အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှမ်းမြောက်တွင် အပြင်းအထန်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၂၀၀ ကျော်ရှိ 

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်များအကြား ယမန်နေ့ (မေ ၄) ကတည်းက တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိရာ ထွက်ပြေးတိမ်းရှောင်နေရသူ ၂၀၀ ကျော်ရှိကြောင်း သိရသည်။ 

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် ကချင်လွတ်‌မြောက်ရေးတပ်မတော်(KIA)၊ တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) တို့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ကွတ်ခိုင်မြို့နယ်အတွင်း ယမန်နေ့ကတည်းက ယနေ့ (မေ ၅) အထိ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ 

တိုက်ပွဲဖြစ်ပွားရာမှ ဒေသခံ ၂၀၀ ကျော်သည် ကွတ်ခိုင်မြို့ တိုးဂိတ်အနီးရှိ ပြည်လုံးချမ်းသာကျောင်းတိုက်တွင် လာရောက်ခိုလှုံနေရသည်ဟု ကျောင်းပျဉ်ရွာမှ ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးက Myanmar Now ကို ပြောသည်။

“ကျွန်မတို့ရွာက ရွာနာမည် အတည်တကျမရှိသေးဘူး။ အရင်ကလည်း စစ်ပြေးနေရတာ။ အခုနေရာမှာ တစ်နှစ်လောက်ပဲ ရှိသေးတယ်။ အခု ရွာနားမှာ အပစ်အခတ်ရှိပြီဆိုတော့ ဘုန်းကြီးကျောင်းထဲမှာ ဝင်နေနေကြတာပေါ့” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

လက်ရှိ ပြည်လုံးချမ်းသာကျောင်းတိုက်၌ ခိုလှုံနေကြရသူများသည် ကွတ်ခိုင်မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ထွက်ပြေးလာသူများဖြစ်ပြီး လတ်တလော စားဝတ်နေရေးအခက်အခဲရှိသည်ဟု သိရသည်။ 

ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျေးရွာများအနီးသို့ အာဏာသိမ်းစစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။

“ဒီနေ့ကတော့ တိုက်ပွဲသတင်းတက်လာတာတော့ မရှိသေးဘူး။ ဒါပေမယ့် ကွတ်ခိုင် (အခြေစိုက်) တပ်ကတော့ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ရွာတွေကို လျှောက်ပစ်နေတယ်လို့တော့ သတင်းတက်လာတယ်”ဟု ၎င်းက ပြောသည်။

ယမန်နေ့ ညနေပိုင်းက ကွတ်ခိုင်မြို့နယ် မန်လုံ၊ မန်ပန်ကျေးရွာများအနီးတွင် TNLA နှင့် MNDAA ပူးပေါင်းအဖွဲ့သည် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

အဆိုပါတိုက်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီဘက်က ထိုးစစ်ဆင်လာသဖြင့် ပြန်လည်တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။

KNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရှမ်းမြောက်တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ၎င်းအနေဖြင့် မသိရှိရသေးကြောင်း Myanmar Now ကို ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် ရှမ်းမြောက်ဒေသတွင်သာမက ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button