အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နာမည်ပျက် မှုခင်းသတင်းထောက်အသင်းဥက္ကဋ္ဌ သတင်းမီဒီယာကောင်စီဝင်ဖြစ်လာ 

အာဏာသိမ်းစစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားသည့် သတင်းမီဒီယာကောင်စီ၌ သတင်းထောက်အမည်ခံကာ ခြိမ်းခြောက်ငွေညှစ်မှုများကြောင့် အရေးယူခံရဖူးသည့် မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း (MCRA) ဥက္ကဋ္ဌ သက်နိုင်ဦးဆိုသူ ပါဝင်လာသည်။ 

မှုခင်းသတင်းထောက်အသင်းဝင်အချို့သည် ရဲတပ်ဖွဲ့ဝင်များကဲ့သို့ ဆင်တူယိုးမှားဝတ်စုံများ ဝတ်ဆင်ကာ အရပ်သားပြည်သူများကို ခြိမ်းခြောက်ငွေညှစ်ခြင်းများ ရှိနေသည့်အတွက် ဦးသက်နိုင်ဦးဦးဆောင်သော မှုခင်းသတင်းထောက်များအသင်းကို သတင်းမီဒီယာကျင့်ဝတ်နှင့် စည်းကမ်းများ လိုက်နာခြင်းမရှိသည့် အဖွဲ့အဖြစ် သတင်းမီဒီယာကောင်စီက ၂၀၁၈ ဇွန်လဆန်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင် ၂၄ ဦး နုတ်ထွက်ခဲ့သဖြင့် စစ်ကောင်စီက အဖွဲ့ဝင်သစ်များဖြင့် စိတ်ကြိုက်ပြန်လည်ဖွဲ့စည်းခဲ့သည်။ 

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့စိတ်ကြိုက်ရွေးချယ်ထားသည့် ပုဂ္ဂိုလ် ၁၁ ဦးဖြင့် သတင်းမီဒီယာကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့ရာတွင် နာမည်ပျက်ရှိသူအဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားသည့် မှုခင်းသတင်းထောက်များအသင်းဥက္ကဋ္ဌ သက်နိုင်ဦးဆိုသူ ပါဝင်လာခြင်းဖြစ်သည်။  

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မီဒီယာလောကအတွက် အကျိုးထက် အဆိုးဖြစ်စေမယ့် ကောင်စီရွေးချယ်ဖွဲ့စည်းပုံ ဖြစ်နေတာကြောင့် ဘာမှအရေးတယူ မှတ်ချက်ပေးစရာ မရှိပါ” ဟု သတင်းမီဒီယာကောင်စီအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဦးဇေယျာလှိုင်က ပြောသည်။

စစ်ကောင်စီ၏ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်ဖြစ်လာသည့် ဦးသက်နိုင်ဦး ဦးဆောင်ဖွဲ့စည်းထားသည့် မှုခင်းသတင်းထောက်များအသင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ဇွန်လတွင် ပြည်ထောင်စု မှတ်ပုံတင်ရေးအဖွဲ့က အသင်းအဖွဲ့မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခဲ့သည်။ 

မှုခင်းသတင်းထောက်များအသင်း၏ သတင်းမီဒီယာကျင့်ဝတ်ဖောက်ဖျက်မှုများနှင့် ပတ်သက်၍ ၂၀၂၀ ဇွန်လအတွင်း ဦးသက်နိုင်ဦးကိုယ်တိုင် သတင်းမီဒီယာကောင်စီကို လာရောက်ရှင်းလင်းခဲ့သည်။ 

ထိုစဉ်က ၎င်း၏အဖွဲ့ကို စည်းကမ်းနဲ့ ကြပ်မတ်ထိန်းကျောင်းမည်ဟု ဝန်ခံကတိပြုခဲ့သော်လည်း နောက်တစ်လခန့်အကြာတွင် လားရှိုးမြို့၌ ပြည်သူကို ခြိမ်းခြောက်ငွေညှစ်သည့် MCRA လက်အောက်ခံ နေပြည်တော်တိုင်းမ်သတင်းဂျာနယ်မှ သတင်းထောက်နှစ်ဦး ဖမ်းဆီးအမှုဖွင့်ခံခဲ့ရသည်။

အရပ်သားအချို့ကို ခြိမ်းခြောက်ငွေတောင်းခံနေသည် မှုခင်းသတင်းထောက်အဖွဲ့ဝင်နှစ်ဦးကို စကားပြောစက်၊ ရဲတပ်ဖွဲ့သုံးလက်ထိတ်တစ်ခုနှင့်အတူ ဖမ်းဆီးရမိခဲ့သည့်အတွက် လားရှိုးမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ-၃၈၈/၃၄၂/ ၅၀၆/ ၁၇၀/၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

သတင်းမီဒီယာကောင်စီတွင် ထိုသို့ နာမည်ပျက်ရှိသော မှုခင်းသတင်းထောက်များအသင်းဥက္ကဋ္ဌ ပါဝင်လာခြင်းနှင့် ပတ်သက်၍ အမည်မဖော်လိုသူ သတင်းသမားတစ်ဦးကလည်း “မီဒီယာကောင်စီက ဘာမှ ကူညီပေးနိုင်တာ မရှိဘူး။ ပြီးတော့ ဩဇာသက်ရောက်မှုကလည်း ဘာမှမရှိရတဲ့ကြားထဲ အခုလိုအခြေအနေမှာ ဒီလိုလူတွေနဲ့ပြန်ဖွဲ့တာက မီဒီယာကောင်စီရဲ့ပုံရိပ်ကလည်း ပိုပြီးတော့ ကျသွားနိုင်တယ်”ဟု ပြောသည်။ 

ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် ‘အာဏာသိမ်းအစိုးရ’၊ ‘စစ်အစိုးရ’၊ ‘စစ်ကောင်စီ’ ဟု သုံးနှုန်းခြင်းမပြုရန် စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်ခဲ့သည်။ ထို့နောက် သတင်းဌာနများ၏ ရုံးခန်းကို ဝင်ရောက်စီးနင်းသည့်အပြင် သတင်းများကိုလည်း ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီက ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းခဲ့သည့် သတင်းဌာန ၈ ခုအထိ ရှိလာပြီဖြစ်ကာ ဖမ်းဆီးခံခဲ့ရသည့် သတင်းသမား ၈၀ ကျော်အထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ ဖမ်းဆီးခံရသည့် သတင်းသမားများအနက် အချို့ မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles