လုပ်ငန်းရပ်ဆိုင်းထားရသည့် မကွေးတိုင်း၊ စလေမြို့နယ်၊ အမှတ် (၁) ဓာတ်မြေဩဇာစက်ရုံမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်း ၂၄၇ ဦးကို စစ်ကောင်စီက အလုပ်မှ အပြီးထုတ်ပယ်လိုက်ကြောင်း မေ ၆ ရက်နေ့စွဲတပ် ရုံးတွင်း စာတစ်စောင်တွင် ဖော်ပြထားသည်။
အရှုံးပေါ်နေခဲ့သော နိုင်ငံပိုင်စက်ရုံများကို NLD အစိုးရလက်ထက်တွင် ရပ်ဆိုင်းခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းအောက်ရှိ စလေ ဓာတ်မြေဩဇာစက်ရုံလည်း ပါဝင်သည်။
သို့ရာတွင် စက်ရုံဝန်ထမ်းများကို လစာ ဆက်ပေးထားပြီး စက်ရုံ အကျိုးအမြတ်ရရှိရေး နည်းလမ်းရှာဖွေနေဆဲအခြေအနေတွင် အာဏာသိမ်းမှု ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု စက်ရုံဝန်ထမ်းတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုစက်ရုံရှိ ဝန်ထမ်း ၄၀၀ တွင် ထက်ဝက်ကျော်သည် စစ်ကောင်စီ၏ အမိန့်အာဏာကို ဖီဆန်သည့်အနေဖြင့် CDM ပြုလုပ်ခဲ့ကြရာ စစ်ကောင်စီက ၂၄၇ ဦးကို နိုင်ငံ့ဝန်ထမ်းဥပဒေ ဖောက်ဖျက်သည်ဟု အကြောင်းပြကာ အလုပ်ထုတ်လိုက်ခြင်း ဖြစ်သည်။
“ဦးသိန်းစိန်လက်ထက်၊ အရပ်သားတစ်ပိုင်းလက်ထက် ပုံမှန်ယန္တရားလည်ပတ်နေတာတောင် ဆုံးဖြတ်ချက်အမှားတွေနဲ့။ ပုံမှန် ယန္တရားမလည်ပတ်နိုင်တဲ့ စစ်အုပ်ချုပ်ရေးဆိုရင်တော့ ကောင်းလာစရာအကြောင်း မရှိတော့ဘူး” ဟု CDM လုပ်သော လုပ်သက်၁၀ နှစ်ကျော်ရှိ စက်ရုံဝန်ထမ်းတစ်ဦးက ပြောသည်။
စစ်အုပ်ချုပ်ရေးသို့ ပြန်ရောက်ပါက လူငယ်မျိုးဆက်များ နာလန်မထူနိုင်ဘဲ မိုးကျရွှေကိုယ် (စစ်ဘက်မှ ပြောင်းရွှေ့လာသောသူများ) က နေရာယူသောကြောင့် ပညာတတ်ပြီး အရည်အချင်းရှိသည့် အင်ဂျင်နီယာများ နေရာကောင်းရရန် ခက်ခဲလာမည်ဖြစ်၍ အာဏာသိမ်းခြင်းကို ဆန့်ကျင်ရကြောင်း ၎င်းက ဆက်ပြောသည်။
ရပ်ဆိုင်းခံရသော စက်ရုံမှ ဝန်ထမ်းများ၏ CDM ပြုလုပ်ခြင်းက စစ်ကောင်စီကို ထိခိုက်နိုင်စွမ်းမရှိမှန်း သိရှိသော်လည်း ပညာရေး၊ ကျန်းမာရေးနှင့် ဘဏ်ဝန်ထမ်း CDM များနှင့်အတူ ရပ်တည်ကြောင်း၊ တစ်သဘောတည်းရှိကြောင်းကို ပြလို၍ CDM ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
လုပ်ငန်းရပ်ထားသော စက်ရုံမှ ဝန်ထမ်းဖြစ်နေ၍ ၎င်းတို့ကို အလုပ်ထုတ်လိုက်သော်လည်း စစ်ကောင်စီက အစားထိုးပြန်ခန့်လိမ့်မည်မဟုတ်ကြောင်း ဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။
ထိုစက်ရုံမှ ဝန်ထမ်းများက မြောင်းတကာ အမှတ် (၄) ဓာတ်မြေဩဇာစက်ရုံကဲ့သို့ လည်ပတ်နေသည့် စက်ရုံများသို့ အလှည့်ကျ သွားရောက်အလုပ်လုပ်ခဲ့ရသည်ဟု ပြောသည်။
လုပ်သက် ၂၂ နှစ်ရှိပြီ ဖြစ်သည့် ဝန်ထမ်းအမျိုးသမီးတစ်ဦးက ခေတ်အဆက်ဆက်တွင် လာဘ်ထိုးသူများသာ ရာထူးတိုး၊ နေရာရပြီး အမှန်တကယ်အရည်အချင်းရှိသူများ နေရာမရသည့် အုပ်ချုပ်ရေးစနစ်ကို ပြန်မသွားလိုတော့ဘဲ ဒီမိုကရေစီအုပ်ချုပ်ရေးမျိုး လိုချင်သည်ဟု ပြောသည်။
“နိုင်ငံရေးနားမလည်ဘူး။ ဒီစနစ်ကြီးကို မကြိုက်လို့ CDM လုပ်တာ။ ကျွန်မကတော့ အဆုံးထိသွားမယ်။ ဒီစနစ်ကြီးကို မုန်းလို့ ပြန်မဝင်ဘူး။ ငတ်ရင်ငတ်ပါစေ” ဟု ၎င်းက ဆိုသည်။
၎င်းစက်ရုံမှ ဝန်ထမ်းအများစုသည် အာဏာသိမ်းသည့် ဖေဖော်ဝါရီလကတည်းက CDM ပြုလုပ်ခဲ့ကြ၍ သုံးလကြာအောင် လစာရရှိခြင်း မရှိဘဲ မြို့တွင် နေထိုင်သူများက ကူညီပေးသည့် တစ်လ ကျပ်တစ်သောင်းခန့်၊ ဆီ၊ ဆန်လှူဒါန်းမှု တို့ဖြင့်သာ မိသားစုစားဝတ်နေရေး ဖြေရှင်းရသဖြင့် အလွန်ကျပ်တည်းနေကြောင်း ပြောပြကြသည်။
မေ ၆ တွင် အလုပ်မှ တရားဝင်ထုတ်ပယ်လိုက်ပြီ ဖြစ်၍ မေ ၂၀ တွင် ဝန်ထမ်းအိမ်ရာမှ ဖယ်ရှားပေးရတော့မည် ဟု CDM ဝန်ထမ်းများက ပြောသည်။ အကူအညီပေးမှုများရှိသော်လည်း CDM ပြုလုပ်သော ဝန်ထမ်းအင်အားထက် နည်းပါးလွန်းနေသည်ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။
နေရေးစားရေးခက်ခဲသဖြင့် ဓာတ်မြေဩဇာစက်ရုံမှ CDM ဝန်ထမ်း ၃၀ ဦးခန့်မှာ အလုပ်ပြန်ဝင်ကြကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ မရတော့ဘူး။ ယာယီမဟုတ်ဘူး။ ထုတ်ပယ်ဖြစ်သွားပြီ။ ဒီအသက်ဒီအရွယ်နဲ့ ဒီအလုပ်တွေ လုပ်ပြီးသွားပြီ။ အလုပ်ပြုတ်မှာလည်း သိတယ်။ အိမ်ခန်းဖယ်ရမှာလည်း သိတယ်။ ယုံကြည်လို့လုပ်တာ။ လုပ်ကတည်းက နိုင်မယ်မှန်း သိတယ်။ မနိုင်လို့ ရှုံးရင်လည်း နောင်တမရဘူး အဲဒါ အဆုံးထိပြောတာ” ဟု လုပ်သက်ရင့် ဝန်ထမ်းတစ်ဦးက ပြောသည်။
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံမှ အရာထမ်း/အမှုထမ်း ဝန်ထမ်း ၆၆ ဦးကိုလည်း နိုင်ငံ့ဝန်ထမ်းဥပဒေအရဟုဆိုကာ ဧပြီ ၂၈ ညနေပိုင်းမှစ၍ ထုတ်ပယ်ကြောင်း မေ ၄ တွင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံပိုင်စက်ရုံများကြောင့် ဆုံးရှုံးမှုသည် ၂၀၁၆ အတွင်း ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရှိခဲ့ကြောင်း The Economist စာစောင်က ဆောင်းပါးရေးသားခဲ့သည်။
အရှုံးပေါ်နေသော နိုင်ငံပိုင်စက်ရုံများကို ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ဈေးချိုချိုဖြင့် ငှားရမ်းခဲ့ပြီး ထိုလုပ်ငန်းရှင်များလက်အောက်သို့ လွှဲပြောင်းအလုပ်လုပ်ရသည့် နိုင်ငံ့ဝန်ထမ်းအများအပြား ဒုက္ခရောက်ခဲ့သည်။
လက်ရှိအချိန်တွင် ပညာရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ သစ်တောအပါအဝင် CDM တွင် ပါဝင်နေသော နိုင်ငံ့ဝန်ထမ်းအများအပြားကို မေလဆန်းမှစ၍ စစ်ကောင်စီက အလုပ်မှ ယာယီရပ်ဆိုင်းခြင်း၊ အပြီးထုတ်ပယ်ခြင်းများ ပြုလုပ်နေသည်။



