင်းတိုင်း၊ ဘုတင်မြို့နယ်မြို့တွင် စစ်တပ်က စစ်ကြောင်းထိုးစဉ် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၁၄ ဦးထက်မနည်း သတ်ဖြတ်ခံရသည်ဟု သိရသည်။ 

လဆန်းပိုင်းက မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက ဘုတလင်မြို့ပေါ် ရပ်ကွက်များ၊ မြို့အနီးရှိ ကျေးရွာများကို ဆက်တိုက်စီးနင်းစဉ် ထိုသို့ ကျူးလွန်ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

စီးနင်းစဉ်အတွင်း ဘုတလင်မြို့ပေါ် တွင် ကလေးအပါအဝင် မိသားစုဝင် ၆ ဦးကို သတ်ဖြတ်ခံရသလို မြို့နှင့်ကပ်လျက်ကျေးရွာများဖြစ်သော မြောက်ကြည်ရွာတွင် အရပ်သား ၇ ဦး၊ တက်လှိုင်းရွာတွင် အရပ်သား ၁ ဦး သတ်ဖြတ်ခံရသည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုက ပြောသည်။

ထိုစစ်ကြောင်းမှ စစ်သားများက အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက ဗန္ဓုလရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် ရှိနေသူများကို သတ်ဖြတ် သွားသည်ဟု ဆိုကြသည်။ 

မိသားစုလိုက်သတ်ဖြတ်ခံရသူများမှာ ဆိုင်ပိုင်ရှင် ဦးဖိုးကြာ၊ ဇနီးဖြစ်သူ ဒေါ်သင်း၊  ၂၅ နှစ်အရွယ် သမီး၊   ၁၆ နှစ် အရွယ် သားငယ်၊ ဆွေမျိုးများဖြစ်သော အသက် ၇ နှစ်အရွယ် မိန်းကလေး၊ အသက် ၅ နှစ်အောက်ဟု ယူဆရသည့် ကလေးတစ်ဦးတို့ဖြစ်သည်။

ဘုတလင်မြို့ဗန္ဓုလရပ်ကွက် ကုန်စုံဆိုင်ပိုင်ရှင်မိသားစုဝင် ၆ ဦး၏ အလောင်းများ။  (ဓာတ်ပုံ-ပေးပို့)  (အဖြူအမည်း)

ဘုတလင်မြို့၊ မုံရွာ-ရေဦးလမ်း နှင့် သဖန်းလမ်းဆုံရှိ အဆိုပါကုန်စုံဆိုင်ကို စစ်တပ်က   ချိုးဖျက်ဝင်ရောက်သွားခြင်းဖြစ်သည်ဟု ဘုတလင်ဒေသခံများက ပြောသည်။

“တံခါး ခေါက်တာကို ဖွင့်မပေးရလားဆိုပြီး သော့ဖျက်ပြီးဝင်ပြီး အထဲမှာ ရှိတဲ့သူတွေကို အကုန် သတ် သွားတာ။  လက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်သွားတာရှိတယ်။ ကလေးလေး (တစ်ဦး)ကိုလည်း ကိုင်ပေါက် တယ်လို့ ကောလဟလတော့ထွက်တယ်”ဟု ဘုတလင် ဒေသခံတစ်ဦးက ဆိုသည်။

ဒေသခံများ ပြသသည့် မှတ်တမ်း ဓာတ်ပုံများတွင်    အသက် ၅ နှစ်အောက် ကလေးတစ်ဦး မျက်နှာ ညာဘက်တွင် သွေးထွက် ဒဏ်ရာ တွေ့ရသည်။ 

ဘုတလင်မြို့ပေါ် ကုန်စုံဆိုင်မှ  သတ်ဖြတ်ခံရသူများ။ (ဓာတ်ပုံ – ပေးပို့) 

ယင်းမတိုင်မီ မြို့ပေါ်နှင့် မြို့အနီးဝန်းကျင် ရပ်ကွက်များကို ဝင်ချည်ထွက်ချည် စစ်ကြောင်းထိုးနေသည့် အဆိုပါ စစ်ကြောင်းက မြို့နှင့် ကပ်လျက်ရှိ မြောက်ကြည်ရွာကို အောက်တိုဘာ ၁၁ ရက်နေ့ ညပိုင်းက စီးနင်းခဲ့ပြီး ဒေသခံ ၇ ဦးထက် မနည်းကို သတ်ဖြတ်ကြောင်း သိရသည်။ 

ထို့နောက် ထိုရွာမြောက်ဘက်ရှိ တက်လှိုင်းရွာကို ဝင်ရောက်စီးနင်း၍ သက်ကြီးပိုင်းအမျိုးသားတစ်ဦး ကိုလည်း သတ်ဖြတ်ထားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ 

မြောက်ကြည်ရွာနှင့် တက်လှိုင်းရွာတဝိုက်တွင် မုံရွာအခြေစိုက်ထိုစစ်ကြောင်းက လှုပ်ရှားနေဆဲဖြစ်သဖြင့် ရုပ်အလောင်းများကို ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေးအင်အားစုက သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ 

စစ်တပ်ဖမ်းဆီးထားစဉ် ထွက်ပြေးလာသည့်သူတို့၏ ပြောဆိုချက် နှင့် မြေပြင်အချက်အလက်များ အရ သေဆုံးသည့်အရေအတွက်မှာ ထို့ထက်များပြားနိုင်သည်ဟု တော်လှန်ရေးအင်အားစုများက ယူဆ ကြသည်။

ထို့ပြင် စစ်တပ်ဝင်ရောက်စီးနင်းခဲ့ရာ လမ်းတလျှောက်ရှိ ကျေးရွာများမှ အမျိုးသမီးများ၊ သက်ကြီး ရွယ်အိုများ အပါအဝင် ပြည်သူ ၅၀ နီးပါးကို ဓားစာခံအဖြစ် စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိ ရသည်။

ဘုတလင်မြို့နယ်အတွင်း အရပ်သားများ ဒါဇင်နှင့်ချီ ဖမ်းဆီးသတ်ဖြတ်ခံနေရသည့် အခြေအနေနှင့် ပတ် သက်ပြီး မေးမြန်းနိုင်ရန် စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို Myanmar Now က ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်းမရှိသေးပေ။  

အရပ်သားများ သေဆုံးမှုမှာ ၎င်းတို့၏လက်ချက်မဟုတ်ဟု စစ်တပ်က ရံဖန်ရံခါ ထုတ်ပြန်တတ်သည်။

စက်တင်ဘာ ၂၃ ရက်နေ့  စစ်တပ် ထုတ်ပြန်ချက်တစ်ခုတွင်  စစ်တပ်က ဘုတလင်မြို့နယ် ကျွဲသေချောင်းရွာမှ  ရိက္ခာနှင့်ငွေကြေးများ ယူဆောင်သွားသည် ဟူသော သတင်းမှာ မှန်ကန်မှုမရှိဟု ဖော်ပြထားသည်။

စက်တင်ဘာလကုန်ပိုင်းက ဘုလင်နယ် ကူတော်ရွာမှ ပြန်လည်ဆုတ်ခွာလာသည့် အင်အား ၈၀ ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု မြို့နယ်ထဲမှ ပြန်အထွက် ချုံခိုတိုက်ခိုက်ခံရပြီး စစ်သား ၅၀ ခန့်လည်း လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့သည်။

ဘုတလင်မှ ဖမ်းမိရသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ (ဓာတ်ပုံ- ရတနာပုံတော်လှန်ရေးတပ်ဖွဲ့- YRF)

အထိနာသွားသည့် စစ်တပ်သည် လက်တုံ့ပြန်သည့်အနေဖြင့် ဘုတလင်နယ်ကို တကျော့ပြန် စစ်ကြောင်း ထိုးပြီး သတ်ဖြတ်နေခြင်း ဖြစ်သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“အရင်တုန်းက စစ်ကြောင်းထိုးမယ်ဆိုရင် ဘုတလင်ကနေ ကူတော်ကို တစ်နေ့တည်း အရောက်သွားတာ။ ခုကတော့ (ဝင်တဲ့) ရွာနဲ့တစ်ရွာနဲ့တစ်ရွာနီးနီးလေးတွေ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ပဲသွားရတဲ့ ရွာလေးတွေ။ အဲ့ဒီရွာတွေကို တစ်ရွာဝင်လိုက်၊ ညအိပ်လိုက်။ သက်သက်ကို …..ရည်ရွယ်ချက်ရှိရှိနဲ့ကို .. လုပ်နေတာ” 

အထက်ပါစစ်ကြောင်းရန်ကြောင့် မြို့အနောက်ဘက်နှင့် မြောက်ဘက် ကျေးရွာများဖြစ်သည့် တက်လှိုင်း၊ ငပယင်း၊ ပဲပြစ်တော၊ စီပါ၊ စိုင်ပြင်လေး၊ ဒါန်းတိုင်အပါအဝင် ကျေးရွာ ၁၀ ရွာ ဝန်းကျင်မှ ထောင်နှင့်ချီ သည့် ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

“အရင်တုန်းက စစ်ရှောင်ရပြီဆိုရင် တခြားရွာဘက်ကို သွားရှောင်တယ်။ ခုကျတော့ ကံသေကံမ ပြော မရဘူး။ တခြားရွာကို သွားရှောင်လည်း တခြားရွာကိုလေကြောင်းနဲ့ လာပစ် နိုင်တာကြောင့် အများစုက တောထဲမှာ ကိုယ်ထူကိုယ်ထပုံစံမျိုးနဲ့ရှောင်ကြတာ”ဟု အထက်ပါ ဘုတလင်ဒေသခံက ပြောသည်။ 

စစ်ဘေးရှောင် ရှစ်ထောင်နီးပါးအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအပါအဝင် ကျန်းမာရေး စောင့်ရှောက် မှုများ အဓိက လိုအပ်နေကြောင်း စစ်ရှောင်အရေး ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မုံရွာနှင့် မိုင် ၂၀ ခန့်သာကွာဝေးသည့် ဘုတလင်မြို့ တွင် မြို့ပေါ်နှင့် ကူတော်ရွာတို့တွင် စစ်တပ်က တပ်စွဲထားပြီး ကျန်နေရာအများစုမှာ တော်လှန်ရေးအင်အားစုက နယ်မြေစိုးမိုးထားသည်။

Show More

Related Articles

Back to top button